ကျွန်တော်လဲ မရောက်ဖူးတော့မသိပါဘူး.. ဖတ်ဖူးတာလေးပါ...။
ယူကေကိုသွားပြီးကျောင်းသွားတက်ချင်တဲ့ ညီကိုမောင်နှမတို့အတွက် သိစေချင်လို့ရည်ရွယ်ရေးသားလိုက်ပါတယ်။
“ကိုမင်းထက်ရယ် ကျမရှေ့ဆက် ဘယ်လို စခန်းသွားရမှန်းတောင် မသိတော့ပါဘူးရှင်၊ ဗီဇာတိုးတော့လဲ သုံးလပဲပေးတယ်၊ သုံးလပြည့်တိုင်း ထပ်ထပ်တိုးနေရတယ်၊ တစ်ခါတိုးရင် (၃၇၅) ပေါင်၊ ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက်နဲ့ ဖတ်ဖတ်ကို မောနေတာပဲ”
စောစောစီးစီး ဖုန်းဆက်ပြီး သူ့အခက်အခဲကို ငြီးပြနေရှာတဲ့ သူငယ်ချင်းရဲ့ စကားသံကြောင့် ရင်ထဲမှာ ဆို့ဆို့နစ်နစ်ကြီး ခံစားလိုက်မိတယ်။ အင်္ဂလန်ကို ကျောင်းတက်ဖို့ဆိုတဲ့ ရည်ရွယ်ချက်ကြီးနဲ့ ရောက်လာကြတဲ့ မြန်မာပြည်က ကျောင်းသူကျောင်းသားတွေရဲ့ ဒုက္ခအဖုံဖုံထဲက ပြယုဂ်တစ်ခုပါ။ ရောက်စတုန်းက ကျောင်းသားဗီဇာနဲ့ ရောက်လာကြတဲ့ ကျောင်းသားတွေခမျှာ တစ်နှစ်ကုန်တိုင်း၊ ဒါမှမဟုတ် သက်ဆိုင်ရာ ကျောင်းကပေးတဲ့ ဗီဇာသက်တမ်းကုန်တိုင်း Home Office မှာ ဗီဇာထပ်ထပ်တိုးရတဲ့ ပြဿနာက တော်တော်ကြီးပါတယ်။
အထူးသဖြင့် ၂၀၀၉ အ၀င်ကစပြီး ပိုပိုကြပ်လာပါတယ်။ ဘာလို့လဲဆိုတော့ လာမည့် ၂၀၁၂-မှာ ကျင်းပမည့် လန်ဒန်အိုလံပစ်ပွဲတော်အတွက် ကြိုတင်ပြင်ဆင်မှုတွေကို လုပ်နေတဲ့ စီမံကိန်းများစွာများစွာထဲက လုံခြုံရေးစီမံကိန်းအရ တင်းကြပ်မှုတွေ ပိုလုပ်လာတယ်လို့ သိရပါတယ်။ အဲဒီလို တင်းကြပ်မှုတွေ လုပ်တဲ့အထဲမှာ ပြည်ပက ကျောင်းတက်ဖို့ရောက်လာကြတဲ့ကျောင်းသားတွေက အလကားနေရင် ကြားထဲက ခါးနာကြရှာတယ်။ ကျောင်းတက်ဖို့ ရောက်လာတဲ့ ကျောင်းသားတွေကလဲ အမျိုးမျိုးပါပဲ။ ဘာလို့လဲဆိုတော့ ယူကေမှာက ကျောင်းကလဲ အမျိုးမျိုးပေကိုး။
(၁) တက္ကသိုလ်အဆင့် (ဥရောပအဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံခြားကျောင်းသားများ တစ်နှစ်စာ ကျောင်းစရိတ်သက်သက် ပေါင် တစ်သောင်း နှစ်ထောင်အထက်ပေးရပါတယ်)
(၂) တက္ကသိုလ်လက်အောက်ခံ ကောလိပ်အဆင့် (တစ်နှစ်စာအတွက် ကျောင်းစရိတ်သက်သက် ပေါင်ရှစ်ထောင်ဝန်းကျင်)
(၃) ပြင်ပ အစိုးရအသိအမှတ်ပြု စာတကယ်သင်ပေးတဲ့ ကျောင်းများ ( Term အလိုက် ပေးရပါတယ်၊ ဥပမာ- သုံးလ Term တစ်ခု သတ်မှတ်ရင် အဲဒီ Term တစ်ခုအတွက် ပေါင်း ၄၀၀ ကျော် ၅၀၀ နီးပါး ပေးရပါတယ်၊ ကျောင်းအလိုက် ကျောင်းစရိတ်ကွဲပြားမှု ရှိပါတယ်)
(၄) ပြင်ပအစိုးရ အသိအမှတ်ပြု စာမသင်ပေးတဲ့ လုပ်စားကျောင်းများ (အထက်က ကျောင်းလိုပဲ ကျောင်းစရိတ် စသည်ပေးရပါတယ်)
သိရသလောက် ဖေါ်ပြပေးလိုက်တာပါ။ တခြားပုံစံမျိုးနဲ့ Run နေတဲ့ ကျောင်းတွေ ကောလိပ်တွေလဲ ရှိဦးမယ် ထင်ပါရဲ့။ မြန်မာပြည်က ကျောင်းတယ်မယ်ဆိုပြီး ရောက်လာကြတဲ့ ကျောင်းသားအများစု (၇၀% ရာခိုင်နှုံး) ကတော့ အမှတ် (၃) နဲ့ (၄) ကျောင်းမျိုးတွေမှာပဲ တက်ကြတာပါ။ ဒီလိုတက်ရတာကလဲ အကြောင်းအမျိုးမျိုးပါပဲ။ ကျောင်းသားအများစုဟာ မြန်မာပြည်မှာ ချမ်းသာတဲ့မိသားစုဝင်က လာတာများမှာပါ။ ဒါပေမဲ့ မြန်မာပြည်ရဲ့ ငွေကြေးဟာ ဒီရောက်တော့ ထင်သလောက်မပေါက်တော့တဲ့အတွက် ကျောင်းတစ်ဖက်၊ အလုပ်တစ်ဖက် မဖြစ်မနေ လုပ်ကြရတော့တာပါပဲ။ ကျောင်းသားဗီဇာကိုင်ထားတဲ့ ကျောင်းသားတိုင်း တစ်ပတ်မှာ နာရီ (၂၀) အလုပ်လုပ်ခွင့် ရှိပါတယ်။
တစ်နာရီမှာ ပျန်းမျှ (၅) ပေါင်ရတဲ့ အလုပ်တစ်ခုကို နာရီ (၂၀) နဲ့တွက်ကြည့်ရင် တစ်ပတ်မှာ ပေါင် (၁၀၀) လောက်ပဲ ရကြပါတယ်။ တစ်လဆိုရင်တော့ ပေါင် (၄၀၀) ပေါ့။ ဒေါ်လာ (၆၀၀) ကျော်၊ မြန်မာကျပ်ငွေ လက်ရှိပေါက်ဈေးနဲ့ ခြောက်သိန်းနီးပါးလောက် ရမယ်ထင်ပါရဲ့။ အဲဒီတော့ တစ်လမှာ ကျပ်ခြောက်သိန်းလောက် ၀င်ငွေရှိတဲ့ ကျောင်းသားတစ်ယောက်ဆိုပါတော့။ အလုပ်ရလို့ တစ်လ ပေါင် (၄၀၀) ၀င်ငွေရှိတဲ့ ကျောင်းသားတစ်ယောက်ရဲ့ အသုံးစရိတ်ကို ကြည့်ရအောင်။
(၁) ကျောင်းစရိတ် (တက်တဲ့တက္ကသိုလ်စသည်အလိုက် အနည်းအများ အလွန်ကွဲပြားမှုရှိပါတယ်၊ ဒါပေမဲ့ တစ်လ ပေါင် (၁၀၀) နဲ့ပဲ တွက်ကြစို့၊
(၂) အိမ်လခ (ငှါးတဲ့ အိမ်အနေအထားလိုက် ကွဲပြားမှုရှိပါတယ်။ နောက်ပြီး ခွဲနေခြင်း၊ တွဲနေခြင်း စသည်အလိုက် ကွဲပြားမှုလဲ ရှိပြန်ပါတယ်။ ဒါကြောင့် တစ်လ ပေါင် (၁၀၀)နဲ့ ပဲတွက်မယ်)
(၃) စားစရိတ် (လူတစ်ယောက်အကြိုက်တစ်မျိုးမို့ ကွဲပြားမှုရှိပါတယ်၊ ဒါကြောင့် ပျန်းမျှ တစ်လ(၂၀၀)ပဲထား။
(၄) မီးဖိုးရေဖိုး၊ (သုံးသလောက်ကုန်တတ်ပါတယ်၊ ဒါကြောင့် တစ်လ (၃၀) ပဲထား။)
(၅) ကားရထားခ (တစ်ရက် ပျန်းမျှ ငါးပေါင်နဲ့ပဲတွက်ဦး၊ တစ်လ (၁၅၀)လောက်ကျမယ်။ ဒါပေမဲ့ (၁၀၀) ပဲထားမယ်။)
(၆) ဖုန်းဖိုး ( Contract နဲ့ Pay-Go အလိုက်ကွာခြားမှုရှိပါတယ်။ ဒါကြောင့် တစ်လ (၂၀) ပဲထား။)
(၇) အထွေထွေဝယ်ခြမ်း (၀ယ်သလောက်ကုန်မှာပါ။ ဒါကြောင့် (၅၀) နဲ့ပဲတွက်ကြည့်။)
ဒါတွေ အားလုံးဟာ Minimum Calculation ပါ။ ဒါတောင် တစ်လ ပေါင် (၆၀၀) လောက်ကုန်နေပါပြီ။ တစ်လ ပေါင် (၄၀၀) လောက်ပဲ ၀င်ငွေရှိတဲ့ ကျောင်းသားတစ်ယောက်အတွက် ဘယ်နည်းနဲ့မှ မလောက်နိုင်ပါဘူး။ ဒီတော့ ဘာလုပ်ရသလဲဆိုရင် ကျောင်းတက်တဲ့ ကျောင်းသားတစ်ယောက်ဟာ နာရီ (၂၀) ထက်ပိုပြီး အလုပ်လုပ်ဖို့ ဖြစ်လာရပါတယ်။ အဲလို လုပ်လို့ Home Officeနဲ့ မိရင်တော့ လုံးဝသက်သာမယ် မထင်လိုက်နဲ့။ ဒဏ်ငွေလား၊ ပြန်စေလား တစ်ခုခုပါပဲ။
အဲဒီတော့ ရောက်လာတဲ့ ကျောင်းသားတွေဟာ ကျောင်းတက်ဖို့ရည်ရွယ်ရင်း ရှိကြပေမဲ့ အခြေအနေအရ ကျောင်းမတက်နိုင်ကြတာ များပါတယ်။ ကျောင်းသားဗီဇာကိုင်ထားပြီးတော့ အောက်ဆုံးအဆင့်ဖြစ်တဲ့ လုပ်စားကျောင်းတွေမှာ ကျောင်းအပ်ပြီး အလုပ်လုပ်ကြရရှာပါတယ်။ ကျောင်းတက်စရာမလိုပဲ နာရီ (၂၀) ထက်ပိုအောင် ခိုးလုပ်ကြရပါတယ်။ များသောအားဖြင့် In-Cash ခေါ် လက်ငင်းပိုက်ဆံရတဲ့အလုပ်တွေကို ရှာလုပ်ကြရပါတယ်။ ပေးထားတဲ့ နာရီ (၂၀) ကိုတော့ ဘဏ်စာရင်းပြပြီး ကျန်တဲ့နာရီတွေကိုတော့ ဘဏ်ထဲမ၀င်စေပဲ လက်ငင်းပေးတဲ့ အလုပ်မျိုးကို လုပ်ရကြပါတယ်။
လုပ်စားကျောင်းတွေကလဲ အဲလိုလုပ်မှန်းသိတော့ ပိုရစ်တတ်ကြပြန်ပါတယ်။ ကျောင်းသူကျောင်းသားတွေခမျှာ ပြေးပေါက်လဲရှိ ပေးပေါက်လဲမရှိနဲ့ အတော်ဂွကျပါတယ်။ ဒီတော့ ရှိတဲ့လူတွေဆီက ချေးငှါးရတာတွေပါ ဖြစ်လာပြန်ရော။ မဟုတ်ရင်လဲ မြန်မာပြည်က မိဘတွေဆီ ပြန်ပြီး အပူကပ်ကြရပြန်ရော။ စုမိဆောင်းမိဖို့ မပြောနဲ့ အကြွေးသံသရာ မလည်အောင် မနည်းကျိုးစားကြရပါတယ်။ ပညာဆိုတာကတော့ ဝေလာဝေးပါပဲ။ လာရင်းရည်ရွယ်ချက်ပျောက်ပြီး ယူကေမှာ ဆက်လက်နေထိုင်နိုင်ဖို့အရေး ငွေနောက်ပဲ လိုက်နေကြရတဲ့ ဘ၀ရောက်သွားကြပြန်ပါတယ်။
ဒီလိုပြောလို့ ယူကေရောက်ရင် ဘာမှ အဆင်မပြေဘူး လို့ ဆိုတာတော့ မဟုတ်ပါဘူး။ အဆင်ပြေနေတဲ့လူတွေလဲ တစ်ပုံကြီးပါပဲ။ ဘယ်လိုလူတွေ အဆင်ပြေလဲ မေးရင်တော့ Asylum (ခိုလှုံခွင့်) ခံတဲ့လူတွေလို့ ပြောရမယ်ထင်ပါရဲ့။ အဲဒီအတွက်တော့ ကျယ်ကျယ်မရေးချင်ပါဘူး။ ကိုယ်လဲ အဲဒါမျိုးတော့ မလုပ်ဘူးလို့ စိတ်ကူးထားလို့ပါ။ ကိုယ့်နိုင်ငံကို ပြန်ချင်တဲ့စိတ်ကတော့ အမြဲရှိနေတဲ့အတွက် ကျောင်းပြီးတဲ့အခါ အဆင်ပြေပြေပြန်နိုင်အောင် Asylum ခံဖို့တော့ ဘယ်သူ့မှ မပြောလိုပါဘူး။ လုပ်တဲ့လူတွေလဲ အခြေအနေအရ လုပ်လိုက်ကြရပေမဲ့ အိမ်လွမ်းနေကြရတာတော့ အမှန်ပါပဲ။
မိန်းကလေးတွေကိုတော့ သတိပေးချင်ပါတယ်။ ယူကေရောက်လာတဲ့ အချို့မိန်းကလေးတွေဟာ လာတုန်းကတော့ ရည်ရွယ်ချက်ကြီးကြီးမားမားနဲ့ ရောက်လာကြပေမဲ့ အထက်မှာ ကျောင်းသားအများစု ကြုံရတဲ့ ပြဿနာမျိုးတွေနဲ့ ကြုံလာတဲ့အခါ ကယ်သူကို ရှာရင်းနဲ့ ဘ၀လမ်းပျောက်ပြီး ဟိုမရောက်ဒီမရောက်ဖြစ်နေတာတွေလဲ အတော်များများတွေ့ရလေရဲ့။ အိမ်လခ လုံလောက်အောင် မပေးနိုင်တဲ့အတွက် အခြားလူတွေနဲ့ စုပေါင်းပြီး အိမ်ငှါးနေကြရာက ညိကြရင်း ကြာတော့ Living Together ဘ၀နဲ့ UK Standard ၀င်သွားကြပါလေရော။ ကိုယ့်မြန်မာ အချင်းချင်းဆို တော်သေးရဲ့။ အချို့က ကိုယ့်လူမျိုးမဟုတ်တဲ့ ကပ္ပလီကောင်မျိုးတွေနဲ့တောင် အဲဒီလိုနေတယ်လို့ ကြားနေ သိနေရပါတယ်။ ပြဿနာက ကပ္ပလီနဲ့ အိပ်ပြီးရင် ကိုယ့်မြန်မာတွေကို လူမထင်တတ်တော့တာ အဆိုးဆုံး။ ဒီနေရာမှာတော့ ဗမာဖြစ်ရတာ နာသကွာ လို့သာ အော်လိုက်ချင်ရဲ့။
ရောက်ခါစအချို့မိန်းကလေးတွေရဲ့အဖြစ်အပျက်တွေက နားမချမ်းသာစရာပါ။ မြန်မာပြည်က အသိတစ်ယောက်ယောက် မိတ်ဆက်ပေးလို့ သိလာခဲ့ရတဲ့ လူတစ်ယောက်ကို အားကိုးပြီးရောက်လာကြတဲ့ သူတွေလဲ ရှိလေရဲ့။ ဒီရောက်တော့ အဲဒီလူနဲ့ပဲ တွဲသွားတွဲလာလုပ်ရင်း အိုးချင်းထိ ကြိုးချင်းညှိ ဂိုးသွင်းမိ ဆိုသလို အဖြစ်အပျက်က မနှစ်သက်စရာ။ ပြဿနာ အဲဒီလူက သူလိုချင်တာရပြီးရင် ပြန်လှည့်မကြည့်ပဲ ပစ်သွားလို့ မိန်းကလေးခမျှာ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေရတာတွေလဲ အများကြီး။ ဒီတော့ ညီငယ် ညီမငယ်တွေကို အကြံပြုလိုတာက ယူကေလာပြီး တကယ်ပညာသင်ချင်ရင်---
(၁) မိမိတက်မည့် တက္ကသိုလ်/ကောလိပ်/ကျောင်း တွေဟာ တကယ်ရှိရဲ့လား စုံစမ်းပါ။
(၂) ကျောင်းစရိတ်၊ အဆောင်စရိတ်စသည်ကို ကိုယ်နေမည့်နှစ်နဲ့တွက်ပြီး လုံလောက်မှုရှိ/မရှိ စုံစမ်းပါ။
(၃) အပေါင်းအသင်းကောင်းကောင်း ရှာပါ။ တစ်ယောက်ကြောင်း တစ်ယောက်သိနေတဲ့ သူငယ်ချင်းမျိုးမှ စိတ်ချရပါတယ်။
(၄) အရေးကြီးဆုံးကတော့ ကိုယ်ဘာလုပ်မလဲ ဆိုတဲ့ မေးခွန်းကို အခါတစ်ထောင်ပြည့်အောင် ကိုယ့်ကိုယ်ကို ပြန်မေးပါ။
(၅) ဘာပဲလုပ်ရလုပ်ရ အင်္ဂလန်ရောက်ရင် ပြီးတာပဲ ဆိုတဲ့ စိတ်မျိုးမမွေးမိပါစေနဲ့။
(၆) ကိုယ်လဲကျသွားတဲ့အခါ ကိုယ့်ကို ဘယ်သူထူပေးမလဲ ဆိုတာကိုလဲ ကြိုတင်စဉ်းစားထားပါ။
(၇) အင်္ဂလိပ်စာနဲ့ စကားကိုလဲ လိပ်ပတ်လည် ရေးတတ် ပြောတတ်အောင် လေ့ကျင့်ထားပါ။ ကျောင်းတကယ်တက်ဖို့အတွက် ဒုတိယအရေးကြီးဆုံးက သူတို့ဘာသာစကားပါပဲ။
(၈) ဘယ်လိုအနေထားနဲ့ပဲ ကြုံကြုံ၊ နဂိုရည်ရွယ်ချက်တော့ အပျောက်မခံဘူး လို့ ဆုံးဖြတ်ထားပါ။
တွေ့ရကြုံရသလောက်ကို တင်ပြပေးလိုက်တာပါ။ အင်္ဂလန်လာပြီး ပညာသင်ဖို့ ငွေရှာဖို့ ရည်ရွယ်ချက်ရှိကြ အိမ်မက်မက်နေကြတဲ့ အကို၊အမ ညီငယ်၊ညီမတွေ ဒီပို့စ်လေး ဖတ်ပြီး ကိုယ့်ကိုယ်ကို ပြန်သုံးသပ်နိုင်ကြမယ်လို့ မျှော်လင့်ပါတယ်။ အားလုံးအဆင်ပြေပါစေ။

No comments:
Post a Comment