လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

မြန်မာ့ရိုးရာ ခြင်းလုံးကစားနည်း

ခြင်းလုံးကစားနည်းသည် မြန်မာ့ရိုးရာတစ်ရပ်ဖြစ်ပြီး အထူးစိတ်ဝင်စားဖွယ် ရှားပါးကစားနည်းဖြစ်သည်။ ညင်သာသည့် ခြေခတ်ပညာမျိုးစုံဖြင့် ကြွယ်ဝလှသည့် လူကြီး၊ငယ်မရွေး၊ ကျား၊မ မရွေး ကစားနိုင်သည့် ကစားနည်းဖြစ်သည်။ ထိုကစားနည်းသည် ပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် အပေးအယူရှိမှုနှင့် ဒီမိုကရေစီသဘောလည်း ပါဝင်နေသည်။
ဝိုင်းခြင်းအတွက် အကောင်းဆုံးမှာ ခြောက်ပင်ချည် ကြိမ်ခြင်းလုံးဖြစ်သည်။ ထိုခြင်းလုံး၏ ကြိမ်တွေကြားတွင် ၀ါးလေးတွေကို သိပ်ရိုက်ထည့်သည်။ ပြီးမှ ခြင်းလုံးကို အိုးတစ်လုံးထဲ မန်ကျည်းရွက်နှင့်အတူ ထည့် ပြုတ်ပြီး နေပူလှမ်းထားရသည်။ ထိုသို့ စီမံထားလျှင် ၀ိုင်းခြင်းခတ်ရန် အထူး ကောင်းမွန်သည်။ ကော်ခြင်းလုံးများနှင့် အလွန် ကွာခြားလှသည်။


ပေါ်ပေါက်လာပုံ
ခြင်းလုံး စတင်ပေါ်ပေါက်လာခြင်းနှင့် ပတ်သက်ပြီး ငြင်းခုန်နေဆဲဖြစ်သည်။ အချို့က နှစ်ပေါင်း ၂၅၀၀ ကျော် ကြာခဲ့ပြီ ဟု ဆိုပြီး အေဒီ ၇ ရာစု ရှေးဟောင်း ပျူခေတ်ကပင် ရှိသည်ဟုလည်း ပြောကြပြန်သည်။ အချို့က ၁၉ ရာစု နှောင်းပိုင်းမှ ပုဂံမင်းလက်ထက်မှ စတင်ခဲ့ပြီး မင်းဆွေမင်းမျိုးများ ကြည့်ရန် ဖျော်ဖြေ ခဲ့ကြသည်ဟုလည်း ရှိပြန်သည်။ 
အထောက်အထားတစ်ခုမှာ မြန်မာနိုင်ငံေ၇ှးဟောင်းသုတေသနဌာနမှ ကျောက်စာဝန် ပြင်သစ်လူမျိုး ချားစ်ဒရွိုင်ဇယ် ၏ ၁၉၂၆-၂၇ အတွင်း နှစ်ပတ်လည် အစီရင်ခံစာ တွင်ဖြစ်သည်။ ထိုစာပိုဒ်တွင် ပြည်မြို့အပိုင်၊ မှော်စာရွာအနီး ၊ ကုလားတန်ကုန်းရွာမလှမ်းမကမ်း ဦးခင်ဘဆိုသူ၏ ယာမြေအောက်ရှိ အုတ်တိုက်မှ ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာများ တူးဖော်ရရှိခဲ့သည်။ ထူးခြားသည်မှာ နှစ်လက်မ မတ်တင်း အချင်းရှိ ငွေခြင်းလုံးလေး ပါရှိခဲ့သည်။ သုတေသနပြုကြည့်ရာ ခရစ်နှစ် ၇ ရာစု ခန့်က ခု သိရသည်။ ထိုခေတ်အရ ပျူခေတ် ဟု ဆိုသည်။ 
တရုတ်စာပေ ဟန်ရာဇ၀င်တွင် ကိုဟန်ရှုဆိုသူရေးထားသည်မှာ ခရစ် ၉၇ နှစ်က အီဂျစ်မှ လာသော ဟန်နှင့် ချစ်ကြည်ရေး အဖွဲ့ဝင်များ တရုတ်ဘုရင်ထံ ခစားရာတွင် တီးမှုတ်ပညာရှင်၊ မျက်လှည့်နှင့် အလုံးပုံစံ အရာကို ကစားပြသူများ ပါသည်ဟု ရေးထားသည်။ ထို ကိရိယာ ၁၀ လုံးကို နိုင်နင်းစွာ ကစားနိုင်သူဟု ဆိုသည်။ အဖွဲ့လိုက် မဟုတ်သည်က တကြောင်း၊ ခြင်းလုံးခတ်အားကစား ခေတ်ဦးပိုင်းက မြန်မာတွင် တစ်ကိုယ်ရေ အတတ်ပြ ခြင်းလုံး အတင်၊ အညှပ်ကစားပြသည်များ ရှိခဲ့ရာ ထိုအလုံးမှာ ခြင်းလုံးဖြစ်ပြီး ကစားသူမှာ မြန်မာပြည်ကဖြစ်မည်ဟု ခြင်းသုတေသီတစ်ဦးက မှတ်ချက်ပြုထားသည်။ အထောက်အထားမှာ အီဂျစ်နိုင်ငံ မစ္စတာဟန်တို့အဖွဲ့သည် တရုတ်ပြည်အသွား မြန်မာမြောက်ဖျားမှ ဖြတ်စဉ် ခရီးတစ်ထောက်နားခိုက် ထိုကစားသူကို ခေါ်ယူသွားခြင်းဖြစ်သည် ဟုဆိုသည်။ ယခုတိုင် အီဂျစ်တွင် ခြင်းလုံးကစားခြင်း မရှိ။ ထို့ကြောင့် မြန်မာပြည်မှ ဟု သုတေသီများက ဆိုကြသည်။
စာရေးဆရာ လှသမိန်က စာပေဗိမာန်မဂ္ဂဇင်း အတွဲ ၁ ၊ အမှတ် ၅ တွင် ကုန်းဘောင်ခေတ်ကဟု ယူဆရေးသားခဲ့သည်။ စာရေးဆရာ တက္ကသိုလ်ချစ်ဆွေကလည်း ကုန်းဘောင်ခေတ် ဟုရေးသားထားသည်။ ညောင်လေးပင်မြို့၊ အောင်သပြေဦးအေးမောင် (ခြင်းတော်သားလက်စွဲ စာအုပ်ရေးသူ) ကတော့ ပုဂံမင်းလက်ထက်က စသည်ဟု ရေးထားသည်။
တဖန် ယိုးဒယား ပန်းပုသမားတစ်ဦးကလည်း ၁၂၀၈ ခုနှစ်တွင် နန်းတက်သော ပုဂံမင်းထံ ဆင်ဆွယ်ဖြင့် ပြုလုပ်သည့် ခြင်းလုံးပုံစံတစ်ခု ဆက်သရာ ပုဂံမင်းသဘောကျပြီး ထိုပုံစံအတိုင်း ကြိမ်ဖြင့်ယက်စေကာ နန်းတွင်းမှူးမတ်တို့၏ သားတော်၊ လူပျိုတော်သားများကို ကစားစေသည်ဟုဆိုသည်။  မြန်မာ့စွယ်စုံကျမ်း အတွဲ ၂ တွင် သရေခေတ္တရာမြို့ဟောင်း ဒွတ္တဘောင်မင်းကြီး တည်ထားခဲ့သော ဘောဘောကြီးစေတီ ဌာပနာတိုက်ထဲမှ ငွေသားခြင်းလုံးငယ်တစ်လုံး တူးဖော်ရရှိခဲ့သည်ဟု ရေးသားခဲ့သည်။
၁၇၈၂ တွင် အင်းဝသို့ သာသနာာပြုရန် ရောက်လာသော အီတလီမှ ဗရင်ဂျီဘုန်းတော်ကြီး စန်ဂါမနို၏ မှတ်တမ်းတွင် မြန်မာပြည်တွင် သူနေစဉ် တွေ့ခဲ့ရသော ကစားမှုများမှာ ခုံညင်းထိုးခြင်း၊ ဆင်စွယ်ဖဲချပ် ဖဲကစားခြင်း၊ ကြက်တိုက်ခြင်း၊ ၀ါးကို ပါးအောင်လှီးပြီးယက်သောအလုံးကို ခြေဖြင့် ကစားခြင်း တို့ကို တွေ့ရသည်ဟု ရေးထားသည်။ ၁၈၇၄-၇၅ တွင် မြန်မာသို့ရောက်လာသည့် အင်္ဂလန်မှ ခွဲစိတ်ကု ဆရာဝန်ကြီး စီအေဂေါ်ဒွန် ၏ မြန်မာပြည်သို့ ခရီးထွက်ခြင်း စာအုပ်တွင် ခြင်းလုံးကစားနေသည်ကို တွေ့ရကြောင်းရေးသားခဲ့သည်။  

ခြင်းကြီး ၁၀ မျိုး

မဟာ
မဟာဒူး၊ ဂုမ္ဘာဏ်
ဝိုက်ကြီး
စလွယ်ကြီး
တည့်ဖ၀ါး
တည့်ဖနောင့်
မဟာညွန့်
ညွန့်ဒူး
နဂါးပတ်ဖ၀ါး
နဂါးပတ်ဖနောင့်

ခေတ်ဆန်း ခြင်းပေါက်များမှာ
သမင်လည်ပြန်ဖနောင့်
မြင်းစီးဖနောင့်
လျှပ်ဒူး
မန္တလာခြေဖျား
လေ၀ဲ တို့ဖြစ်ကြသည်။

Wikimyanmar မှ ဖော်ပြပါသည်။ 

No comments:

Related Posts Plugin for WordPress, Blogger...