လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ကံသုံးပါးနဲ့ပတ်သတ်၍

အရှင်ဆန်နီနေမင်း အမေးအဖြေများ ထဲက သိသင့်တာလေးကို ပြန်ပြီးဝေမျှလိုက်ပါတယ်...။

မေး။ ။ ကံသုံးပါးထဲတွင် မနောကံသည် အပြစ်အကြီးဆုံးဟု မြတ်စွာဘုရားမှ ဟောကြားထားသည်ကို မရှင်းလင်းပါသဖြင့် ဂရုဏာရှေ့ထား၍ ဖြေကြားပေးစေလိုပါသည်ဘုရား။ တပည့်တော်၏ သာမာန်အမြင်မှာ ကာယကံသည် မနောကံထက် အပြစ်ကြီးသည်ဟု မြင်မိလို့ပါဘုရား။ စိတ်ဖြင့် ပြစ်မှားခြင်းသည် ကိုယ်ထိလက်ရောက် (ကာယကံမြောက်) ပြစ်မှားသည်လောက် အပြစ်မကြီးဟု ယူဆမိသောကြောင့်ပါဘုရား။ 


ဖြေ။ ။ မေးထားတာကို နှစ်မျိုးခွဲပြောရမှ ရှင်းမှာမို့ (၂)မျိုးခွဲ ဖြေပေး ပါမယ်။ စောင့်ထိန်းခြင်းသီလဆိုင်ရာတွင် ရဟန်းသံဃာများအတွက် ၀ိနည်းသီလမှာ စိတ်ဆိုတဲ့မနောကံနဲ့ ကျုးလွန်မိရင် အပြစ်မရှိသလို လူတို့စောင့်ထိန်းနေတဲ့ သီလများတွင်လည်း စိတ်နဲ့ကျုးလွန်ခြင်းကြောင့် သီလမပျက်၊ သီလမကျိုးပါ။ တကယ်လို့သာ မနောကံကြောင့် သီလပျက်မယ်ဆို ရဟန်းသံဃာများမှာလည်း မနောကံပြစ်မှားခြင်းတွေ ရှိနေမှာမို့ သီလပျက်သူတွေ များနေနိုင်သလို လူတွေမှာလည်း သီလလုံခြုံတဲ့လူ နည်းနေမှာပါ။ ဒါကြောင့် မြတ်ဗုဒ္ဓက ရဟန်းသံဃာများဆိုင်ရာ ၀ိနည်းစည်းကမ်းမှာ မနောဒွါရေ အနာပတ္တိ-မနောကံကြောင့် အာပတ်မသင့်လို့ မိန့်တော်မူခဲ့ပါတယ်။ အဲဒီလိုပါပဲ လူတွေသီလစောင့်ထိန်းတဲ့အခါမှာလည်း စိတ်နဲ့ထမင်းစားခြင်း၊ အရက်သောက်ခြင်းများအတွက် သီလမပျက်ပါ။

ရှင်းအောင်ပြောရရင် စောင့်ထိန်းခြင်းသီလတွင် မနောကံကြောင့် အပြစ်မဖြစ်ဘဲ၊ ကျင့်သုံးခြင်းသီလတွင် မနောကံပါမှ အပြစ်ရှိတာကြောင့် မနောကံဟာ ကျင့်သုံးခြင်းသီလအတွက်ဆို စောင့်ထိန်းဖို့ အရေးကြီးဆုံး ဖြစ်ပါတယ်။ ဥပမာ-လမ်းသွားရင်း သတ္တ၀ါတစ်ကောင်ကောင်ကို တက်နင်းမိလို့ သေသွားတဲ့အခါ စိတ်မပါတဲ့အတွက် အပြစ်မရှိပါ။ သို့သော် သူတစ်ပါးမကောင်းကျိုးဖြစ်အောင် ကျုးလွန်မှုလုပ်တော့မဲ့အရာများတွင် စိတ်ကနေစတင်ကြံစည်ရတဲ့ အတွက် မနောကံဟာ အဓိကပထမကျုးလွန်ခြင်းဖြစ်လို့ အပြစ်ကြီးဆုံးနေရာကို ရောက်သွားရပါတယ်။

ဓာတ်လိုက်ခြင်းဖြစ်တာဟာ လျှပ်စစ်မီးလာနေလို့ ဓာတ်လိုက်ခြင်းဆိုတာ ဖြစ်နေတာပါ။ တကယ်လို့ မီးခလုတ်ဆိုတဲ့ မိန်းကသာ လျှပ်စစ်မီးပိတ်ထားမယ်ဆိုရင် ဓာတ်မလိုက်နိုင်ပါဘူး။ အဲဒီလိုပါပဲ ကိုယ်ကျင့်တရားပျက်စီးတဲ့ သူခိုး၊ ဓါးမြ၊ မုဒိန်းကောင်၊ အရက်သမားစတာတွေဖြစ်ရတာဟာလည်း စိတ်ဆိုတဲ့မနောကံက အရင်ကြံစည်မှုမှားခဲ့လို့ရယ်၊ အဲဒီစိတ်ကို မတားဆီး မထိန်းချုပ်နိုင်လို့ရယ်။ ဘယ်လိုထိန်းချုပ်ရမယ်ဆိုတဲ့ အသိဉာဏ်ပညာ ဗဟုသုတခေါင်းပါးမှုတွေရယ်ကြောင့် ဖြစ်ရတာပါ။ အဲဒီတော့ အကုသိုလ်အပြစ်တစ်ခုဖြစ်ပြီဆိုရင် စိတ်ပါမှ အပြစ်ဖြစ်တဲ့အတွက် စိတ်ဟာ အဓိကကျပါတယ်။

နိဂုံးချုပ်အနေနဲ့ မှတ်ထားရမှာကတော့ မနောကံဟာ ကြံစည်ခြင်း၊ အယူမှားခြင်းတစ်ခုသာရှိတဲ့ မိစ္ဆာဒိဋ္ဌိအယူမှားခြင်းမှာတော့ မနောကံဟာ အပြစ်အကြီးဆုံးဆိုတာရယ်၊ သီလစောင့်ထိန်းခြင်းတွင် မနောကံကြောင့် သီလမပျက်ဘူးဆိုတာရယ်။ ကိုယ်ကျင့်တရားကျုးလွန်းခြင်းဖြစ်တဲ့ သူတစ်ပါးပစ္စည်းခိုးခြင်းစတာတွေမှာ မနောကံက အရင်ကြံစည်မိတာကြောင့် အရေးကြီးဆုံး စောင့်ထိန်းဖို့ လိုတယ်ဆိုတာရယ်၊ ကံသုံးပါးလုံး ကျုးလွန်မှုဖြစ်လာတဲ့အခါမှာတော့ ကာယကံဟာ အပြစ်ကြီးဖြစ်သွားတယ်ဆိုတာရယ်။ ဘာဖြစ်လို့လဲဆိုတော့ ဥပမာ-မိဘသတ်ခြင်းစတဲ့ ပဉ္စာနန္တရိယကံမျိုးမှာ မနောကံနဲ့မကဘဲ ကာယကံနဲ့ပါလုပ်မိမယ်ဆိုရင် မနောကံထက် ကာယကံက ပိုအပြစ်ကြီးသွားတယ်ဆိုတာတွေကို မှတ်ထားဖို့ပါပဲ။

No comments:

Related Posts Plugin for WordPress, Blogger...