လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အောင်မြေနှင့်ပတ်သက်၍

ဒါလေးက အရှင်ဆန်နီနေမင်းဆိုက်က ဖတ်ဖူးတာလေးပါ...။ ပြန်လည်ဝေမျှပေးလိုက်ပါတယ်...။

ဦးဇင်းဘုရား တပည့်တော် မေးလျှောက်စရာလေး ရှိပါတယ်ဘုရား။ ဘုရားစေတီ တွေမှာ အောင်မြေဆိုပြီး သတ်မှတ်ထားတဲ့ ကိစ္စပါဘုရား။ အဲဒါ ဘုရားဟော ပိဋကတ်တော်တွေမှာ ပါ/မပါ သိပါရစေဘုရား။ အကျိုးထူးကွာခြားမှုလည်း သိချင်ပါတယ် ဘုရား။ ဦးဇင်း အချိန်ရရင် ပို့ရေးတင်ပေးပါရန် ရိုသေစွာ လျှောက်ထားအပ်ပါသည် ဦးဇင်းဘုရား။

အင်း ဘုရားဟောထဲမှာတော့ ဦးဇင်းသိသလောက် အောင်မြေနေရာ သီးသန့်ဌာနတစ်ခုအဖြစ် ဟောကြားထားတာ မတွေ့ဖူးပါ။
မြတ်စွာဘုရားရှင်သည် ဗောဓိညောင်ပင်ရင်း၌ပင် ကိလေသာအားလုံးကိုလည်း အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့တယ်။ အောင်ခြင်းရှစ်ပါးကိုလည်း အောင်မြင်အောင် ပြုလုပ်နိုင်ခဲ့ခြင်းကြောင့် ထိုဗောဓိညောင်ပင်မြေနေရာကို အောင်မြေဟု သတ်မှတ်ကြပါတယ်။

ဘုရင်တစ်ပါးသည် သူစစ်အောင်မြင်နေရာကို သူ၏အောင်မြေဟု သတ်မှတ်သကဲ့သို့ ကျန်သောသူများသည်လည်း မိမိတို့ဆိုင်ရာ အောင်မြင်သော နေရာများကို အောင်မြေဟု သတ်မှတ်လေ့ရှိကြပါတယ်။

ဗုဒ္ဓဘာသာဝင်တို့ရဲ့ အဓိကအောင်မြေကတော့ မြတ်ဗုဒ္ဓ ကိလေသာများကိုရော အောင်ခြင်းရှစ်ပါးကိုရော အောင်မြင်ခဲ့တဲ့ ဘုရားဖြစ်ရာ ဗောဓိညောင်ပင်မြေနေရာပဲ ဖြစ်ပါတယ်။ ထိုမြေနေရာမှ မြေများကိုယူကာ မိမိတို့နေရာအသီးသီးသို့ ယူဆောင်ပြီး အောင်မြေနေရာအဖြစ် သတ်မှတ်ကြပါတယ်။

စာရေးသူတို့ မြန်မာနိုင်ငံရှိ စေတီများတွင် အောင်မြေနေရာအဖြစ် သီးသန့်နေရာလေးတွေရှိတာ တွေ့ဖူးပါတယ်။ အဲဒီနေရာလေးသည် အိန္ဒိယနိုင်ငံ ဗောဓိညောင်ပင်မြေနေရာမှ မြေများကိုပွားယူ၍ ထားကြသည်ဟု သိရှိရပါတယ်။ ထို့အတူ အိန္ဒိယနိုင်ငံတွင်လည်း ဘုရားရှင်သီတင်းသုံးတော်မူခဲ့သော ဗောဓိညောင်ပင်မြေနေရာကို အောင်မြေနေရာဟု ယနေ့ထိတိုင်း သတ်မှတ်ထားကြပါတယ်။

ဒီနေရာဟာ မြတ်ဗုဒ္ဓ ကိလေသာအားလုံးကိုရော အောင်ခြင်းရှစ်ပါးကိုရော အောင်မြင်ခဲ့တဲ့ အောင်မြေနေရာပဲဟု မိမိစိတ်မှာ ယုံကြည်ချက်ကြီးစွာဖြင့် ခြေနင်းကာ အလုပ်ကိစ္စ စာမေးပွဲကိစ္စတို့ကို ဖြေဆိုလုပ်ကိုင်လျှင် အောင်မြင်ဖို့ ရာခိုင်းနှုန်း များနိုင်ပါတယ်။ မြတ်ဗုဒ္ဓအောင်မြေက အောင်မြင်အောင် ဖန်တီးပေးခြင်းတော့ မဟုတ်ပါဘူ။ မိမိရဲ့စိတ်ဓာတ်တက်ကြွပြီး ဆန္ဒဦးဆောင်မှု အားကောင်းသောကြောင့် စိတ်ပါလက်ပါဖြင့် စာမေးပွဲဖြေဆို အလုပ်အကိုင်များ ကောင်းကောင်းမွန်မွန် လုပ်ကိုင်ဖြေဆိုမည်ဖြစ်သောကြောင့် အောင်မြင်ဖို့ ရာခိုင်နှုန်း များနိုင်ပါတယ်။

မိမိကိုယ်တိုင်က စာလည်းမကျက် အလုပ်လည်း လုံလ၀ီရိယမစိုက်ဘဲ အောင်မြေနေရာနင်းရုံးနဲ့တော့ စာမေးပွဲလည်း မအောင်မြင်နိုင်သလို အလုပ်လည်း အဆင်ပြေလိမ့်မည် မဟုတ်ပါ။

အဲဒီတော့ အောင်မြင်နေရာကိုနင်းခြင်းသည် မိမိအတွက် စိတ်ဓာတ် လှုပ်ဆော်ပေးမှုနှင့် ဆန္ဒပြင်းပြမှုတို့သာ ပေးနိုင်စွမ်း ရှိပါလိမ့်မည်။ မြတ်ဗုဒ္ဓကိုယ်တိုင်က ကယ်တယ်ဖန်တီးရှင် မဟုတ်ဘဲ လမ်းညွှန်ပုဂ္ဂိုလ်သာဖြစ်သောကြောင့် မိမိကိုယ်ကို အားကိုးခြင်းသည်သာလျှင် အောင်မြင်ခြင်းအားလုံး၏ အဓိကဖြစ်ပါတယ်။ မြတ်ဗုဒ္ဓလမ်းညွှန်မှုကို မိမိတို့က လိုက်နာကျင့်သုံးပြီး အားထုတ်လုပ်ကိုင်မည်ဆိုလျှင် မျက်မှောက်သံသရာမှာ အရားအားလုံး အောင်မြင်ပါလိမ့်မယ်။

နိဂုံးချုပ်အနေဖြင့် ပြောရမည်ဆိုလျှင် အောင်မြေနေရာဟူ၍ ကမ္ဘာမြေကြီးတွင် သီးသန့်နေရာ မရှိနိုင်ပါ။ ဗုဒ္ဓဘာသာတို့၏ အယူအဆ မြတ်ဗုဒ္ဓဘုရားဖြစ်ရာ ဗောဓိညောင်ပင်မြေနေရာကိုသာလျှင် အောင်မြေဟု သတ်မှတ်ကြပါသည်။ အောင်မြေနေရာကို နင်းရုံးဖြင့် အောင်မြင်ဖို့ မဖြစ်နိုင်ပါ။ မိမိတို့၏ ကြိုးစားအားထုတ်မှုလည်း လိုပေသည်။ ထို့ကြောင့် မြတ်ဗုဒ္ဓသည် ကိလေသာအားလုံးနှင့် အောင်ခြင်းရှစ်ပါးကို အောင်မြင်အောင် လုပ်နိုင်သလို မိမိတို့သည်လည်း မျက်မှောက်ဘ၀မှာရော နောင်ဘ၀များမှာရော အစစအရာရာ အောင်မြင်ချောမွေ့အောင် ဒါန၊ သီလ၊ ဘာဝနာများကို နေ့စဉ်အောင်မြင်အောင် ပြုလုပ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း…..။

No comments:

Related Posts Plugin for WordPress, Blogger...