လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ဘယ်လိုတုန့်ပြန်မှာလဲ ?

အင်တာနက်ကဖတ်ဖူးတာလေးကို သဘောကျလို့ပြန်လည်ဝေမျှလိုက်ပါတယ်...။

အမျိုးသားကြီးတစ်ဦးဟာ သူ့ရဲ့ကျောင်းသားဟောင်းများတွေ့ဆုံပွဲမှာ ၀တ်ဖို့ ဘောင်းဘီရှည်တစ်ထည် ၀ယ်လာခဲ့သတဲ့။ အိမ်ပြန်ရောက်လို့ စမ်းပြီးလည်းဝတ်ကြည့်ရော သူဝယ်ခဲ့တဲ့ ဘောင်းဘီအသစ်က ၁၀စင်တီမီတာ ပိုရှည်နေတာကိုတွေ့ရပါတယ်။

အဲဒါနဲ့ပဲ သူ့မိခင်ဆီကိုသွားပြီး သူ့ဘောင်းဘီကို ၁၀စင်တီမီတာ တိုပေးဖို့သွားအကူအညီတောင်းတာပေါ့။ အဲဒီမှာ သူ့ရဲ့မိခင်က ဒီနေ့တော့ အမေ နေထိုင်လို့ သိပ်မကောင်းလို့ စောစောအနားယူမှာမို့လို့ လုပ်ပေးနိုင်မှာမဟုတ်ကြောင်းကိုပြောပါတယ်။

အဲဒါနဲ့ပဲ အဲဒီအမျိုးသားဟာ သူ့ရဲ့ဇနီးကိုချဉ်းကပ်ပြန်ပါသတဲ့။ အဲဒီမှာ သူ့ဇနီးကလဲ ဒီညကတော့ သူမ လုပ်စရာအလုပ်အများကြီး ရှိနေတာကြောင့် ဒီညလုပ်ပေးဖို့ အဆင်မပြေနိုင်ကြောင်း ပြောလိုက်ပြန်ပါတယ်။

ဒီလိုနဲ့ သူ့ရဲ့သမီးကိုမေးကြည့်တော့လည်း သူ့သမီးက ဒီနေ့ညတော့ သူမရဲ့ချစ်သူနဲ့ကပွဲသွားဖို့ချိန်းထားပြီးသားဖြစ်လို့ ဒီနေ့ အိမ်ပြန်နောက်ကျမှာမို့လို့ ဒီညတော့ လုပ်ပေးနိုင်မယ်မထင်ကြောင်းပြောပါတယ်။


အဲဒါနဲ့အမျိုးသားကြီးက “အော် ရပါတယ်လေ” ဆိုပြီး မနက်ဖြန်ပွဲမှာ ဘောင်းဘီအဟောင်းကို ၀တ်နိုင်တာပဲလို့ စဉ်းစားလိုက်ပါတယ်။

အဲဒီညပိုင်းကျတော့ သူ့အမေက ငါ့သားက ငါ့အပေါ်အရမ်းဂရုစိုက်ခဲ့တာပဲ၊ ငါအနားမယူခင် ခဏလေးသူ့ဘောင်းဘီကို တိုပေးလဲရတာပဲလို့ စဉ်းစားမိပြီး သူ့သားရဲ့ဘောင်းဘီကို ၁၀ စင်တီမီတာတိုပေးလိုက်ပါတယ်။

မကြာခင်မှာ သူဇနီးကလဲ သူမရဲ့အလုပ်တွေပြီးသွားတော့ သြော် ငါ့အမျိုးသားက ငါအမြဲအလုပ်များနေတတ်မှန်းသိလို့ တစ်ခါမှတစ်လေ အကူအညီတောင်းတတ်တာပဲ၊
ဒီနေ့တော့သူတောင်းဆိုတာ လုပ်ပေးမှပါလေ လို့တွေးပြီးဘောင်းဘီကို ၁၀စင်တီမီတာထပ်တိုပေးလိုက်ပြန်ပါတယ်။

အဲဒီနောက် သူ့သမီးက ကပွဲကပြန်လာတော့ ဖေဖေက ငါ့ကိုငယ်ငယ်ကတည်းက အရမ်းချစ် အရမ်းအလိုလိုက်ခဲ့တယ်၊ အခုသူ့ဘောင်းဘီကို
တိုပေးဖို့တောင်းဆိုတာငြင်းလိုက်ပြန်တော့လဲ စိတ်မဆိုးဘူး၊ ဒါလေးတော့ငါလုပ်ပေးသင့်ပါတယ်လေ လို့တွေးပြီး ဘောင်းဘီကို တိုလိုက်ပြန်ပါတယ်။

နောက်တစ်နေ့နံနက်မှာတော့ အမျိုးသမီး ၃ယောက်လုံးက သူတို့တွေ ဘောင်းဘီကို တိုပေးပြီးကြောင်း အမျိုးသားကြီးကိုပြောကြတာပေါ့။
အဲဒါနဲ့ဘောင်းဘီကိုလဲဝတ်ကြည့်ရော ၃၀ စင်တီမီတာတိုသွားတာကို တွေ့လိုက်ကြရပါတယ်။

အဲဒီအချိန်မှာ အမျိုးသားကြီးက ၀ါးလုံးကွဲအောင် အားရပါးရရယ်မောပြီး “ငါ့အမေ၊ ငါ့မိန်းမနဲ့ ငါ့သမီးလေး တို့ငါ့ကိုဘယ်လောက်ချစ်လဲဆိုတာ မိတ်ဆုံစားပွဲက
သူငယ်ချင်းတွေကိုကြွားရအောင် ဒီဘောင်းဘီကို မိတ်ဆုံစားပွဲကို ၀တ်ကိုဝတ်သွားရမယ်” လို့ပြောပြီး မိတ်ဆုံစားပွဲကိုဝတ်သွားပါတယ်။

မိတ်ဆုံစားပွဲက သူ့ရဲ့သူငယ်ချင်း အတန်းဖေါ်ဟောင်းတွေက သူ့ကိုသူ့မိသားစုတွေကချစ်ခင်ပုံကိုသိရတော့ အရမ်းကိုအားကျကြပါတယ်။
အဲလိုအတန်းဖေါ်ဟောင်းတွေရဲ့ အားကျခံရတာသိရတော့  အိမ်ကမိသားစုတွေကလဲ ၀မ်းသာကြည်နူးကြရပါတယ်။

ကဲတကယ်လို့သင်ဟာ အဲဒီအမျိုးသားကြီး နေရာမှာဆိုဘယ်လိုတုန့်ပြန်မှာလဲ။ အများအားဖြင့်တော့ စိတ်ဆိုးမာန်ဆိုးနဲ့ တုန့်ပြန်မိကြမှာပါပဲ။

ကျွန်တော်တို့တွေထဲက ဘယ်နှစ်ယောက်လောက် အဲဒီအမျိုးသားကြီးလို မိမိရဲ့ခံစားမှုကိုထိန်းချုပ်နိုင်စွမ်း (EQ= Emotional Quotient) ဘယ်လောက်ရှိကြသလဲ။

ပုံမှန်အားဖြင့် ကျွန်တော်တို့တွေထဲက အများစုဟာ မိမိ မိသားစုမဟုတ်တဲ့ သူစိမ်းတရံစာတွေနဲ့ဆက်ဆံရာမှာ ပိုပြီးစိတ်ရှည်သည်းခံခွင့်လွှတ်
နားလည်ပေးနိုင်စွမ်းရှိကြပေမယ့်၊ ကျွန်တော်တို့ရဲ့ မိသားစုဝင်တွေကိုကျတော့ သည်းခံပေးမှု၊ နားလည်ခွင့်လွှတ်ပေးမှု၊ စိတ်ရှည်ပေးနိုင်မှုနည်းပါးကြောင်းကို
တွေ့ရှိရပါတယ်။

အကယ်၍ကျွန်တော်တို့ဟာ အခုထက်ပိုပြီး မိသားစုဝင်များအပေါ် စိတ်ရှည်သည်းခံပေးပြီး နားလည် ခွင့်လွှတ်ပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ရဲ့မိသားစုလေးတွေဟာ အများအားကျရတဲ့ ပျော်ရွှင်တဲ့မိသားစုလေးတွေဖြစ်လာမှာ မလွဲပါဘူး။

No comments:

Related Posts Plugin for WordPress, Blogger...