လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

မြောက်ကိုရီးယား နိုင်ငံ၏ စစ်စွမ်းအား

Source; Defencetalk. 20 Dec, 2011.

၂ဝ၁၁ ခုနှစ် ဒီဇင်ဘာလ ၁၇ ရက်နေ့က မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအီ နှလုံး ရောဂါဖြင့် သေဆုံးပြီး နောက်ပိုင်း ၎င်း၏ အရိုက်အရာကို ဆက်ခံမည့် တတိယမြောက်သား ကင်ဂျုံအွန် (အသက် ၂၇ နှစ်)သည် နျူကလီးယား လက်နက်ငယ်များ၊ ဓာတုဗေဒ လက်နက်များနှင့် အမြောက်များဖြင့် ပြည့်နှက်နေ သည့် ကြီးမားသော တပ်မတော်နှင့် အတူ စီးပွားရေး ချွတ်ခြုံကျ၍ အထီးကျန်နေသော နိုင်ငံကို အမွေ ဆက်ခံ ရရှိသွားမည် ဖြစ်ပါသည်။

        မြောက်ကိုရီးယား စစ်တပ်သည် နျူလက်နက်၊ ဓာတုနှင့် ဇီဝလက်နက်များကို ပိုင်ဆိုင် ထားသည်ဟု လေ့လာသူ ပညာရှင် အများစုက ယူဆထားပြီး တိုင်းပြည် ဆင်းရဲမွဲတေ နေသည့်ကြားမှ ၎င်းနိုင်ငံ၏ နှစ်စဉ် ကာကွယ်ရေး အသုံးစရိတ်မှာ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၇ ဘီလီယံခန့် ရှိမည်ဟု ယူဆ ရပါသည်။

နျူကလီးယား လက်နက်များ


      မြောက်ကိုရီးယား နိုင်ငံသည် Atomic ခေါ် နျူလက်နက်များ ၆ ခုမှ ၇ ခုအထိ ထုတ်လုပ်ရန် လုံလောက်သော ပလူတိုနီယံများ ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း နိုင်ငံတကာက ယူဆ ထားပါ သည်။ သို့သော် လက်ရှိ အခြေအနေတွင် မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် ၎င်းတို့၏ ဒုံးကျည်များ၌ တပ်ဆင်ရန် အတွက် နျူထိပ်ဖူးများ အမှန်တကယ် ထုတ်လုပ်နိုင်စွမ်း ရှိ/မရှိမှာ သေချာ ရေ ရာခြင်း မရှိသေးဘဲ လေ့လာ ဆန်းစစ် သူများကမူ အဆိုပါ အခြေအနေသို့ ရောက်လုနီးပါး ဖြစ်သည်ဟု ယုံကြည် ထားပါသည်။

ဒုံးကျည်များ

မြောက်ကိုရီးယား နိုင်ငံသည် အမျိုးအစား ပေါင်းစုံ ပါဝင်သော ဒုံးကျည် အရေအတွက်ပေါင်း အနည်းဆုံး ၁ဝဝဝ ကျော် ပိုင်ဆိုင် ထားရှိပြီး ထိုအထဲတွင် အကွာအဝေး ကီလိုမီတာ ၃ဝဝဝ ကျော် (၁၈၆ဝ မိုင်) ပစ်ခတ် နိုင်သည့် ဒုံးကျည်များလည်း ပါဝင်ကြောင်း တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားထား ပါသည်။ ထို့ပြင် Taepodong တိုက်ချင်းပစ် ဒုံးကျည် ၃ စင်းကို လည်း စမ်းသပ် ပစ်ခတ်ပြီး ဖြစ်ကြောင်း သိရ ပါသည်။

ဓာတုနှင့် ဇီဝလက်နက်များ

          အမေရိကန်နှင့် မဟာမိတ် အဖွဲ့များမှ စစ်ရေး အစီအစဉ် ရေးဆွဲသူများက တောင်ကိုရီးယား နိုင်ငံ အနေဖြင့် မြောက်ကိုရီးယားသို့ သမားရိုးကျ စစ်ပွဲ ပုံစံအရ စီးနင်း တိုက်ခိုက်နိုင်စွမ်း ရှိကြောင်း ယုံကြည် ထားသော်လည်း အကယ်၍ တိုက်ခိုက် ခဲ့ပါက ပြုံယမ်းဘက်မှ ဓာတုနှင့် ဇီဝလက်နက်များ မည်သို့မည်ပုံ အသုံးပြုလာမည် ဆိုသည့် အချက်ကို စိုးရိမ် ပူပန်လျက် ရှိပါသည်။

          မြောက်ကိုရီးယား နိုင်ငံသည် ဓာတု လက်နက်ပေါင်း တန်ချိန် ၂၅ဝဝ မှ ၅ဝဝဝ အထိ ပမာဏ အများအပြား သိုလှောင် ထားရှိကြောင်း ဆိုးလ်ကာကွယ်ရေး ဝန်ကြီးဌာနနှင့် အခြားေ သာ လေ့လာသူများက ခန့်မှန်း ပြောကြားထားပြီး ထိုအရေ အတွက်သည် တောင်ကိုရီးယား နိုင်ငံအား ကြောက်မက်ဖွယ် ကောင်းအောင် သေကြေ ပျက်စီးမှုများ ဖြစ်ပေါ်စေရန် လုံလောက်ပါ သည်။ ဓာတု ပစ္စည်းများကို တာဝေးပစ် အမြောက်များ၊ ဒုံးပစ် လောင်ချာများနှင့် ပဲ့ထိန်း ဒုံးများတွင် ထည့်သွင်း တပ်ဆင်၍ လေယာဉ်နှင့် ရေတပ် သင်္ဘောများပေါ်မှ ဖြန့်ဖြူး ပစ်ခတ်နိုင်ကြောင်း သိရပါသည်။

          မြောက်ကိုရီးယား နိုင်ငံသည် ဇီဝလက်နက် စီမံကိန်းကိုလည်း ပိုင်ဆိုင် ထားရှိပြီး လက်ရှိအချိန် တွင်မူ အစိုးရ အနေဖြင့် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု အဆင့်ထက် ကျော်လွန်ခြင်း ရှိ/ မရှိကို အသေ အချာ မပြောနိုင်သေးကြောင်း လေ့လာသူများက ဆိုထားပါသည်။ ပြုံယမ်း အနေဖြင့် ထောင့်သန်းပိုး (Anthrax)၊ အစာ အဆိပ်သင့်ပိုး  (Botulism)အစရှိသည့် ဇီလက်နက် များနှင့် အရေပြား လောင်ကျွမ်းစေ နိုင်သည့် အဆိပ်ဓာတ်ငွေ့(Mustard Gas)၊ Sarin  နှင့် Phosgene ကဲ့သို့သော ဓာတုပိုးမွှား လက်နက်များ ကို ပိုင်ဆိုင်ထားပြီ ဖြစ်ကြောင်း ယူဆ ရပါသည်။

လူစွမ်းအား

          အသက် ၁၇ နှစ်မှစ၍ စစ်မှုမထမ်း မနေရ စနစ်ဖြင့် စစ်မှု ထမ်းရပြီး လက်ရှိ တပ်မတော် အင်အား မှာ ၁.၂ သန်းခန့် ရှိပါသည်။ သို့သော် အရေးကြုံ လာပါက စစ်ပွဲ ဝင်နိုင်သည့် တစ်နိုင်ငံလုံး အရန် စစ်အင် အားမှာ ၇.၇ သန်းခန့် ရှိပါသည်။

ကြည်းတပ်စွမ်းအား

          မြောက်ကိုရီးယား ကြည်းတပ်သည် လက်နက်ကြီးများအား ဆိုးလ်ဘက်သို့ ချိန်ရွယ်၍ တပ်အခင်း အကျင်းကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ကြက် ထားရှိကြောင်း သိရပါသည်။ လက်နက်များ တွင် အဓိက တိုက်ပွဲဝင် တင့်ကား ၃၅ဝဝ၊ အပေါ့စား တင့်ကား ၅၆ဝ၊ လူတင် သံချပ်ကာယာဉ် ၂၅ဝဝ၊ စက် အမြောက် တပ်ဆင်ထားသော နောက်တွဲယာဉ် ၃၅ဝဝ၊ ရွေ့လျား ပစ်ခတ်နိုင်သော အမြောက်လက်နက် (Self-Propelled Artillery) ၄၄ဝဝ၊ ဒုံးပစ်လောင်ချာ ၂၅ဝဝ၊  စိန်ပြောင်း ၇၅ဝဝ၊ အရေအတွက် မသိရသော တင့်ဖျက် ပဲ့ထိန်းလက်နက်၊ နောက်ပွင့်လောင်ချာ ၁၇ဝဝ၊  လေေ ကြာင်းရန် ကာကွယ်ရေး စက်သေနတ်ကြီး ၁၁ဝဝဝ ရှိကြောင်း အမေရိကန် အစိုးရနှင့် လေ့လာ သူများက ခန့်မှန်းပြောကြား ထားပါသည်။

ရေတပ်စွမ်းအား

          မြောက်ကိုရီးယား ရေတပ်တွင် ရေငုပ်သင်္ဘော တပ်ဖွဲ့ကြီးရှိပြီး ခန့်မှန်း အရေအတွက် ၉၂ စီးခန့် ရှိပါသည်။ ထို့ပြင် ဖရီးဂိတ် စစ်သင်္ဘော ၃ စီး၊ Corvette စစ်သင်္ဘော ၆ စီး၊ ဒုံးပျံတင် စစ်ရေ ယာဉ် ၄၃ စီး၊ အကြီးစား ကင်းလှည့်ရေယာဉ် ၁၅၈ စီး၊ တော်ပီဒိုတင် အမြန်ရေယာဉ် ၁ဝ၃ စီး၊ ကင်းလှည့်တပ်ဖွဲ့ ရေယာဉ် ၃၃၄ စီးကျော်၊ ကုန်းရေနှစ်သွယ်သွား သင်္ဘော ၁ဝ စီး၊ ကမ်းခြေစောင့် အမြောက်တပ်ခွဲ ၂ ခွဲ၊ ရှပ်ပြေးယာဉ် ၁၃ဝ စီး၊ မိုင်းရှာရေယာဉ် ၂၃ စီး၊ အသေးစား စစ်သင်္ဘော ၈ စီးနှင့် အကဲကြည့် ရေယာဉ် ၄ စီး ပိုင်ဆိုင်ထား ကြောင်း သိရပါသည်။

လေတပ်စွမ်းအား

          မြောက်ကိုရီးယား လေတပ်သည် နယ်စပ်စည်းကို ဖြတ်ကျော်၍ တောင်ကိုရီးယားသို့ အမြန် ထိုးစစ် ဆင်နိုင်ရန် အစီအစဉ် ရေးဆွဲထားပြီး ဗုံးကြဲ လေယာဉ်စီးရေ ၈ဝ၊ မြေပြင် တိုက်ခိုက်ရေး လေယာဉ်နှင့် ဝေဟင် တိုက်ခိုက်ရေး လေယာဉ် ၅၄၁ စီး၊ သယ်ယူ ပို့ဆောင်ရေး လေယာဉ် ၃၁၆ စီး၊ သယ်ယူပို့ဆောင် ရေး ရဟတ်ယာဉ် ၅၈၈ စီး၊ တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂၄ စီး၊ မောင်းသူမဲ့ လေယာဉ် အနည်းဆုံး ၁ စီးနှင့် ပြည့်စုံ လုံလောက်သော ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်များနှင့် မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များ ပိုင် ဆိုင်ကြောင်း သိရှိ ရပါသည်။

          မြောက်ကိုရီးယား နိုင်ငံသည် အဖျက်စွမ်းအား ကြီးမားသော လက်နက်များနှင့် အတူ ကြီးမားသော တပ်မတော်အား ပိုင်ဆိုင်ထားပြီး ယနေ့ ခေါင်းဆောင်သစ် လက်ထက်တွင် မည်သို့ေ သာ အပြောင်းလဲများ ရှိလာ နိုင်မည်ကို ကမ္ဘာ့နိုင်ငံ အများအပြားက စိတ်ဝင်တစား လေ့လာစောင့်ကြည့်လျက် ရှိပါသည်။ ===== ။

မြ၀တီ

Nissan မှ ဖန်တီးလိုက်သည့် ကမ္ဘာ့အမြန်ဆုံးလျှပ်စစ်ကား

 
 
တစ်နာရီကို ၁၈၅မိုင်အမြန်နှုန်းနဲ့ မောင်းနှင်နိုင်တဲ့ ကမ္ဘာ့အမြန်ဆုံး လျှပ်စစ်ကားကို ဂျပန်နာမည်ကြီးမော်တော်ကားကုမ္ပဏီ Nissan က ထုတ်ဖော်လိုက်ပါတယ်။

ပြိုင်ကားပုံသဏ္ဍာန်ရှိပြီး ဈေးကွက် အတွင်း လက်ရှိ ရှိနေတဲ့လျှပ်စစ်ကားတွေထက် နှစ်ဆလောက် ပိုမိုမြန်ဆန်တဲ့ဒီ ကားကို ZEOD RC လို့ Nissanက အမည်ပေးထားပြီး နာမည်ကျော် Leaf လျှပ်စစ်ကား တွေမှာသုံးစွဲထားတဲ့ နည်းပညာတွေကို အဆင့်မြှင့်တင်ထားတဲ့ လျှပ်စစ်ကားနည်းပညာတွေ သုံးစွဲထားပါတယ်။

ကာဗွန်ထုတ်လုပ်မှု သုညအဆင့်(Zero Emission) ရှိတဲ့ဒီ လျှပ်စစ်ပြိုင်ကားကို ပြင်သစ်နိုင်ငံမှာ လာမယ့်နှစ်အတွင်း ကျင်းပမယ့် Le Mans 24 Hours ကားပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတယ်လို့သိရပါတယ်။
Nissan အနေနဲ့ ZEOD RC ရဲ့ စွမ်းဆောင်ရည်ကို ထပ်မံတိုးမြှင့်နိုင်ဖို့ အတွက်မှာ အင်ဂျင် အမျိုးအစားသစ်တွေနဲ့ လျှပ်စစ်နည်းပညာသစ် တွေကို စမ်းသပ်သွားဖို့ စီစဉ်ထားတယ်လို့ဆိုပါတယ်။ စမ်းသပ် ရရှိလာတဲ့နည်းပညာနဲ့ အကျိုး ရလဒ်တွေကိုတော့ You Tube သို့မဟုတ် Nismo TV မှာ ထုတ်
ဖော်သွားမယ်လို့ Nissan ကဆိုထားပါတယ်။

Nissan ZEOD RC ရဲ့ ဒီဇိုင်းအဖွဲ့ကိုတော့ လက်ရှိမှာ Nissan Motorsports Innovation ရဲ့ ဒါရိုက်တာရာထူးရယူထားတဲ့ Ben Bowlby ကတာဝန်ယူထားတာပါ။ ဒီကားမှာပါတဲ့ ဆက်လက်စမ်းသပ်သွားမယ့် နည်းပညာတွေက အနာဂတ်ကာလရဲ့ လျှပ်စစ်ကားနည်းပညာသစ်တွေမှာ တစ်စိတ်တစ်ပိုင်း ပါဝင်လာမယ်လို့ Bowlby ကဆိုထားပါတယ်။
 
TechSpaceJournal

အကျွမ်းမ၀င်သင့်တဲ့အရာ ၄ မျိုး

၁။ အရင်က ပေါင်းဖော်ဖူးခဲ့တဲ့ သူခိုး။ (ကိုယ့်သူငယ်ချင်းဆိုပြီး အကျွမ်းမ၀င်သင့်)
၂။ အရင်က ခင်းအိပ်ခဲ့ဖူးတဲ့ သစ်ခက်။ (အမှိုက်မဖြစ်အောင် မီးရှို့သင့်)
၃။ မိမိကို ချီးမြှောက်ပူဇော်ခဲ့တဲ့ မင်း။ (မိမိကိုချီးမြှောက်ဖူးတဲ့မင်းဆိုပြီး မျက်နှာသာပေးမယ် မထင်နဲ့)
၎။ မိမိအလိုကို လိုက်ခဲ့ဖူးတဲ့ မိန်းမ။ (မိမိအလိုလိုက်တဲ့မိန်းမဆိုပြီး သူသဘောမလိုက်လေနဲ့။)

၁။ မိမိနဲ့ခင်ခဲ့ဖူးတဲ့ သူခိုးဆိုပြီး သူ့အလို မလိုက်နဲ့၊ ကောင်းကျိုးပေးမှာ မဟုတ်ဘူး။
၂။ ငါခင်းအိပ်ခဲ့ဖူးတဲ့သစ်ခက်လေးဆိုပြီး သစ်ခက်ကို ဒီတိုင်းထားလိုက်မယ်ဆိုရင် ကောင်းကျိုးဖြစ်မှာမဟုတ်ဘူး။
၃။ ငါ့ကို ချီးမြှောက်ပေးခဲ့ဖူးတဲ့မင်းပဲဆိုပြီး ငါ့ကိုညှာတာလိမ့်မှာ မဟုတ်ဘူး။
၎။ ငါ့အလိုကိုလိုက်ခဲ့ဖူးတဲ့မိန်းမဆိုပြီး အခွင့်ရမယ်မထင်နဲ့၊ ညှာတာလိမ့်မှာ မဟုတ်ဘူး။ အဓိကကတော့ ငါပိုင်တယ်၊ အေးဆေးပါဆိုတဲ့သဘောမျိုး မလုပ်ဖို့ပါပဲ။ အဲဒီလိုသဘောမျိုးနဲ့ အကျွမ်းဝင်လိုက်ရင် မှားလိမ့်မယ်လို့ ဆိုလိုခြင်းပါ။

အရှင်ကောမလ ဆန်နီနေမင်း 

စစ်၏ သားကောင်များ

ကျောင်းနေအရွယ်ကလေးများ ကျောင်းသွားပြီး စာသင်နေချိန်တွင် ချီနာ ကေတာဆီတစ်ယောက် တိုက်ပွဲများကြားတွင် အသက်ရင်းပြီး ဘဝအတွေ့အကြုံများစွာ ရယူခဲ့သည်။ ယခု ချီနာ့အသက် ၂၇ နှစ်ရှိပြီ။ သူမသည် ယူဂန်ဒါ အမျိုးသားတော်လှန်ရေးတပ်မတော်ထဲဝင်ပြီး စစ်မှုထမ်းခဲ့ရသည်။ ထိုစဉ်က သူမအသက်မှာ ၉ နှစ်သာရှိသေးသည်။
“ကျွန်မ တပ်ထဲရောက်တော့ လက်နက်ကိုင်ခိုင်းတယ်။ စစ်တိုက်ရတယ်။ မုန်းတီးခိုင်းတယ်။ သတ်ခိုင်းတယ်။ နှိပ်စက် ညှင်းပန်းခိုင်းတယ်။ ပြီးတော့ကျွန်မကို သူတို့နဲ့ အိပ်ခိုင်းတယ်။ ကျွန်မတို့မှာက ရွေးချယ်ခွင့်မှ မရှိတာ။ ကျွန်မ အသက် ၁၄ နှစ် မှာ  သားတစ်ယောက်မွေးတယ်။ အသက် ၁၅ နှစ်မှာ တပ်ထဲက အရာရှိဘယ်နှယောက် ကျွန်မနဲ့ အိပ်ခဲ့တယ်ဆိုတာ မှတ်တောင် မမှတ်မိတော့ဘူး” ဟု သူမက ဘီဘီစီသတင်းဌာနသို့ ပြန်ပြောပြသည်။

ကမ္ဘာတစ်လွှား အသက် ၁၈ နှစ်အောက် ကလေးပေါင်း သန်းဝက်ခန့်သည် လက်နက်ကိုင်တပ်ဖွဲ့များအတွင်းသို့ ဝင်ရောက်ပြီး စစ်တိုက်နေရကြောင်း သုတေသနပြုချက်များအရသိရသည်။ လက်နက်ကိုင်တပ်ဖွဲ့များဟုဆိုရာတွင် တရားဝင်ဖွဲ့စည်းထား သည့် စစ်တပ်များဖြစ်နိုင်သလို၊ တရားမဝင်ဖွဲ့စည်းထားသည့် သူပုန်အဖွဲ့များလည်း ဖြစ်နိုင်သည်။ ကလေးတွေ လက်နက် ကိုင်တပ်ဖွဲ့အတွင်းသို့ဝင်ကြရသည့် အကြောင်းပြချက်တွေကလည်း အမျိုးမျိုးရှိနိုင်သည်။
တိုင်းပြည်တစ်ပြည်တွင် နိုင်ငံသားအချင်းချင်း အယူအဆမတူ သဘောထားများ ကွဲလွဲသဖြင့် လက်နက်ကိုင်တိုက်ပွဲများ၊ ပဋိပက္ခများ ဖြစ်ပွားနိုင်သည်။ ထိုစဉ်ကာလတွင် ကလေးတွေ ကျောင်းနှင့် ဝေးကြရသည်။ သူတို့ မိဝေးဖဝေး၊ မိသားစုတွေနှင့် ခွဲခွာကြရသည်။ သူတို့တွင် နေစရာမရှိ။သူတို့အိုးအိမ်တွေက စစ်ဒဏ်သင့်ပြီး ပျက်စီးကြရသည်။ သူတို့အတွက် အသက်ရှင်ရပ် တည်နိုင်ရေးမှာ စစ်ထဲဝင်ရုံကလွဲပြီး အခြားရွေးချယ်စရာမရှိသဖြင့် လက်နက်ကိုင်အဖွဲ့အစည်းများအတွင်းသို့ရောက်လာကြ သည်။
အချို့သောကလေးများကလည်း မိသားစုများ သေကြေပျက်စီးကြရသဖြင့် လက်စားချေလိုသည့် သဘောဖြင့် တပ်ထဲသို့ရောက် လာကြသည်။ အချို့ကလေးများမှာလည်း အတင်းအဓမ္မခေါ်ဆောင်ကာ စစ်ထဲဝင်ခိုင်းခြင်းကြောင့် ရောက်လာရသည်များ လည်းရှိသည်။ ကလေးများကို တပ်ထဲဆွဲသွင်းပြီးနောက် စစ်ဆင်ရေးကိစ္စများတွင် အသုံးပြုခဲ့ကြသည်။ ကလေးများကို စစ်သားကြီးများက လိင်ကျွန်အဖြစ်ခိုင်းစေဆက်ဆံခြင်းများလည်းရှိသည်။ ထို့ပြင် ရက်စက်စွာ မိုင်းရှင်းခိုင်းခြင်း၊ စပိုင်လုပ် ခိုင်းခြင်း၊ သတင်းပို့ဆက်သားအဖြစ် ခိုင်းစေခြင်း၊ ပေါ်တာ ထမ်းခိုင်းခြင်း၊ ကျေးကျွန်အဖြစ် ခိုင်းစေခြင်းစသည့် ကိစ္စမျိုးစုံ တို့လည်းရှိနေသည်။

လက်ရှိအချိန်တွင် ကလေးစစ်သားပေါင်း သုံးသိန်းခန့်သည် တိုက်ခိုက်ရေးစစ်သားများအဖြစ် တာဝန်ထမ်းဆောင်နေကြရ ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) အဖွဲ့ကဆိုသည်။
လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာအတွင်း ကလေးပေါင်းများစွာ စစ်မှုထမ်းခဲ့ကြရသည်။ အထူးသဖြင့် အာဖရိက အနောက်ပိုင်းတွင်ဖြစ်သည်။  ၁၉၈၉ မှ ၁၉၉၅ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် လိုင်ဘေးရီးယားသူပုန်များနှင့် တိုက်ပွဲတွင် ကလေးစစ်သားပေါင်း ၂၁၀၀၀ ခန့် ပါဝင်ဆင်နွှဲခဲ့ကြသည်။ အိမ်နီးချင်းနိုင်ငံဖြစ်သည့် ဆီရာရာ လီယွန်တွင် နှစ်ပေါင်း ၁၁ နှစ်ကြာဖြစ်ပွားခဲ့သည့် ပြည်တွင်းစစ်ကို ၁၉၉၉ ခုနှစ်ကျမှ ဖြေရှင်းနိုင်ခဲ့သည်။ နိုင်ငံသားများစွာ ထိတ်လန့်ဖွယ်ရာ နှိပ်စက် ညှင်းပန်းခြင်းများကို ခံစားကြရသည်။ ကိုယ်လက်အင်္ဂါများ ဆုံးရှုံးကြရသည်။ မုဒိမ်းကျင့်ခြင်း၊ အရှင်လတ်လတ် ခေါင်းဖြတ်ခြင်း၊ မီးရှို့သတ်ခြင်းများမှာ မထူးဆန်းသည့်ကိစ္စလိုဖြစ်နေသည်။  ဆီရာရာ လီယွန်တွင် ကလေးစစ်သားပေါင်း ၇၀၀၀ ခန့် ပြည်တွင်းအဖျက်အဆီးများ၌ ပါဝင်ခဲ့ကြသည်။
သူတို့အထဲမှ အားနက်စ် ဖိုဒေး မန်နာဆိုသူအကြောင်း ပြောပြချင်ပါသည်။ ၁၉၉၁ ခုနှစ်တွင် သူ့အသက် ၈ နှစ်သာရှိသေးသည်။ သူ့မွေးရပ်မြေ ကိုင်လာယန်မှ သူ့ကိုသူပုန်များက ခေါ်လာခြင်းဖြစ်သည်။ “ကျွန်တော့်ကို သူငယ်ချင်းတွေနဲ့ ကစားကွင်းထဲမှာ ကစားနေတုန်း သူတို့က ဖမ်းလာကြတာ” ဟုသူကဆိုသည်။ သူ့သူငယ်ချင်းနှစ်ယောက်က သေသွားသည်။ သူ့ကို ရွာပြန်ပြီး အစိုးရတပ်ကို ထောက်လှမ်းခိုင်းစဉ် သူထွက်ပြေးခဲ့သည်။ ဖမ်းမိသွားပြီးနောက် အရိုက်ခံရသည်။  “ကျွန်တော့်ကို သူတို့က ပုရွက်ဆိတ်တွေကိုက်တဲ့ သစ်ပင်ကြီးတစ်ပင်မှာ ချည်ထားတယ်။ ဇောက်ထိုးချည်ထားပြီး ပုရွက်ဆိတ်ကလည်းကိုက်တော့ အတော်လေးနေရခက်တယ်။ ကျွန်တော့်ကို အဲဒီအတိုင်း နှစ်နာရီလောက်ပစ်ထားတာ” ဟုသူကပြောပြသည်။

ကလေးများ ယခုကဲ့သို့ နှိပ်စက်ခံရခြင်းမှာ ထိုနိုင်ငံများတွင် သိပ်မထူးဆန်းသည့် ကိစ္စဖြစ်သည်။ ကလေးစစ်သားပေါင်းများစွာ သည် ရိုက်နှက်ခြင်း၊ နှိပ်စက်ညှင်းပန်းခံရခြင်း၊ အသတ်ခံရခြင်းများမှာ ရိုးနေသည့် ကိစ္စရပ်များဖြစ်သည်။ အချို့ကလေးများ သည် မူးယစ်ဆေးဝါးများ စွဲနေကြသည်။ သူတို့ကို မကြောက်ရွံ့ရန်၊ တိုက်ရဲခိုက်ရဲ သတ်ရဲဖြတ်ရဲရန် ရဲဆေးတင်သည့်အနေဖြင့် မူးယစ်ဆေးဝါးများ သုံးစွဲခိုင်းထားသည်။ “ဆေးကို ကျွန်တော်သုံးချင်လို့ သုံးတာတော့ မဟုတ်ဘူး။ စိတ်ဓာတ်မြှင့်တင်ရေး ဆိုပြီး လာသုံးခိုင်းတာ။ တိုက်ပွဲမထွက်ခင်မှာ ကျွန်တော်တို့ မူးယစ်ဆေးတွေ သုံးကြရတယ်” ဟု ဆီရာရာ လီယွန်ရှိ iEARN (International Education and Resource Network) သို့ရောက်လာသည့် ယခင်ကလေးစစ်သားဟောင်း တစ်ယောက်က ပြန်ပြောပြသည်။ သူတို့ပြောသည့် စိတ်ဓာတ်မြှင့်တင်ရေးဆိုသည်မှာ ကိုကင်း၊ ဆေးခြောက်နှင့် အရက်များ သောက်သုံးရခြင်းကို ဆိုလိုသည်။ အခြားကလေးစစ်သားဟောင်းတစ်ယောက်ကလည်း “ကျွန်တော့်ကို မူးယစ်ဆေးထိုးပေး တယ်။ ပြီးတော့ AK-47 သေနတ် လက်ထဲထည့်ပေးပြီး တိုက်ပွဲထွက်ရတယ်။ ရှေ့တန်းမှာ လူတွေသတ်ရတယ်။ မုဒိမ်းလည်း ကျင့်ရတယ်။ မဟုတ်တာမှန်သမျှ အကုန်လုပ်ရတယ်” ဟုဆိုသည်။

စစ်ပွဲများတွင် ကလေးများကို အသုံးပြုခြင်းသည် ယုတ်မာသည့်စိတ်ကြောင့်လည်းဖြစ်သည်။ ကလေးများသည် လူကြီးများ လောက် မစားနိုင်သည့်အပြင် လူကြီးများထက် အမိန့်နာခံတတ်သောကြောင့်လည်းပါသည်။ ကလေးများသည် လေ့ကျင့်ပေးရ လည်း လွယ်ကူသည့်အပြင် တိုက်ပွဲများကြားတွင် မည်မျှသေသေ အရေးစိုက်စရာတစ်ခုအနေဖြင့် သဘောမထားခြင်းကြောင့် လည်း အသုံးချခံနေရခြင်းဖြစ်သည်။
“ကလေးတွေမှာရှိနေတဲ့ အားနည်းချက်ကို အသုံးချတာပါ။ သူတို့က ပြောရင်နားထောင်တယ်။ ခိုင်းရင်လုပ်တယ်။ သိပ်ပြီးတော့ တွေးနေမှာလည်း မဟုတ်ဘူး။ တွေဝေနေမှာလည်း မဟုတ်ဘူး။ လေ့ကျင့်ပေးရတာလွယ်ပြီး ခိုင်းတဲ့အတိုင်း အတိအကျလုပ်တတ်လို့ သူတို့ကို သဘောကျတာတွေလည်းပါတယ်” ဟု နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့က ဆာရာ ဂရင်းန်က ဆိုသည်။ “ သူတို့ကို စာရင်းလည်း သွင်းစရာမလိုဘူး။ ပိုက်ဆံပေးစရာလည်း မလိုဘူး။ အမိန့်နဲ့သာခိုင်း အားလုံးရတယ်” ဟုလည်း သူကဆိုသည်။

မိန်းကလေးစစ်သားများဘဝက ပိုပြီးဆိုးသည်။ လိင်ဖျော်ဖြေသည့်ကိစ္စများအတွက် အသုံးတော်ခံရသလို တိုက်ပွဲများတွင် လည်း ဝင်တိုက်ရသေးသည်။ “ကျွန်မနဲ့ ဘယ်နှယောက် အိပ်ပြီးပြီလဲဆိုတာ မမှတ်မိတော့ဘူး” ဟု ဖာဘေနီကပြောသည်။ ဘူရန်ဒီရှိ သူမမိသားစုထံမှ အဓမ္မခေါ်ဆောင်ခြင်း ခံရချိန်တွင် အသက် ၁၃ နှစ်ခန့်သာရှိသေးသည်။
“လူတစ်ယောက်ပြီးတစ်ယောက်ပြောင်းသွားတယ်။ ကျွန်မငြင်းလို့မရဘူး။ ထွက်ပြေးရင်လည်း အသတ်ခံရမယ်ဆိုပြီး ပြောထားတယ်” ဟု ဖာဘေနီကဆိုသည်။ အန်ဂိုလာ၊ ဆီရာရာ လီယွန်နှင့် ယူဂန်ဒါတို့တွင် သူပုန်ခေါင်းဆောင်များသည် မိန်းကလေးငယ်များကို ဖမ်းဆီးလာပြီး အဓမ္မကျင့်ခြင်း၊ လိင်ကျွန်အဖြစ်စေခိုင်းခြင်းတို့မှာ မထူးဆန်းသည့် ကိစ္စတစ်ခုဖြစ် သည်။
လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့၏အဆိုအရ ယူဂန်ဒါမြောက်ပိုင်းတွင် မိန်းကလေးများကို သူပုန်ခေါင်းဆောင်များနှင့် ရလာသည့် ကလေးများအား ကျောတွင်ပိုးထားစေပြီး အစိုးရတပ်ကို ဆက်လက်တိုက်ခိုက်ခိုင်းသည်ဟု သိရသည်။

သူပုန်တပ်များတွင် အသုံးပြုနေသည့် AK-47 နှင့် M-16 သေနတ်များသည် တစ်လက်လျှင် ၁၅ ဒေါ်လာနှင့်ရနေသဖြင့် လူတိုင်းကိုင်နိုင်သည့် အနေအထားတွင်ရှိသည်။ အသက် ၈ နှစ်သားလောက်ကို ပစ်ခတ်တတ်ရန် သင်ပေးနိုင်သည်။ ထိုသေနတ်များဖြင့် ကလေးစစ်သားများကို ဆီရာရာ လီယွန်ရှိ RUF (Revolutionary United Front) တပ်တွင် အထူးသင်တန်းများပေးနေသည်။ RUF စစ်သားလေးတစ်ယောက်သည် သင်တန်းဆင်းပြီးလျှင် ရွာတစ်ရွာကို ဝင်တိုက်ရမည်။ ယောက်ျားတွေကို သေလုမြောပါးဖြစ်အောင် ရိုက်တတ်ရမည်။ မိန်းကလေးတွေကို မုဒိမ်းကျင့်ရမည်။ ကလေးတွေကို ပြန်ပေးဆွဲလာနိုင်ရမည်။ ခေါ်လာသောကလေးများကို သူတို့က သင်တန်းပြန်ပေးပြီး နောက် နှစ်လ သုံးလကြာလျှင် သူတို့လို ဇာတ်ပြန်သွင်းမည်။ ထွက်ပြေးရန် ကြိုးပမ်းသူကို ကိုယ်လက်အင်္ဂါချို့ယွင်းသည်အထိ ရိုက်နှက်နှိပ်စက်သည်။ အချို့ကို သတ်ပစ်သည်။
ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ အတိုက်အခံအုပ်စုအတွင်းသို့ရောက်လာသည့် အသက် ၁၅ နှစ်အရွယ် စစ်သားလေး တစ်ဦးက “သူတို့က ကျွန်တော့်ကို လူသားစားခိုင်းတယ်။ လူသတ်ခိုင်းတာတွေလည်းရှိတယ်။ တစ်ခါတစ်လေ မိန်းကလေး တွေခေါ်လာပြီး မုဒိမ်းကျင့်ခိုင်းတယ်။ မလုပ်ရင်လည်း ကျွန်တော်တို့ကို ရိုက်တယ်” ဟုပြောပြသည်။
ကလေးစစ်သားအဖြစ် လုပ်ခဲ့ရသူများကို ပြုပြင်ရေးစခန်းများသို့ပို့ပြီး ပြန်လည်ပြုစုပျိုးထောင်ရသည်မှာ မလွယ်သည့်ကိစ္စဖြစ် သည်။ iEARN စခန်းသို့ရောက်လာသည့် စစ်သားလေးတစ်ယောက်က “ခုဆိုရင် မိသားစုနဲ့လည်း မနေတတ်တော့ဘူး။ သေနတ်သံတွေ ကိုကြားရင် ပျော်တယ်။ တောထဲမှာပဲ နေချင်တယ်။ သေနတ်သံကြားရင် စိတ်ထဲက အလိုလို တက်ကြွလာတယ်။ ခုတော့ တစ်ယောက်တည်း ပျင်းတယ်” ဟုဆိုသည်။ ကလေးစစ်သားဘဝဖြင့် နေခဲ့ရသူများကို ပညာသင်ကြားပေးမည်ဟု ဆိုလျှင် ငြင်းဆန်တတ်ကြသည်။ သူတို့ကို လူ့ဘောင်အဖွဲ့အစည်း အတွင်းသို့ပြန်လည် သွင်းရသည်မှာ မလွယ်ကူသည့်ကိစ္စ ဖြစ်သည်။ ထိုကလေးများသည် နောက်ပိုင်းတွင် တောထဲသို့ပြန်မသွားတော့လျှင်လည်း ရာဇဝတ်မှုများကျူးလွန်ပြီး လူဆိုး သူခိုးများဘဝဖြင့် နေထိုင်တတ်ကြသည်။

ကလေးများ ကြမ္မာဆိုးမှလွတ်မြောက်ရန်အတွက် မိုဇမ်းဘစ်၊ အင်ဂိုလာ၊ ဆီရာရာ လီယွန်နှင့် ဆိုမာလီးယားနိုင်ငံများတွင် လက်နက်ကိုင်တပ်ဖွဲ့များကို ဖျက်သိမ်းခြင်း၊ စစ်ပြန်ကလေးများကို ပြန်လည် ထူထောင်ပေးခြင်းစသည့် လုပ်ငန်းများကို အကောင်အထည်ဖော်လျက်ရှိသည်။ သို့သော်ထိုလုပ်ငန်းများကို လက်တွေ့အကောင်အထည်ဖော်ရာတွင် ခက်ခဲမှုများစွာနှင့် ရင်ဆိုင်နေရပြီး ရေရှည် ဆောင်ရွက် အကောင်အထည်ဖော်နိုင်မှ ရပေလိမ့်မည်။ ကလေးများကို လက်နက်ကိုင်တပ်ဖွဲ့များက စည်းရုံးသိမ်းသွင်း ခေါ်ဆောင်သွားမှုကို တစ်ဖက်ကဖြတ်နိုင်မှသာ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အကောင်အထည် ဖော်နိုင်မည်ဖြစ်သည်။
ကလေးစစ်သားစုဆောင်းခြင်းကို တရားမဝင်လုပ်ငန်းတစ်ခုဖြစ်ကြောင်း နိုင်ငံတကာဥပဒေ၊ နိုင်ငံတကာ ရာဇဝတ်တရားရုံး (ICC) နှင့် ကုလသမဂ္ဂညီလာခံက ထုတ်ပြန်ထားသည့် ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးများအရ တိကျစွာဆောင်ရွက်ရန် လိုပါသည်။ ဥပဒေအရ အသက် ၁၈ နှစ်အောက် ကလေးများကို စစ်မှုထမ်းခိုင်းခြင်းအား တိကျစွာကန့်သတ်ကြရန် လိုပါလိမ့် မည်။

အထက်တွင် ဖော်ပြခဲ့သည့် ချီနာ ကေတာဆီလို အိပ်မက်ဆိုးများကြားတွင် လှုပ်ရှားနေခဲ့ရသည့် မိန်းကလေးပေါင်းများစွာ ရှိနိုင်ပါသည်။ သူမအနေဖြင့် ယူဂန်ဒါ အမျိုးသားတော်လှန်ရေးတပ်ထဲမှ လွတ်မြောက်လာသော်လည်း သူမဘဝတွင် ကြုံတွေ့ ခံစားခဲ့ရမှုများက သူ့ကို အမြဲတန်းခြောက်လှန့်နေခဲ့သည်။ သူမက “ကလေးစစ်သား” ဆိုသည့်စာအုပ်တစ်အုပ်ကို ရေးလိုက် သည်။ ထိုစာအုပ်ထဲတွင် သူမ ကလေးစစ်သားဘဝတွင် ကျင်လည်ခဲ့ရသည့်ကာလ ခါးသီးဖွယ် အတွေ့အကြုံများကို ဖော်ထုတ် ရေးသားထားသည်။
သူမရေးခဲ့သည့် ကလေးစစ်သားစာအုပ်ကိုဖတ်ပြီး ကလေးများအနာဂတ်ပျောက်နေသည့်ဘဝ၊ ကလေးတွေ ကလေးလို မကြီးပြင်းခဲ့ရသည့်ဘဝ၊ စိတ်ဒဏ်ရာရနေသည့် သူတို့လေးတွေ၏ဘဝကို တိုင်းပြည်က မည်သို့ တာဝန်ယူကြမည်နည်း ဆိုသည့်မေးခွန်းများကို မေးကြည့်နေမိသည်။ တစ်ခုတော့ သေချာတာရှိသည်။ AK-47 သေနတ်ကိုင်ထားသည့် ကလေးတစ် ယောက်ဘဝသည် ပီပြင်သောကလေးဘဝ မဖြစ်နိုင်ပေ။

http://www.thesituation.co.uk , Child Soldiers, by Jon-Anders Kindberg
ကလေးစစ်သားနှင့်ပတ်သက်သည့် သိထားသင့်သော အချက်များ
  • ကမ္ဘာတွင် ယနေ့ ကလေးစစ်သားပေါင်း ၂၅၀၀၀၀ ဦးခန့်ရှိနေသေးသည်။
  • ကလေးစစ်သား ၄၀ ရာခိုင်နှုန်းသည် မိန်းကလေးများဖြစ်နေသည်။ သူတို့ကို လိင်ကျွန်များအဖြစ် သတ်မှတ်ကာ၊ ယောက်ျားစစ်သားများအတွက် ဖျော်ဖြေရန် သတ်မှတ်ခံနေရသည်။
  • သူပုန်စစ်တပ်များသည် ကလေးစစ်သားများကို အများဆုံး အသုံးပြုနေကြသည်။ အစိုးရစစ်တပ်များထဲတွင်လည်း ကလေးစစ်သားများကို အသုံးပြုနေကြသည့် နိုင်ငံများရှိနေဆဲဖြစ်သည်။
  • ကလေးစစ်သားတိုင်း တိုက်ပွဲကြီးများတွင် တိုက်ခိုက်ရန် အသုံးပြုကြသည်မဟုတ်ပေ။ ပေါ်တာအဖြစ် ကုန်ထမ်းရန်၊ ထမင်းချက်ရန်၊ စပိုင်လုပ်ငန်းများအတွက် အသုံးပြုရန် ကလေးများကို အသုံးပြုကြသည်။
  • ကလေးစစ်သားအဖြစ် ဖမ်းဆီးခေါ်ဆောင်ရန်အတွက် မိသားစုဝင်များကို သတ်ဖြတ်ခြင်း၊ ကိုယ်လက်အင်္ဂါများ ကျိုးပဲ့သည်အထိ ရိုက်နှက်ခံရခြင်းများရှိနေသည်။ နောက်ပိုင်း သံယောဇဉ်ကင်းသည့် ကလေးများကို အိမ်ပြန်စေရန် စည်းရုံးရခြင်းမှာ လွန်စွာခက်ခဲသည့် လုပ်ငန်းတစ်ခုဖြစ်သည်။
  •  မြန်မာနိုင်ငံတွင် ၂၀၀၄ ခုနှစ်မှ ၂၀၁၂ ခုနှစ် ဇူလိုင်လအထိ ကလေးစစ်သား ၆၀၀ အား စစ်တပ်တွင် စစ်မှုထမ်းခြင်းမှ နုတ်ထွက်စေခဲ့ပြီး မိဘများထံ ပြန်လည်လွဲပြောင်းပေးနိုင်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၂ ရက်နေ့ ဒညင်းကုန်း စစ်သားစုဆောင်းရေးတွင် ကျင်းပခဲ့သည့် အလုပ်ရုံဆွေးနွေးပွဲတွင် ကာကွယ်ရေးဝန်ကြီးဌာနမှ ဗိုလ်မှူးကြီး မောင်မောင်ရှင်ကပြောကြားခဲ့သည်။
The Voice Daily, 1/63 Thursday
 
Maukkha ဆိုက်မှ ပြန်လည်ကူးယူ ဖော်ပြပါသည်။

ဂျပန်တို့ရဲ့ Total Quality Management

၁၉၈၀ ခုနှစ်ကျော် တစ်ဝိုက်လောက်မှာ ကနေဒါ IBM Canada Limited က လိုအပ်တဲ့ အစိတ်အပိုင်းတစ်ချို့ကို မှာယူဖို့ ဂျပန် Supplier ကုမ္ပဏီအသစ်တစ်ခုနဲ့ စာချုပ်ချုပ်ပါတယ်။ စာချုပ်မှာ ဂျပန်ကုမ္ပဏီက ထုတ်လုပ်ပေးသွင်းတဲ့ပစ္စည်းရဲ့ ချို့ယွင်းချက် Defect ကို IBM က 1.5 % ထိ လက်ခံမယ်လို့ သဘောတူချုပ်ဆိုခဲ့ပါတယ်။ ကိုရွှေဂျပန်များက ကောင်းကောင်းနားမလည်ပေမယ့်လည်း အူကြောင်ကြောင်နဲ့ ပြန်သွားခဲ့ပါတယ်။ ပစ္စည်းတွေထုတ်လုပ်ပြီး ပို့လာတဲ့အခါမှာ မှာတဲ့ပစ္စည်းတွေအပြင် 1.5% ကို ပလတ်စတစ်အိတ်နဲ့ သပ်သပ်ထုပ်ပြီး ကနေဒါကို ပို့ပေးလိုက်ပါတယ်။ နောက်ပြီး စာတစ်ကြောင်းရေးသားပေးလိုက် ရှာပါတယ်။ အဲဒီစာကတော့ -
" We don't know why you want 1.5 percent defect parts, but for your convenience we have packaged them separately.”
အဲဒီ သပ်သပ်ထုပ်ပေးလိုက်တဲ့ 1.5% ကလည်း အပျက်တွေမဟုတ်ဘူး။ ပစ္စည်းအကောင်းတွေချည်းပါပဲ။

ဂျပန်တွေအနေနဲ့ ၁၉၈၀-၉၀ လောက်ကတည်းက Total Quality Management (TQM) ကို ကောင်းမွန်စွာ နိုင်နင်းသွားခဲ့ကြပြီဖြစ်ကြောင်း တကယ့်ဖြစ်ရပ်တစ်ခုပါ။ ချို့ယွင်းချက် Defect ဆိုတာကို ဂျပန်တွေ နားမလည်ကြတော့ပါဘူး။ စင်းလုံးချော 100% အရည်အသွေးပြည့်မီမှုသာလျှင် အရိုးစွဲသွားကြပါပြီ။

ဂျပန်တွေအနေနဲ့ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာ တစ်နိုင်ငံလုံး ပြာပုံဘ၀ရောက်ခဲ့ကြပါတယ်။ အဲဒီအချိန်ကစလို့ ဂျပန်များဟာ စစ်ကို လုံးဝမေ့ထားလိုက်ပြီး စီးပွားရေး၊ ကုန်ထုတ်လုပ်ရေးဖက်ကိုသာ အာရုံစူးစိုက်လိုက်ကြပါတယ်။ စစ်လက်နက်ထုတ်တဲ့ ကုမ္ပဏီတွေကလည်း လူသုံးကုန်ပစ္စည်း ထုတ်လုပ်ရေးကိုပဲ လုပ်ကြပါတော့တယ်။

တကယ်တော့ အစပိုင်းမှာ ဂျပန်ထုတ်ကုန်ပစ္စည်းများဟာ အတုအပပစ္စည်းတွေ၊ ဈေးပေါပြီး အသုံးလည်းမခံဘူးလို့ နာမည်ပျက်ခဲ့ပါသေးတယ်။
၁၉၄၀ ကျော် ၅၀ လောက်မှာတော့ ကမ္ဘာမှာ Quality Control ကို စတင်တီထွင်ခဲ့တဲ့ အမေရိကန်က Deming, Juran စတဲ့ဂုရုကြီးတွေကို ဂျပန်ဖိတ်ခေါ်ပြီး Quality အကြောင်း သင်တန်းပေးစေခဲ့ပါတယ်။
Deming က ဂျပန်များကို သင်တန်းပေးပြီးတာနဲ့ ဂျပန်ဟာ နောက် ၅နှစ်အတွင်း Quality Control အဆင့်မြင့်နိုင်ငံကြီး တစ်နိုင်ငံ ဖြစ်တော့မယ်လို့ ဟောကိန်းထုတ်လိုက်ပါတယ်။

သူဟောကိန်းထုတ်ခဲ့တဲ့အတိုင်း ဂျပန်ဟာ အဲဒီအချိန်ကစလို့ ကမ္ဘာမှာ ထိပ်တန်းအဆင့်အမြင့်ဆုံး ကုန်ပစ္စည်းများကို ဆက်တိုက်ထုတ်လုပ်နိုင်ခဲ့ပါတယ်။ ၁၉၈၀-၉၀ လောက်မှာတော့ TQM ကို တဆင့်တက်လို့ အချမ်းသာဆုံးနိုင်ငံဘ၀ကိုရောက်ရှိသွားခဲ့ပါတော့တယ်။
ဂျပန်နိုင်ငံဟာ အချမ်းသာဆုံးနိုင်ငံဖြစ်ရခြင်းအကြောင်းရင်းမှာ TQM ကအဓိကပါပဲ။

TQM မှာ ၀န်ထမ်း၊ လုပ်သားများ အယောက်စီတိုင်းရဲ့ အာရုံစူးစိုက်မှု၊ စိတ်ပါဝင်စားမှု၊ လုံ့လ၀ီရိယ၊ စည်းစနစ်ကျနမှု၊ ညီညွတ်မှု၊ အသင်းစိတ်ဓာတ်ရှိမှု၊ Customer ကိုအလေးထားမှု၊ ကိုယ့်အဖွဲ့အစည်းကို အစဉ် တိုးတက်မြှင့်တင်ချင်တဲ့စိတ်ဓာတ်ရှိမှု၊ လုပ်ငန်းနည်းစနစ်ခေတ်မှီမှု တို့ဟာ အရေးကြီးဆုံးအချက်တွေမို့ ဂျပန်တွေမှာ ဒီစိတ်ဓာတ်၊ အမူအကျင့်တွေရှိပြီးသား ဆိုတာ ပြောစရာတောင် လိုမယ်မထင်တော့ပါဘူး။

မြန်မာနိုင်ငံဟာ ဂျပန်နိုင်ငံထက် သယံဇာတ မယှဉ်နိုင်အောင်သာလွန်ပါတယ်။ စိတ်ဓာတ်၊ ခံယူချက်၊ လုံ့လ၀ီရိယ၊ ညီညွတ်မှုတို့ကိုသာ အတုယူရမှာပါ။
စနစ်ဆိုးကြောင့် ဆင်းရဲတွင်း ပြာပုံအောက်က တိုးထွက်စ မြန်မာနိုင်ငံအတွက် အတုယူစရာ TQM နဲ့ပတ်သက်တဲ့ တစွန်းတစပါ။

(*Data ကွဲလွဲမှုများ ရှိပါက ပြင်ဆင်ပေးပါရန်)

ဒေါက်တာ KyawHlaingWin FB မှ ပြန်လည်မျှဝေပါသည်။

Galaxy S4 Camera

ကင်မရာလိုလည်း သုံး စမတ်ဖုန်းလိုလည်းသုံး Galaxy S4 Camera

နောက်တစ်မျိုးထပ်လာပါပြီ။ Galaxy ရဲ့ နောက်ထပ် ကြယ်တာရာ မိသားစုဝင် အသစ်တစ်ခုပေါ့။ Samsung Galaxy S4 Camera လို့ခေါ်ပါတယ်။

စမတ်ဖုန်းအနေနဲ့လည်း သုံးမယ်။ ကင်မရာလည်း အသစ် တကူးတက မဝယ်ချင်တော့ဘူးဆိုတဲ့သူများအတွက် ဖြစ်ပါတယ်။
1.5GHz dual-core processor,
1.5GB RAM,
4.3in sAMOLED screen - 960x540 resolution,
8GB of internal storage
(up to 64GB via microSD expand)

အထက်ပါ Feature များက သာမန်စမတ်ဖုန်းတစ်လုံးမှာပါမယ့် Feature တွေပါ။ ကင်မရာအနေနဲ့သုံးဖို့အတွက် အောက်ပါအချက်များ ပါဝင်ပါတယ်။

The Galaxy S4 Zoom packs - 16MP CMOS sensor,
10x optical zoom,
optical image stabilization
a xenon flash

စတာတွေ ပါဝင်ပါတယ်။ အရင် Galaxy Camera က ပါဝင်ခဲ့တဲ့ ဒီဂျစ်တယ် ကင်မရာ တစ်လုံးရဲ့  App နဲ့ Feature တွေကိုပဲ ထပ်တိုးလိုက်တာ ဖြစ်ပါတယ်။ Jelly Bean 4.2 OS ကို အသုံးပြုပါတယ်။ Optical Zoom ၁၀ ဆဆိုတော့ နောက်ဆုံးပေါ် ဒီဂျစ်တယ်ကင်မရာများနဲ့ မထူးမခြားနား ယှဉ်လို့ ရပါတယ်။

အရွယ်ကိုတော့ Compact ဖြစ်အောင်လုပ်မှာပါ။ ဘာလို့လည်းဆို ဖုန်းအနေနဲ့ကော၊ ကင်မရာအနေနဲ့ကော အသုံးပြုနိုင်စေဖို့ ရည်ရွယ်လို့ ဖြစ်ပါတယ်။ လာမယ့် ဇွန် ၂၀ Samsung Event မှာ အသေးစိတ် ရှင်းလင်းမိတ်ဆက်သွားမှာ ဖြစ်ကြောင်း သိရပါတယ်။

TechSpaceJournal

လေယာဉ်နဲ့ပို့တဲ့ပီဇာ

အမေရိကန်ပြည်ထောင်စု၊ အလက်စကာပြည်နယ်က ပီဇာကုမ္မဏီတစ်ခုပါ။ အော်ဒါမှာတဲ့ စားသုံးသူတွေထံကို လေယာဉ်ပျံနဲ့ တကယ် အရောက်ပို့ပေး ပါတယ်။

Airport Pizza အမည်ရ ကုမ္မဏီမှ ဖြစ်ပါတယ်။ မိုင် ၂၀၀ အထက်ခရီးဝေးတဲ့ နေရာတိုင်းကို လေယာဉ်ပျံနဲ့ အရောက်ပို့ပါတယ်။ လေယာဉ်ဆင်းသက်လို့မရတဲ့ နေရာတွေကျ အနီးဆုံး လေဆိပ်မှာ ဆင်းပြီး သုံးဘီးဆိုင်ကယ်နဲ့ဆက်လက် ခရီးထွက်ပါတယ်။

တစ်နှစ်တာ ကာလ စလုံးအတွက် သက်မှတ်ထားတဲ့ ပီဇာ တစ်ခု ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၃၀ ပါ။ ဘယ်တော့မှ မပြောင်းပါဘူး။ လေယာဉ်စရိတ် ကာမိအောင် ဖြစ်ပါတယ်။ တစ်ရက်ကို ပျမ်းမျှအားဖြင့် ၁၀ ခုပို့ရပါတယ်။ သို့ပေမယ့် လေယာဉ်စရိတ် ပြန်ကာမိစရာ အကြောင်း မရှိသေးပါဘူး။

လေယာဉ်စရိတ်ကာမိအောင် Frontier Flying Service အမည်ရ ကုမ္မဏီနဲ့ထပ်မံ ပူးပေါင်း ပါတယ်။ ယင်းသို့ပူးပေါင်းမှုကြောင့် ပီဇာပို့ခြင်းအပြင် ရောက်လေရာ လေဆိပ်ကနေ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေးသည့် ဝန်ဆောင်မှုလည်း ပူးတွဲ လုပ်ကိုင်ကြောင်း သိရပါတယ်။

International News for Myanmar

ရာဂမီးတောက်သူများကြားမှ မလုံခြုံသည့် ကလေးများဘဝ

၂၀၁၃ ခုနှစ် မေလအတွင်းကဖြစ်သည်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမြို့တော် နယူးဒေလီရှိ အဆောက် အအုံတစ်ခု မြေညီထပ်မှ ငါးနှစ်သမီးလေး တစ်ဦးကို ကယ်တင်နိုင်ခဲ့သည်။ ဖြစ်ပြီးမှ ကယ်တင်ခဲ့ရသည့် ထုံးစံအတိုင်း မမြင်ရက်မရှုရက်စရာ အဖြစ်ဆိုးကြီးကို ခံစားနေရသူလေး အား တွေ့မြင်သူတိုင်း ရင်ထုမနာ ဖြစ်ကြရသည်။

ထိုကလေးကို လူငယ်နှစ်ဦးက အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့သည့် အပြင်၊ မပြောပြနိုင်လောက်သည့် ရက်စက်မှုပေါင်းများစွာဖြင့် ပြုကျင့်ထားခဲ့ကြသည်။ ကလေးကို နှစ်ရက်ခန့် ကြိုးဖြင့် တုပ်ထားခဲ့ပြီးမှ အိမ်နီးချင်းကောင်လေးနှင့် သူငယ်ချင်းဖြစ်သူ တို့က အဓမ္မကျင့်ခဲ့ကြခြင်း ဖြစ်သည်။

ကလေးပျောက်နေစဉ် ကတည်းက မိဘများသည် ရဲစခန်းသို့ အကြောင်းကြား ခဲ့သော်လည်း ရဲများက အမှုကို လျစ်လျူရှု ခဲ့ကြကြောင်းကို “ကျွန်တော်တို့ ရဲစခန်းကို သွားတိုင်တယ်။ အရေးပေါ်ဖုန်းလိုင်း ကလည်း တိုင်တယ်။ သူတို့က ခပ်အေးအေးပဲ။ ကျွန်တော်တို့က ကလေးကိုရှာတွေ့မှ သူတို့ရောက် လာတာ။ ပြီးတော့ ရဲတွေက ကျွန်တော့်ကို ပိုက်ဆံလာပေးတယ်။ ခင်ဗျားသမီး အသက်ရှင်နေတာပဲ ကံကောင်းတယ်လို့ ပြောသေးတယ်ဗျာ” ဟု ကလေး၏ ဖခင်ဖြစ်သူက ဆွေးမြည့်စွာ ပြောလာသည်။

ထိုတစ်လတည်းမှာပင် အိန္ဒိယနိုင်ငံ မဒ္ဒရာပရာဒက်ရှ် တွင်လည်း နောက်ထပ် ငါးနှစ်သမီးလေး တစ်ယောက် ထပ်မံ အဓမ္မကျင့်ခြင်း ခံလိုက်ရပြန်သည်။ ထိုကလေးမှာ ကံဆိုးစွာဖြင့် အသက်ဆုံးရှုံး သွားခဲ့ရသည်။ ထိုကလေးမှာလည်း တနင်္လာနေ့ကတည်းက ပျောက်နေခဲ့ပြီး ဗုဒ္ဓဟူးနေ့မှ မြေအောက်ခန်းတစ်ခုအတွင်း ငိုသံကြားသဖြင့် ပြန်တွေ့ခဲ့ရခြင်းဖြစ်သည်။ယင်းအမှုတွင်လည်း ရဲများက မိဘများကို ရူပီး ၂၀၀၀ (၃၇ ဒေါ်လာခန့်) လာပေးပြီး အမှုနှင့်ပတ်သက်၍ နှုတ်ဆိတ်နေရန် ခြိမ်းခြောက်ခဲ့ကြသည်။ နောက်တနင်္ဂနွေနေ့တွင် ကလေးအခြေအနေ မကောင်းတော့ကြောင်း ဆရာဝန်က ထုတ်ဖော် ကြေညာခဲ့သည်။ အဓမ္မကျင့်ခြင်းထက် မဟုတ်တရုတ် လုပ်ထားသည့် ဒဏ်ရာတွေက ကြီးမားသဖြင့် သွေးလွန်ကာ သေဆုံးသွားခဲ့ရသည်။

ရက်အနည်းငယ်သာ ခြားပြီး ရွယ်တူကလေးနှစ်ဦး အဓမ္မအကျင့်ခံ ရခြင်းကြောင့် အမျိုးသမီးတွေ၊ မိခင်တွေ ဒေါသပုန် ထခဲ့ကြရသည်။ ၅ နှစ်သမီးလေး တစ်ယောက်ကို အသက်သေသည်အထိ ရက်စက်စွာ အဓမ္မကျင့်ခံလိုက်ရသည့် ကိစ္စနှင့် ပတ်သက်ပြီး မကျေနပ်မှုများဖြစ်ကာ အစိုးရကို တိုက်ပွဲ ဆင်ခဲ့ကြသည်။ အမျိုးသမီးတွေက မိမိတို့ဘဝနှင့် ကလေးများဘဝ မလုံခြုံမှုကို ဆန္ဒ ဖော်ထုတ် ကြသည်။ ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် နှိမ်နင်းရသည်အထိ ပြဿနာများက ကြီးထွားသွားခဲ့သည်။

ရာပေါင်းများစွာသော ဆန္ဒပြသူများ နယူးဒေလီ ရဲစခန်းရှေ့သို့ ရောက်လာကြသည်။ ရဲတပ်ဖွဲ့၏ တာဝန်ရှိသူများကို ဖြုတ်ပေးရန် ဝိုင်းပြီး တောင်းဆိုကြသည်။ ထို့နောက် ငါးနှစ်သမီးလေး ဆေးကုသ နေသည့် ဆေးရုံသို့လာပြီး စုဝေးခဲ့ကြသည်။

အိန္ဒိယ အမျိုးသားကွန်ဂရက်ပါတီ ဥက္ကဋ္ဌ ဆိုနီယာဂန္ဒီကလည်း အစိုးရအား စကားလုံးများဖြင့် အရေးယူနေခြင်းဖြင့် မုဒိမ်းမှုများကို ရပ်တန့်မသွားစေနိုင်ကြောင်း ပြင်းထန်စွာ သတိပေးချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။ အစိုးရက တာဝန်ရှိ ရဲတပ်ဖွဲ့ဝင် သုံးဦးကို ရာထူးချ အရေးယူထားကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ ထိုရဲများထဲမှ နှစ်ဦးမှာ ကလေးပျောက်တိုင်စဉ် ချက်ချင်း အရေးမယူခဲ့ သူများဖြစ်သည်။

ဝန်ကြီးချုပ် မန်မိုဟန်ဆင်း ကလည်း မကြာမီ မိန့်ခွန်းတစ်ခု ပြောကြားခဲ့သည်။ သူက အမျိုးသမီးများနှင့် ကလေးများဘဝ လုံခြုံစိတ်ချရမှု ရှိစေရမည်ဟု အာမခံသွားသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလတွင် ဘတ်စ်ကား စီးလာသည့် အသက် ၂၃ နှစ်အရွယ် ဆေးကျောင်းသူလေး တစ်ဦးကို သူမ၏ ရည်းစားဖြစ်သူရှေ့တွင်ပင် မုဒိမ်းသမားငါးယောက်က အဓမ္မကျင့်ပြီး ကားပေါ်က ပစ်ချသဖြင့် ထိုကျောင်းသူလေး သေဆုံးခဲ့ရသည်။ အိန္ဒိယနိုင်ငံတွင် အမျိုးသမီးများဘဝ အမှန်တကယ် အကာအကွယ် မဲ့လာပြီလား ဆန်းစစ်စရာ ဖြစ်ခဲ့ရသည်။

၂၀၀၁ ခုနှစ်ကတည်းက အိန္ဒိယနိုင်ငံတွင် ကလေးသူငယ်ဆိုင်ရာ အဓမ္မမှုပေါင်း ၃၃၆ ရာခိုင်နှုန်း တိုးတက်လာသည်ဟု NCRB (Citing National Crimes Record Bureau) ၏ အစီရင်ခံစာ တစ်ခုတွင် ဖော်ပြထားသည်ကို တွေ့လိုက်ရသည်။ ကြောက်ခမန်းလိလိ အရေအတွက်ပင်ဖြစ်သည်။

အာရှလူ့အခွင့်အရေးစင်တာ (ACHR) ၏ အစီရင်ခံစာတွင်လည်း ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ကလေးအဓမ္မမှုပေါင်း ၄၈၃၃၈ မှုရှိကြောင်း၊ ၂၀၀၁ ခုနှစ်တွင် ၂၁၁၃ မှုသာရှိသဖြင့် ၃၃၆ ရာခိုင်နှုန်းခန့် တိုးလာသည်ဆိုခြင်းမှာ အဆိုးမဆိုသာ။ ၂၀၁၁ ခုနှစ် တစ်နှစ်တည်းတွင်ပင် ကလေး အဓမ္မမှုပေါင်း ၇၁၁၂ မှုရှိသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၀၁ ခုနှစ်မှ ၂၀၁၁ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် ကလေးအဓမ္မမှု များကို ပြန်လည် ခြေရာကောက်ကြည့်ရာ မဒ္ဒရာပရာဒက်ရှ်တွင် ၉၄၆၅ မှု၊ မဟာရာရှ်တရ တွင် ၆၈၆၈ မှု၊ ဥတာပရာ ဒက်ရှ်တွင် ၅၉၄၉ မှု၊ ဒါမန်နှင့် ဒီဥတွင် ၉ မှု၊ ဒါဒရာနှင့် နာဂါဟာဝိလီတွင် ၁၅ မှု၊ နာဂါလန်တွင် ၃၈ မှုရှိခဲ့ကြောင်း အစီရင်ခံစာအရ သိရှိရသည်။

“ဒါ့ထက်မက အမှုတွေအများကြီး ရှိနိုင်သေးတယ်။ ကလေးတွေဖြစ်တဲ့ ပြဿနာတွေကို ရဲမတိုင်တာ တွေလည်း အများကြီးရှိတယ်။ ကလေးတွေ အပေါ်ကို မဖော်ပြနိုင်တဲ့ အဓမ္မပြုကျင့်မှုတွေနဲ့ လုပ်ဆောင် နေကြတာတွေလည်း အများကြီးရှိတယ်” ဟု ACHR မှ ဒါရိုက်တာ စူဟာ့စ်ချကမာက ပြောကြား ခဲ့သည်။

အရွယ် မရောက်သေးသည့် ကလေးသူငယ်ဆိုင်ရာ အဓမ္မမှုများ အစီရင်ခံစာ တစ်ခုဖြစ်သည့် ‘အိန္ဒိယငရဲတွင်းများ’ တွင် နိုင်ငံအတွင်းရှိ ကလေးသူငယ်ဆိုင်ရာ အဓမ္မမှုပေါင်း ၇၃၃ မှုသည် ကလေးသူငယ် စောင့်ရှောက်ရေး ဂေဟာများတွင် ဖြစ်ပျက်ခဲ့သည့် အမှုများဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွင်း ကလေးသူငယ် အဓမ္မမှုပေါင်း ၃၉ မှုဖြစ်ခဲ့ရာ အစိုးရဂေဟာတွင် ၁၁ မှုဖြစ်ခဲ့ပြီး၊ ပုဂ္ဂလိက သို့မဟုတ် NGO များက ဖွင့်လှစ်ထားသည့် ကလေးဂေဟာများတွင် ၂၇ မှု ဖြစ်ခဲ့သည် ဟု ဆိုသည်။

လူကြီးများက ပြန်လည်တိုက်ခိုက် ရန်ပြုတတ်သဖြင့် ရာဂမီးတောက်သူ များ၏ ပစ်မှတ်သည် ကလေးများ ဖြစ်လာသည်။ အရက်သေစာ သောက်စားမှု များပြားလာခြင်း၊ ကာမရာဂ ကြွစရာ ညစ်ညမ်းရုပ်ရှင်တွေကို နေရာအနှံ့ ပေါများစွာရရှိနိုင်ခြင်း စသည်တို့မှာ ကလေးများ ဘဝအတွက် စိတ်မအေးစရာ အနေအထားများ ဖြစ်သည်။

အိန္ဒိယတွင် နိုင်ငံခြား ခရီးသွားဧည့်သည် အမျိုးသမီးများကိုပါ မချေမငံ ပြောဆိုခြင်း၊ ကိုယ်ထိ လက်ရောက် ကျူးလွန်ခြင်းများ ရှိလာခြင်းကြောင့် သတိပေးထားရမှုများ ရှိလာသည်။ လမ်းပေါ် တွင် ကစားနေကြသည့် ကလေးများဘဝ မလုံခြုံသည်သာမက မိဘမဲ့ဂေဟာ များတွင် အစောင့်အရှောက်ခံ နေကြရသော ကလေးသူငယ်များ ဘဝသည်ပင် လုံခြုံမှု မရှိတော့ကြောင်း ACHR အစီရင်ခံစာများက ဖော်ပြလာသည်။

အပြစ်မဲ့သည့် ကလေးများဘဝ ခြေချစရာ မရှိသည့် လောကတွင် အသက်ရှင်နေရသော သူတို့အတွက် ကရုဏာသက်စရာ ဖြစ်ပါသည်။ နိုင်ငံတိုင်း၊ နေရာတိုင်း၊ ဒေသတိုင်းတွင် ရာဂမီး တောက်လောင်မှုများ ရှိနိုင်ပါသည်။ ထိုရာဂမီးကို မည်သူတွေ ငြှိမ်းသတ်ကြမည်နည်း။ မည်သို့ ငြှိမ်းသတ်မည်နည်း။ အဖြေ မရှိသေးသည့် ပုစ္ဆာကို တွက်ချက်နေချိန်တွင် ကလေးများ ဘဝသည် ငရဲတွင်းသို့ သက်ဆင်း နေကြရပြီ ဖြစ်သည်။

(၂၀၁၃ ခုနှစ် ဧပြီလမှ မေလအတွင်း ထုတ်ခဲ့သည့်  www.nytimes.com,www.ipsnews.netwww.smh.com.auwww.sify.com, www.hindustantimes website များတွင် ရေးသား ထားသည့် သတင်းများကို ကိုးကားပါသည်။)

Maukkha.org မှ ကူးယူဖော်ပြသည်။

ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ် ငါးခု

၂ဝ၁၃ ခုနှစ်အတွက် ကမ္ဘာ့ အကောင်းဆုံး တက္ကသိုလ် ၁ဝဝ ရဲ့ စာရင်းကို မကြာမီက ထုတ်ပြန်လိုက်ပါသည်။

အဲဒီ စာရင်းထဲမှာ အမေရိကန် တက္ကသိုလ် အခု ၄ဝ ပါဝင်ပါတယ်။ အင်္ဂလန်က တက္ကသိုလ် ကိုးခု ပါဝင်တဲ့ အထဲမှာ အောက်စ်ဖို့ဒ် တက္ကသိုလ်လည်း ပါဝင်လာသလို စတန်းဖို့ဒ် တက္ကသိုလ်ကတော့ အဆင့်ခြောက် နေရာမှာ ရှိနေပါတယ်။ သြစတြေးလျ နိုင်ငံက တက္ကသိုလ် ခြောက်ခုကလည်း အဲဒီစာရင်းထဲမှာ ပါဝင်နေပြီး ဒီတက္ကသိုလ်တွေ ထဲက ငါးခုကို ရွေးထုတ် တင်ပြလိုက်ပါတယ်။

၁။ ဟားဗတ်တက္ကသိုလ် (အမေရိကန် ပြည်ထောင်စု)


အမေရိကန် ပြည်ထောင်စု မက်ဆာချူးဆက် ပြည်နယ် ကင်းဘရစ်ခ်ျမှာ တည်ရှိပြီး ၁၆၃၆ ခုနှစ်က တည်ထောင်ခဲ့တာ ဖြစ်လို့ နှစ်ပေါင်း ၄ဝဝ နီးပါး ရှိပါပြီ။ အမေရိကန် ပြည်ထောင်စုမှာ သက်တမ်း အရင့်ဆုံး အဆင့်မြင့် ပညာ သင်ကြားရေးတက္ကသိုလ် ဖြစ်ပါတယ်။ စတင် တည်ထောင်သူ ဂျွန်ဟားဗတ်ကို အစွဲပြုပြီး ဟားဗတ် တက္ကသိုလ်လို့ အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ် အတွင်းမှာ ကျောင်းသားပေါင်း ၁၉ဝဝဝ ကနေ ၂၁ဝဝဝ အထိ တက်ရောက် သင်ကြားခဲ့ပါတယ်။ အမေရိကန် သမ္မတ ရုစဗဲ့၊ ဂျွန်အက်ဖ် ကနေဒီ၊ ဂျော့ဒဗလျူဘုရှ်နဲ့ ဘားရက်အိုဘားမား တို့ဟာ အဲဒီတက္ကသိုလ် ကျောင်းဆင်းတွေ ဖြစ်ပြီး အခြား ကမ္ဘာ့ နိုင်ငံ တွေက ခေါင်းဆောင်တွေနဲ့ အောင်မြင်ထင်ရှားသူ အများအပြား ဟာလည်း ဟားဗတ် တက္ကသိုလ် ကျောင်းဆင်းတွေ ဖြစ်ကြပါတယ်။

၂။ မက်ဆာချူးဆက်နည်းပညာတက္ကသိုလ် (MIT)


ဟားဗတ်တက္ကသိုလ်လိုပဲ မက်ဆာချူးဆက် ပြည်နယ် ကင်းဘရစ်ခ်ျမှာပဲ တည်ရှိပါတယ်။ ဒီကျောင်းက နိုဘယ်ဆုရှင် ၇၈ ဦး မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။ MIT မှာ ကျောင်းငါးကျောင်းနဲ့ ကောလိပ်တစ်ခု ပါဝင်ပြီး ပညာရပ်ဆိုင်ရာ ဌာနပေါင်း ၃၂ ခု ပါဝင်ဖွဲ့စည်း ထားပါတယ်။ သိပံ္ပပညာ၊ အင်ဂျင်နီယာ ပညာ၊ နည်းပညာနဲ့ သုတေသန ဘာသာရပ်တွေကို အလေးပေး သင်ကြားပေးပါတယ်။ သင်ကြားရေး ဝန်ထမ်းပေါင်း ၁၈၁၈ ဦး ရှိပြီး လက်ရှိ အချိန်မှာ ကျောင်းသားပေါင်း ၁ဝ၈၉၄ ဦး တက်ရောက် ပညာသင်ကြား နေပါတယ်။ ဒီတက္ကသိုလ်ဆင်း ပညာရှင်တွေထဲမှာ စီးပွားရေး၊ ရူပဗေဒ၊ နိုင်ငံရေး ကျွမ်းကျင်သူ ပညာရှင်တွေ အများ အပြားပါဝင် နေပါတယ်။

၃။ ကင်းဘရစ်ခ်ျ တက္ကသိုလ် (ဗြိတိန်)


အင်္ဂလန်နိုင်ငံ ကင်းဘရစ်ခ်ျ အရပ်မှာ တည်ရှိတဲ့ ကမ္ဘာကျော် ပြည်သူပိုင် သုတေသန တက္ကသိုလ် တစ်ခု ဖြစ်ပါတယ်။ အောက်စ်ဖို့ဒ် တက္ကသိုလ်ပြီးရင် ဒုတိယ သက်တမ်းအရင့်ဆုံး တက္ကသိုလ်လည်း ဖြစ်ပါတယ်။ ပထမဆုံး တက္ကသိုလ် ဖွဲ့စည်းမှုကို ၁၂ဝ၉ ခုနှစ်က စတင်ခဲ့တယ်လို့ အဆိုရှိပါတယ်။ လက်ရှိ အချိန်မှာ ကောလိပ် ၃၁ ခုနဲ့ မဟာမိတ် ပြုလုပ် ထားပါတယ်။ ကျောင်းသားပေါင်း ၁၈၄၄၈ ဦး ရှိပြီး သင်ကြားရေး အမှုထမ်း ၅၉၉၉ ဦး ရှိပါတယ်။ ဒီကျောင်းကနေ ဗြိတိန် ဝန်ကြီးချုပ် ၁၅ ဦး၊ စင်ကာပူနဲ့ ဂျော်ဒန် ဝန်ကြီးချုပ်တွေ ပါဝင်တဲ့ နိုင်ငံ့ ခေါင်းဆောင် ၂၃ ဦး၊ ချားလ်မင်းသားနဲ့ ဝေလမင်းသား စတဲ့ တော်ဝင်မျိုးနွယ် ကိုးဦးတို့ မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။

၎။ အောက်စ်ဖို့ဒ် တက္ကသိုလ် (ဗြိတိန်)


ကမ္ဘာမှာ အင်္ဂလိပ် စကားပြောတဲ့ ဒုတိယ သက်တမ်းအရင့်ဆုံး တက္ကသိုလ် ဖြစ်ပါတယ်။ တက္ကသိုလ် ဖွင့်တဲ့ ရက် အတိအကျကို မသိရှိနိုင်တော့ ပေမဲ့ ၁ဝ၉၆ ခုနှစ်က စတင် သင်ကြားခဲ့တဲ့ အထောက်အထားတွေ တွေ့ရ ပါတယ်။ အင်္ဂလန် နိုင်ငံ အောက်စ်ဖို့ဒ်အရပ်မှာ တည်ရှိပြီး ကျောင်းသားပေါင်း ၂၁၅၃၅ ဦး တက်ရောက် သင်ကြား နေပါတယ်။ ဗြိတိန် ဝန်ကြီးချုပ် ၂၆ ဦးဟာ ဒီတက္ကသိုလ်ကို တက်ရောက် ခဲ့ဖူးပြီး အဲဒီအထဲကမှ ကလီးမင့်န် အက်တလီ၊ ဟာရိုးဝီလ်ဆင်၊ မာဂရက်သက်ချာ၊ တိုနီဘလဲနဲ့ လက်ရှိ ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းတို့ ပါဝင်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့နိုင်ငံ အသီးသီးက ခေါင်းဆောင်တွေဖြစ်တဲ့ မန်မိုဟန်ဆင်း၊ အင်ဒီရာဂန္ဒီ၊ ဘနာဇီယာဘူတို၊ ဘီလ်ကလင်တန် နဲ့ ဒေါ်အောင်ဆန်းစုကြည်စတဲ့ ပုဂ္ဂိုလ်တွေဟာလည်း ဒီတက္ကသိုလ်မှာ တက်ရောက် ပညာသင်ကြား ခဲ့ကြပါတယ်။

၅။ ကယ်လီဖိုးနီးယား တက္ကသိုလ် (ဘာကီလေ)


အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယား ပြည်နယ် ဘာကီလေမှာ တည်ရှိပြီး လက်ရှိအချိန်မှာ ကျောင်းသားပေါင်း ၃၅၈၉၉ ဦး တက်ရောက် သင်ကြားနေကြ ပါတယ်။ ဒီတက္ကသိုလ်ကို ၁၈၆၈ ခုနှစ် မတ် ၂၃ ရက်က စတင် ထူထောင်ခဲ့တာ ဖြစ်ပါတယ်။ ၂ဝ၁၂ ခုနှစ်က တက္ကသိုလ်မှာ လည်ပတ် သုံးစွဲတဲ့ ရန်ပုံငွေ ဟာ ဒေါ်လာ ၁ ဒသမ ဝ၉ ဘီလီယံ ရှိပါတယ်။ ဘာသာရပ်ပေါင်းစုံ သင်ကြားနေပြီး နိုဘယ်ဆုရှင် ၇၁ ဦး ကိုလည်း မွေးထုတ် ပေးနိုင်ခဲ့ပါတယ်။ ပါကစ္စတန် ဝန်ကြီးချုပ်ဟောင်း အလီဘူတို၊ အော်စကာဆုရ မင်းသားကြီး ဂရေဂရီပက်၊ ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌဟောင်း ရောဘတ်မက်နာမာရာ၊ ဂူဂဲလ်ကုမ္ပဏီရဲ့ အမှုဆောင် ဥက္ကဋ္ဌ အဲရစ်ရှမစ်တို့ဟာ ကယ်လီဖိုးနီးယား တက္ကသိုလ်ဆင်းတွေ ဖြစ်ကြပါတယ်။

Myawady

အကြမ်းခံ Samsung Galaxy S4 Active ထွက်ရှိမည်

လတ်တလော ဖြန့်ချိနေတဲ့ Samsung Galaxy S4 နဲ့မတူတဲ့ S4 မိသားစုဝင် နောက်တစ်မျိုးကို Samsung တို့ မိတ်ဆက်လိုက် ပါတယ်။ Samsung Galaxy S4 Active လို့ အမည်ရပါတယ်။

Sony အပြင် အခြားကုမ္မဏီအတော်များများက ရေစုံခံဖုန်း အကြမ်းခံ ဖုန်းတွေ ထုတ်နေပြီလေ။ Samsung လည်း ခေတ်နောက်ကျ မခံပါဘူး။ Samsung Galaxy S4 Active အမည်နဲ့ ရေစုံခံ၊ ဖုန်မှုန့်ဒဏ်ခံနိုင်မယ့် စမတ်ဖုန်း အမျိုးအစားကို မိတ်ဆက်ပြသခဲ့ပါတယ်။

ဘာထူးခြားလဲ

ထူးခြားချက်ကတော့ ရေအောက် ၃ ပေမှာ မိနစ် ၃၀ အထိ နေနိုင်ပြီး ဓာတ်ပုံ၊ ဗီဒီယို ရိုက်ကူးလို့ ရပါတယ်တဲ့။ ပြီးတော့ အပြင် ကာဗာ၊ ကိုယ်ထည် များကလည်း အကြမ်းခံပါတယ်။ အဓိကကတော့ အကြမ်းခံမှုကို ဦးစား ပေးလိုက်တာပါ။ နောက်ပြီးတော့ အရောင်လည်း စုံလာပါတယ်။ အနီ၊ လိမ္မော်၊ အဝါ၊အနက်၊ အဖြူ အစရှိသဖြင့် ရွေးစရာ စုံလာမယ်လို့ ဆိုလာပါတယ်။

ကင်မရာ

ကင်မရာကတော့ 13 MP မရှိတော့ပါဘူး။ 8 megapixel ပဲ ရှိပါတော့တယ်။ Pixel က အဓိကမဟုတ်ပါဘူး။ lens က အဓိကပါ။ S4 မှာပါတဲ့ Lens နဲ့ အတူတူပါပဲတဲ့။ Pixel ပိုများတော့ ပုံခပ်ကြီးကြီး ရိုက်နိုင်တာပေါ့။ အခြားသော App များလည်း အတူတူပါတဲ့အတွက် ကင်မရာမှာ ယခင် S3 တွေထက်တော့ သာမယ်လို့ ဆိုပါတယ်။

မျက်နှာပြင်

၅လက်မ 1920 x 1080 pixel resolution LCD display (443ppi) ကို အသုံးပြုပါတယ်။ Samsung Galaxy S4 လို Super AMOLED မဟုတ်တော့ ပါဘူး။ သို့ပေမယ့် Nokia Lumia နဲ့ အရည်အသွေး တူသွားပါတယ်။ LCD ပေမယ့် အတော်ကြည်တဲ့ LCD အမျိုးအစားပါ။


Internally speaking

1.9 GHz quad-core processor ကို အသုံးပြု ပါတယ်။ Android ကလည်း 4.2.2 Jelly Bean yါ။ Wi-Fi, Bluetooth 4.0, NFC, USB 2.0 အားလုံး S4 က ပါသလို အကုန်ပါပါတယ်။ ဥရောပမှာဆိုရင် 4G LTE support လုပ်ပေး ပါသတဲ့။

သူက Memory မှာတော့ Internetl 16 GB တစ်မျိုးပဲ ထွက်မှာပါ။ S4 တုန်းကလို 16,32,64 GB ဆိုပြီး တိုးထွက်မလာပါဘူး။ microsSD ကတော့ ထပ်စိုက်လို့ ရပါတယ်။


S4 နဲ့ S4 Active ဘယ်ဟာရွေးမလဲ

ဈေးတော့ မတိမ်းမယိမ်းသွားကြမှာပါ။ အတိအကျတော့ မကြေညာရသေး ပါဘူး။ အကြမ်းခံ၊ ရေစိုခံဖို့အတွက် အပြင် သတ္တုတွေမှာ အကောင်းဆုံး သုံးလိုက်ပေမယ့် ဖန်သား မျက်နှာပြင်အရည်အသွေးနဲ့ ကင်မရာ Pixel ကျတော့ လျော့လိုက်တယ်။ ကိုယ်ကြိုက်တာသာ ရွေးကြပေါ့။ နမော်နမဲ့ နိုင် သမား။ သို့မဟုတ် ရေလမ်းခရီး ခရီးသွားရသူများအတွက် ကတော့ S4 Active က ပိုကောင်းမယ်ထင်ပါတယ်။ မိုးရာသီလည်း ဖြစ်နေတော့ Active လည်း တစ်ခေတ်ထနိုင်ပါတယ်။

ကျန်တဲ့ Hardware နဲ့ Software များကတော့ အတူတူပါပဲ။ ပါဝင်တဲ့ Feature က အစပေါ့။ Samsung Galaxy S4 Active ကို ဇူလိုင်လ ၁ ရက်နေ့ကစလို့ စတင် ဖြန့်ချီမှာ ဖြစ်ကြောင်း သိရပါတယ်။

TechSpaceJournal မှ ကူးယူဖော်ပြသည်။

ဧ၀ရတ်တောင်မှ ဒိုင်ဗင်ထိုးချကာ ကမ္ဘာ့စံချိန်တင်

ရုရှား နိုင်ငံမှ အသက် ၄၈ နှစ်အရွယ် ရှိ အမျိုးသား တစ်ဦး ဖြစ်သူ ဗောင်းလာရီရိုဇော့ဗ် ဆိုသူသည် ဧဝရတ်တောင်ပေါ်သို့ လူသားများ တက်ရောက် နိုင်ခြင်း နှစ် (၆ဝ) ပြည့် အထိမ်း အမှတ် အဖြစ် အဆိုပါ တောင်၏ မြောက်ဘက်ရှိ ချောက်ကမ်း ပါးမှ တိဗက် ပိုင်နက် အတွင်းရှိ ဂွန်ဘက်ခ် ရေခဲမြစ် အတွင်းသို့ မေ ၅ ရက်က တစ်နာရီ ၁၂၅ မိုင်နှုန်းဖြင့် ဒိုင်ဗင် ထိုးခဲ့ပြီး ကမ္ဘာ့ စံချိန် တင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စွမ်းဆောင်ချက်သည် ကမ္ဘာ့ အကျော်ကြားဆုံး တောင်ထိပ်မှ နှစ် (၆ဝ) အတွင်း ပထမဆုံး အကြိမ် အဖြစ် ဒိုင်ဗင် ထိုးပြ ခဲ့ခြင်း ဖြစ်သည်။ ဧဝရတ် တောင်သည် ပင်လယ်ရေ မျက်နှာပြင် အထက် ၇၂၂ မီတာတွင် တည်ရှိပြီး ရိုဇော့ဗ်သည် ယင်းသို့ ဒိုင်ဗင် ထိုးရာတွင် အထူး စီမံ ချုပ်လုပ် ထားသော ဝတ်စုံကို ဝတ်ဆင် ခဲ့သည်။

ထို့နောက် ရိုဇော့ဗ်သည် တောင်ထိပ်မှ ပေ ၅၉၅ဝ မီတာ အကွာတွင် ရှိသည့် ရေခဲမြစ် အတွင်းသို့ အမြန်နှုန်း တစ်နာရီ ၁၂၅ မိုင်နှုန်းဖြင့် ဆင်းသက် နိုင်ခဲ့သည်။ အမြင့်မှ ဒိုင်ဗင် ထိုးချ ခြင်းကို အကြိမ်ပေါင်း ၁ဝဝဝဝ နီးပါး ပြုလုပ်ခဲ့သော ရိုဇော့ဗ်သည် ယခုကဲ့သို့ လုပ်ဆောင်ရန် နှစ်နှစ် ကြာမျှ အချိန် ယူခဲ့ ရသည်။

၎င်းသည် မြေပြင်မှ ဒိုင်ဗင် ထိုးချမည့် ချောက်ကမ်းပါးသို့ ရောက်အောင် လေးရက်ကြာ တက်ခဲ့ ရကြောင်း၊ ကြံ့ခိုင်မှုနှင့် စိတ်ဓာတ်ပိုင်း ဆိုင်ရာ နှစ်ခု လုံးကို အကောင်း မွန်ဆုံး ဖြစ်အောင် ကြိုးပမ်း ရကြောင်း ရိုဇော့ဗ်က ပြောကြား ခဲ့သည်။

Myawady
Related Posts Plugin for WordPress, Blogger...