လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အင်ဒိုနီးရှား ပုထိုးတော်ကြီး ကမ္ဘာ့အကြီးဆုံးအဖြစ် ဂင်းနစ်စံချိန်တင်





အင်ဒိုနီးရှားနိုင်ငံမှ ဘောရော ဗုဒ္ဓေါပုထိုးတော်ကြီးအား ကမ္ဘာ့အကြီးဆုံး ပုထိုးတော်ကြီးအဖြစ် ဂင်းနစ်ကမ္ဘာ့စံချိန်မှတ်တမ်း ပြုစုရေးအဖွဲ့က အတည်ပြုခဲ့ကြောင်း အိန္ဒိယအရာ ရှိတစ်ဦးက ဇူလိုင်လ ၄ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ဂျာဗားကျွန်းအလယ်ပိုင်း မာဂယ်လန်မြို့ရှိ ပုထိုးတော်ကြီးကို ဇွန်လ ၂၇ ရက်နေ့တွင် ဂင်းနစ် ကမ္ဘာ့စံချိန်စာရင်းသွင်းခဲ့ခြင်း ဖြစ်သည်။

ဂင်းနစ်ကမ္ဘာ့စံချိန် ၀က်ဘ်ဆိုက်တွင်လည်းအေဒီ ၇၅၀ မှ ၈၄၂ ခုနှစ်ကြားက တည်ထားကိုးကွယ်ခဲ့သော ဘောရောဗုဒ္ဓေါသည် ကမ္ဘာ့အကြီးဆုံး ဗုဒ္ဓပုထိုးတော်ကြီးဖြစ်ကြောင်း ဖော်ပြလိုက်ပြီဖြစ်သည်။
၆၀၀၀၀ ကုဗမီတာရှိသော ကျောက်သားတို့ဖြင့် တည်ဆောက်ထားပြီး ဉာဏ်တော် ၃၄ ဒသမ ၅ မီတာရှိကာ အောက်ခံမှာ ၁၂၃ မီတာရှိကြောင်း ယင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

၁၉၉၁ ခုနှစ်ကတည်းက ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ခဲ့သော ဘောရောဗုဒ္ဓေါမှာ အင်ဒိုနီးရှားနိုင်ငံတွင် ကမ္ဘာလှည့်ခရီးသွား အမြောက်အမြား လာရောက်လည်ပတ်ရာ နေရာတစ်ခုအဖြစ် တည်ရှိနေသလို နိုင်ငံတွင်းရှိ လူနည်းစု ဗုဒ္ဓဘာသာ ၀င်များ လာရောက်ဖူးမြော်ရာနေရာလည်း ဖြစ်သည်။ ၂၀၁၁ ခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား နှစ်သိန်းခွဲခန့် လာရောက်လည်ပတ်ခဲ့ကြသည်။

ဘောရောဗုဒ္ဓေါပုထိုးတော်ကြီးကို ၉ ရာစု သေလိန္ဒြာမင်းဆက် လက်ထက် မဟာယာနဗုဒ္ဓဘာသာ ထွန်းကားပြန့်ပွားစဉ် တည်ထားကိုးကွယ်ခဲ့ကြခြင်းဖြစ်သည်။ ဂုပ္တဗိသုကာလက်ရာများ လွှမ်းမိုးမှုရှိခြင်းကြောင့် ဂျာဗားကျွန်းတွင် အိန္ဒိယယဉ်ကျေးမှု လွှမ်းမိုးမှုရှိခဲ့သည်ဟု ဆို နိုင်သော်လည်း ဒေသရိုးရာဟန်များ ရောယှက်နေခြင်းကြောင့် အင်ဒိုနီးရှား လက်ရာစစ်စစ် ဖြစ်နေစေသည်။ ၁၄ ရာစုတွင် ဂျာဗား၌ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ တိမ်ကောသွားချိန်တွင် တောတွင်း၌ တိမ်မြုပ်နေခဲ့ပြီး  ဂျာဗားကျွန်းကို အင်္ဂလိပ်တို့ အုပ်စိုးသည့်ခေတ်အရောက် ၁၈၁၄ ခုနှစ်တွင်မှ ဘုရင်ခံသောမတ်စတန်းဖို့ဒ် ရက်ဖယ်လ်က ဒေသခံတို့၏ ပြောစကားမှတစ်ဆင့် သိရှိကာ ပြန်လည်ရှာဖွေ ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။  ယင်းနောက်ပိုင်းကာလတွင်မှ ပြန်လည်ထိန်းသိမ်းစောင့်ရှောက်မှုများ ပြုလုပ်ခဲ့ကြပြီး ၁၉၇၅ မှ ၁၉၈၂ ခုနှစ်အတွင်း အင်ဒိုနီးရှားအစိုးရနှင့် ယူနက်စကိုတို့ ပူးပေါင်းပြီး ထိန်းသိမ်းစောင့်ရှောက်မှုများ အကြီးအကျယ် ပြုလုပ်ခဲ့ကြသည်။

Ref: Eleven

No comments:

Related Posts Plugin for WordPress, Blogger...