လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ပေ ၁၀၀၀ ကျော်မြင့်သည့် မတ်စောက်သော ပင်လယ်ကမ်းပါးကို လက်ဗလာဖြင့် တွယ်တက်ပြီး စံချိန်တင်



နာမည်ကျော် တောင်တက်သမား ဒေ့ဗ်မက်လီယော့သည် ကမ္ဘာပေါ်တွင် တွယ်တက်ရန် အခက်အခဲဆုံး ကမ်းပါးဟုဆိုကြသော စကော့တလန်၊ ဟွိုင်ကျွန်းမှ ပေ ၁၀၀၀ ကျော်မြင့်သည့် St John's Head ကမ်းပါးကို လက်ဗလာဖြင့် တွယ်တက်ပြီး စံချိန်တင်ခဲ့ကြောင်း သိရသည်။
ပြန်လန်ကျပါက အောက်သို့ ပြုတ်မကျစေရန် လုံခြုံရေးကြိုးကို တက်ခဲ့သည့် လမ်းကြောင်းတစ်လျောက် ချိတ်ဆက်ထားရှိခဲ့သည်မှလွဲပြီး အပေါ်သို့တက်ရာတွင် လက်နှင့်ခြေထောက်ကိုသာ အသုံးပြု တွယ်တက်ခဲ့ခြင်း ဖြစ်သည်။
အသက် ၃၃ နှစ်ရှိပြီဖြစ်သည့် ဒေ့ဗ်က ''အဓိကအခက်အခဲကို ပြောရမယ်ဆိုရင် ရောက်ခါနီးအချိန်ပါပဲ။ ကမ်းပါးရဲ့အောက်ခြေကို ရောက်ဖို့က သုံးနာရီလောက် အချိန်ယူရပါတယ်။ ပေ ၁၂၀၀ လောက်မြင့်တဲ့ ကမ်းပါးကိုတက်ဖို့ကြတော့ ၁၀ နာရီ လောက် ကြာပါတယ်။ လက်တွေခြေတွေ အားကုန်သလောက်ဖြစ်နေတဲ့အချိန်မှာ လက်ကိုင်စရာ သိပ်မရှိ၊ အကာအကွယ်မရှိတဲ့ လန်နေတဲ့နံရံကြီးမှာ ခြေလှမ်းနှစ်ရာလောက် ထပ်တက်ဖို့က တော်တော်ခက်ခဲခဲ့ပါတယ်'' ဟုပြောကြားခဲ့သည်။
''ကြိုးနဲ့ဂီယာကို ပြုတ်ကျတာကနေ ကာကွယ်ဖို့ပဲ သုံးတာပါ။ အလွတ်တက်တယ်ဆိုတာက တောင်တက်ဂီယာကို ပြုတ်မကျအောင် ကာကွယ်ဖို့ပဲသုံးပြီး တောင်တက်တဲ့နေရာမှာ အထောက်အကူဖြစ်ဖို့ မသုံးတာပါပဲ။ ၁၉၇၀ လောက်တုန်းကတော့ အလွတ်တက်တယ်ဆိုပေမဲ့ ဆူး ထောက်တွေကိုသုံးပြီး အဲဒါအားကိုးနဲ့ ပိုမြန်မြန်ရောက်အောင် တက်ကြတာမျိုး ရှိပါတယ်။ အခု အလွတ်တက်တယ်ဆိုတာက ကျောက်ဆောင်ပေါ်မှာ အပေါ်ရောက်အောင်လက်နဲ့ ခြေကိုပဲ သုံးရတာပါ''ဟု ဒေ့ဗ်က တောင်တက်စည်းမျဉ်းများကို ရှင်းပြခဲ့သည်။
St John's Head ကမ်းပါးသည် လေတိုက်နှုန်းပြင်းခြင်း၊ မိုးရွာသွန်းမှုရှိခြင်းနှင့် အထက်ကိုလန်တက်နေသော ကမ်းပါးပုံစံကြောင့် ကမ္ဘာပေါ်တွင် တွယ်တက်ရ အခက်ဆုံးကမ်းပါးများထဲမှ တစ်ခုအဖြစ် ပါဝင်သည်။
ဒေ့ဗ်ကို ဓာတ်ပုံရိုက်ကူးပေးခဲ့သူ လူကတ်ဇ်ဝါဇက်ချာ ကိုယ်တိုင်သည်လည်း ကမ်းပါးတွင် ကြိုးများဖြင့် တွဲလောင်းဆင်းကာ ရိုက်ကူးခဲ့ရခြင်းဖြစ်သည်။

မူရင်းလင့် (Eleven)

1 comment:

ရင်ဆူး said...

ကြောက်စရာ လန့်စရာဘဲ ....သူမို့ မကြောက်မရွ့

Related Posts Plugin for WordPress, Blogger...