လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

နံ့သာ ၁၀ ပါးထဲက ၁ ပါး

ကာဋ္ဌာနုသာရီ - အမြစ်နံ့သာ
စန္ဒကူး - အနှစ်နံ့သာ
ထင်းရူး - အကာနံ့သာ
သနပ်ခါး - အခေါက်နံ့သာ
သီး - အလွှာနံ့သာ
ပွဲလျက် - အရည်နံ့သာ
ကွမ်း - အရွက်နံ့သာ
ကံ့ကော် - အပွင့်နံ့သာ
ဇာတိပ္ဖိုလ် - အသီးနံ့သာ
သင်္ကန်း - အပင်နံ့သာ
ဆိုပြီး နံ့သား ၁၀ မျိုးရှိပါတယ်...။

သနပ်ခါးသည် နံ့သာ ၁၀ပါးတွင် အခေါက်နံ့သာအဖြစ်နှင့်တွေ့ရှိရသည်။ ထို့အပြင်အသီးအပွင့်အရွက်အမြစ် တစ်ပင်လုံးဆေးဖက်ဝင်သည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။
၁၉၇၂ခုနှစ်ထုတ် မြန်မာ့စွယ်စုံကျမ်းအတွဲ (၁၂)တွင် သနပ်ခါးသည် မြန်မာအမျိုးသမီးများ လိမ်းကျံအလှခြယ်ကြသော ပစ္စည်းတစ်ရပ်ဖြစ်ပေသည်။ သနပ်ခါး ကို မခုံမင်မနှစ်သက်သူ မြန်မာအမျိုးသမီး အလွန်ရှားပေလိမ့်မည်။ အခုခေတ်ပေါ်အနောက်တိုင်းအလှခြယ်ပစ္စည်းကိရိယာများအသုံးများ ခေတ်စားနေစေကာမူ သနပ်ခါးနှင့်ကင်းနိုင်သူ မြန်မာအမျိုးသမီးတို့ အရေအတွက်သည် အလွန့်အလွန်ပင်နည်းလှပေသည်။
သနပ်ခါးသည် စိတ်ကြည်လင်လန်းဆန်းဖွယ်ရာ သင်းပျံ့သော ရနံ့နှင့်ပြည့်စုံခြင်း၊ အသားအရေကိုအေးမြစေခြင်း၊ သနပ်ခါးလိမ်းကျံသူအား လှပစေခြင်း စသောဂုဏ်အင်္ဂါနှင့် ပြည့်စုံသဖြင့် ရှေးခေတ်နန်းတွင်းသူများမှအစ ကောက်စိုက်သမများအဆုံး သနပ်ခါးကိုလက်မလွှတ်နိုင်ခဲ့ကြပေ။ သနပ်ခါးကိုအမြဲတစေ လိမ်းကျံသဖြင့် အသားအရေစိုပြေ၀င်းဖန့်နေလျှင် ' သနပ်ခါးသားရသည် ' ဟုအမျိုးသမီးများ ဆိုလေ့ရှိကြပေသည် ' ဟုဖော်ပြထားပါသည်။


သနပ်ခါးသည် လိမ်းခြယ်သုံးစွဲရုံမျှမဟုတ်ချေ။ ဘယဆေးပင်တစ်မျိုးလည်းဖြစ်ပါသည်။ နို့စို့အရွယ်ကပင် သနပ်ခါးနှင့် ရင်းနှီးအကျွမ်းတ၀င်ရှိခဲ့ရပါသည်။ အမေအဆက်ဆက်တို့သည် သူတို့၏ သား၊ သမီးရင်သွေးအဆက်ဆက်တို့ကို အညှော်ကင်းသည်၊ အပူအပုတ်ကင်းသည်ဟု ယုံကြည်ချက်ခိုင်ခိုင်နှင့် ပါးစပ် အတွင်းခွံ့ကျွေးခြင်း၊ လိမ်းခြယ်ခြင်းများပြုကြပါသည်။ မြန်မာနိုင်ငံတွင်အမေတို့၏ပြုစုမှုဖြင့် သနပ်ခါးသုံးစွဲပြုစုခြင်းကြောင့် သားသမီးငယ်ငယ်ကလေးများ ဘေးဒုက္ခရောက်သွားခဲ့ရသည်ဟု ရှိခဲ့လိမ့်မည်မထင်ပါ။

သနပ်ခါးတွင် အသားအရေကိုလှပစေသော ဓာတ်အပြင် အဆီကိုစုပ်ယူနိုင်သော ထူးခြားသည့်ဂုဏ်သတ္တိရှိပါသည်။ မျက်နှာအဆီပြန်ခြင်းဖြစ်စေ၊ အဆီပါ သောအလှကုန်များကို အသုံးပြုခြင်းကြောင့်ဖြစ်စေ မျက်နှာရှိ ချွေးပေါက်များတွင် အဆီများပိတ်နေတတ်ပါသည်။ အဆိုပါချွေးပေါက်ထဲရှိအဆီများကို စင်ကြယ်အောင်မဖယ်ရှားနိုင်ပါက တင်းတိပ်၊ ၀က်ခြံအစရှိသော အရေပြားပြဿနာများဖြစ်လာနိုင်ပါသည်။ မျက်နှာသစ်ဆပ်ပြာများသည် အရေပြားအပေါ်ယံ ကိုသာသန့်စင်စေနိုင်ပြီး ချွေးပေါက်အတွင်းရှိအဆီကို လုံးဝစင်ကြယ်အောင်မဖယ်ရှားနိုင်ပါ။ သနပ်ခါးကို မျက်နှာပေါင်းဆေးအဖြစ် အသုံးပြုနိုင်ကြောင်းနှင့် ပါတ်သက်ပြီး ဖိလစ်ပိုင်နှင့်ယိုးဒယားသို့တင်ပို့ရာ အထူးသဖြင့် ဖိလစ်ပိုင်မှာဆိုရင် အိပ်ရာဝင်ကာနီးမှာ သနပ်ခါးကို ထူထူထဲထဲ လိမ်းပြီး အနည်းငယ်ကြာတော့ သနပ်ခါးခြောက်သွေ့သွားမှ မျက်နှာပေါ်က သနပ်ခါးကို ဆေးကြောသန့်စင်စေတဲ့နည်းနဲ့ ထိုးဖောက်ယူပါသည်။
မြန်မာနိုင်ငံတွင်လူမျိုးဘာသာမရွှေး နေ့စဉ်ဘ၀ထဲတွင်သနပ်ခါးနှင့်မကင်းကွာနိုင်ချေ။ မရှိမဖြစ်မဟုတ်သော်လည်း မသုံးရမနေနိုင်သောအရာဖြစ်ပါသည်။ သနပ်ခါးမရှိသောအိမ် မြန်မာနိုင်ငံတွင်မရှိပါဟု ဆိုလျှင်လွန်အံ့မထင်။ နို့စို့အရွယ်ကလေးငယ်ဘ၀မှပင် အမေတို့၊အဘွားတို့က သနပ်ခါးနှင့်စတင်ထိတွေ့ မိတ်ဆက်ပေးခဲ့သည်။ တဖြည်းဖြည်းအရွယ်ရောက်လာသောအခါတွင် မျက်နှာပေါ်မှာ သနပ်ခါးဖွေးဖွေးမွှေးမွှေးလေးနှင့် ကျောင်းသွားခဲ့ကြရသည်ကို မမေ့နိုင်ပါ။ အခြားဝတ်စားဆင်ယင်မှုတွေသာ မတူကွဲပြားခြားနားကောင်းခြားနားပါမည်။ မြန်မာတိုင်း၏ ပါးပြင်မှာတော့တူညီစွာသနပ်ခါးပါးကွက်ကြားနှင့် ရှိနေပါလိမ့်မည်။
အဘွားတို့ကပြောကြသည် နေပူပူထွက်မည့်မြေးတို့ကို သနပ်ခါးထူထူလေးလိမ်းဟု၊ ဆောင်းရောက်တော့လည်း အေးကအေးသနဲ့ သနပ်ခါးလေးလိမ်း နွေးသွားအောင်ဟူ၏။  နွေမှာအေးပြီး ဆောင်းမှာနွေးစေသော အံ့ဖွယ်သနပ်ခါးမဟုတ်ပါလော။ ဥပဒေမသတ်မှတ်၊ ဘာသာရေးအရိုးစွဲယုံကြည်မှုမပါ၊ လုံးဝကိုယ်တိုင်နှစ်သက်စွဲလမ်းမှုတို့နှင့် စိတ်တူသဘောတူဖြစ်နေသောအရာကား မြန်မာနိုင်ငံသားအားလုံး သနပ်ခါးကြိုက်နှစ်သက်ခြင်းနှင့် နေ့စဉ်မျက်နှာ ပေါ်တွင်လိမ်းခြယ်ခြင်းသာဖြစ်သည်ဟု ဆိုချင်ပါတော့သည်။

No comments:

Related Posts Plugin for WordPress, Blogger...