လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

လွှတ်တော် (Parliament) ဟူသည်

လွှတ်တော် ဆိုသည်မှာ တိုင်းပြည်တစ်ပြည်အတွက် ဥပဒေပြုရေးအာဏာကို ကျင့်သုံးရာ နေရာဌာန ဖြစ်သည်။ ဒီမိုကရေစီစနစ် ကျင့်သုံးသည် ဖြစ်စေ၊ မကျင့်သုံးသည် ဖြစ်စေ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းထားသည့် နိုင်ငံတိုင်းတွင် လွှတ်တော်ကို ဖွဲ့စည်းရစမြဲ ဖြစ်သည်။

မြန်မာ့လွှတ်တော် အဆောက်အအုံ

သမိုင်းမှတ်တမ်းများအရ လွှတ်တော်တို့၏ အစမှ ဒီမိုကရေစီစနစ် နှင့်အတူ မွေးဖွားလာခြင်းဖြစ်သည်။ အေသင် မြို့ပြနိုင်ငံတွင် ဒီမိုကရေစီစနစ် ကျင့်သုံးစဉ်က လွှတ်တော်အဖြစ် ရွေးကောက်ခံ နိုင်ငံသား ကိုယ်စားလှယ်များက တက်ရောက်ပြီး နိုင်ငံရေးရာများ ဆွေးနွေးအဖြေရှာသည့် နေရာအဖြစ် သတ်မှတ်သည်။ မူလက တည်နေရာ အတည်တကျမရှိဘဲ မြို့တွင်းဈေးထပ်ရှိ မြေကွက်လပ်ကြီးတွင် ဆွေးနွေးကြသည်။ ထို့ကြောင့် ဆွေးနွေးပွဲ(ဖိုရမ်) ဆိုသည့် အသုံးအနှုန်းမှာ ဂရိဘာသာဖြင့် မြေကွက်လပ်ဖြစ်သည်။ နောင်တွင် ခေတ်သစ်ကမ္ဘာ၌  ဒီမိုကရေစီ ထွန်းကားလာခြင်းနှင့်အတူ တိုင်းပြည်၏ ဥပဒေပြုရေး အာဏာအတွက် ပြည့်သူ့ကိုယ်စားလှယ်များဖြင့် လွှတ်တော်များ ဖွဲ့စည်းလာခဲ့သည်။ 

 ဗြိတိန်လွှတ်တော်

ပါလီမန်ဒီမိုကရေစီ ကျင့်သုံးသည်ဖြစ်စေ၊ သမ္မတစနစ် ကျင့်သုံးသည်ဖြစ်စေ နိုင်ငံတော်တော်များများတွင် လွှတ်တော်နှစ်ရပ် ထားရှိသည်။
လူဦးရေအချိုးအစားအလိုက် သတ်မှတ်သည့် မဲဆန္ဒနယ်မြေများမှ ရွေးကောက်သည့် ကိုယ်စားလှယ်များ ပါဝင်သည့်လွှတ်တော်ကို အထက်လွှတ်တော်ဟု ခေါ်သည်။ အထက်လွှတ်တော်၊ အောက်လွှတ်တော် ဟူသည့် အသုံးအနှုန်းများမှာ သတ်ဆိုင်ရာ နိုင်ငံများမှ ပြဌာန်းသည့် အမည်များမဟုတ်ဘဲ လူအများ နားလည်စေရန် အလွယ်တကူခေါ်သည့် အသုံးများဖြစ်သည်။ ဥပမာ အမေရိကန်၏ အထက်လွှတ်တော်ကို "ဆီးနိတ်" ဟုခေါ်ပြီး အောက်လွှတ်တော်ကို "ဟောက်စ်" (House of Representatives) ဟုခေါ်ကာ လွှတ်တော်နှစ်ရပ်ပေါင်းကို "ကွန်ဂရက်" (Congress) ဟုခေါ်သည်။ မြန်မာနိုင်ငံအတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အောက်လွှတ်တော်ကို ပြည်သူ့လွှတ်တော်၊ အထက်လွှတ်တော်ကို အမျိုးသားလွှတ်တော်၊ နှစ်ရပ်ပေါင်းကို ပြည်ထောင်စုလွှတ်တော် ဟုသတ်မှတ်သည်။ 
သို့သော် လူဦးရေနည်းပြီး နယ်မြေဧရိယာ ကျဉ်းသော နိုင်ငံများနှင့် တစ်ပါတီစနစ် နိုင်ငံများတွင် မဲဆန္ဒနယ်မြေများမှ ရွေးကောက်သည့် ကိုယ်စားလှယ်များပါဝင်သော လွှတ်တော်တစ်ရပ်တည်းသာ ရှိတတ်ကြသည်။ မြန်မာနိုင်ငံတွင်လည်း ၁၉၈၈ မတိုင်မီ မ.ဆ.လ ပါတီ အုပ်ချုပ်စဉ်က ပြည်သူ့လွှတ်တော်တစ်ရပ်သာ ရှိခဲ့သည်။

လွှတ်တော်နှစ်ရပ်အတွက် အာဏာများ ခွဲဝေပေးပုံ၊ လုပ်ငန်းတာဝန်နှင့် သက်တမ်းမှာ တစ်နိုင်ငံနှင့် တစ်နိုင်ငံ ပုံသေပြော၍မရ။ ထိုသို့ဖြစ်ရသည်မှာ ဖွဲ့စည်းပုံအခြေခံဥပေဒများပေါ် မူတည်သည်။ သို့သော် နိုင်ငံအများစုတွင် ပြည်သူတို့နှင့် ပိုနီးစပ်ခြင်း၊ ကိုယ်စားလှယ် ပိုများခြင်းတို့ကြောင့် အောက်လွှတ်တော်မှာ အာဏာပိုကြီးလေ့ ရှိသည်။ ဥပမာ ပါလီမန်ဒီမိုကရေစီ ကျင့်သုံးသည့် ဂျပန် အောက်လွှတ်တော်သည် ၀န်ကြီးချုပ်ရွေးကောက်ရာတွင် အဆုံးအဖြတ်ပေးနိုင်သည်ထိ အာဏာရှိသည်။
ထို့ပြင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြဌာန်းထားသေးလျှင် လွှတ်တော်သည် သမ္မတ၊ ၀န်ကြီးချုပ်များကို ရွေးကောက်ပေးရန် တာဝန်ရှိသည်။ ထို သမ္မတ၊ ၀န်ကြီးချုပ်တို့က တင်သွင်းလာသည့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများကို စိစစ်၍ အဆုံးအဖြတ် မဲပေးကာ ထောက်ခံခြင်း၊ ကန့်ကွက်ခြင်းတို့ကို ပြုလုပ်ပေးရသည်။

လွှတ်တော်တစ်ရပ်၏ သက်တမ်းမှာ လွှတ်တော်အမတ်များ၏ သက်တမ်းဟု ဆိုနိုင်သည်။ နိုင်ငံအများစုမှာ ၄ နှစ်ဖြစ်ပြီး ထိုထက်လည်း ပိုတတ်သည်။ အမတ်တစ်ဦးအနေဖြင့် ပြည်သူတို့ ယုံကြည်လက်ခံသမျှ အကြိမ်အကန့်အသတ်မရှိ ရွေးခံနိုင်သည်။

လွှတ်တော်သည် သမ္မတ၊ ၀န်ကြီးချုပ် က တင်သွင်းလာသည့် ဥပဒေမူကြမ်းကို မဲပေးကာ ၃ကြိမ်တိုင် ပယ်ချနိုင်သည်။ ထို့ကြောင့် လွှတ်တော်သည် သမ္မတ (သို့မဟုတ်) ၀န်ကြီးချုပ် နှင့် မသင့်မြတ်လျှင် သမ္မတ၊ ၀န်ကြီးချုပ်သည် အခြေခံဥပဒေက အပ်နှင်းထားသည့် အာဏာအရ လွှတ်တော်ကို ဖျက်သိမ်းပြီး လွှတ်တော်အသစ်ဖွဲ့စည်းရန် ရွေးကောက်ပွဲကျင်းပခွင့် ရှိသည်။

မြန်မာ့လွှတ်တော်အစ
လွှတ်တော်အစ ပုဂံက ဟုဆိုနိုင်သည်။ နရပတိစည်သူမင်းသည် ဘိုးတော် အလောင်းစည်သူ၊ ဘကြီးတော် မင်းရှင်စော၊ ခမည်းတော် နာရသူနှင့် နောင်တော် နရသိင်္ခတို့ ထီးနန်းစိုးစံစဉ် ဖြစ်ပွားခဲ့ကြသည့် အာဏာနှင့် စိတ်ဝမ်းကွဲပြားမှု၊ လုပ်ကြံမှုများကို သုံးသပ်မိဟန်ရှိသည်။ ထို့ကြောင့် နရပတိစည်သူမင်း မကွယ်လွန်မီကမင် နိုင်ငံရေးအာဏာ ခွဲဝေမှုဖြင့် လွှတ်တော်သဖွယ် အုပ်ချုပ်ရေးကို စတင်ခဲ့သည်။ နရပတိစည်သူတွင် သားတော် ၅ဦး ရှိသည့်အနက် မိဖုရားငယ်တစ်ပါးမှ ဖွားမြင်သည့် သားတော် ဇေယျသိင်္ခကို ရွေးချယ်၍ ပုဂံထီးနန်း ဆက်ခံခွင့်ပေးပြီး နိုင်ငံရေးနှင့် အုပ်ချုပ်ရေးအာဏာကို တစ်ဦးတည်း သိမ်းပိုက်ခြင်းမရှိဘဲ နောင်တော်ကြီး ၄ဦးနှင့် ခွဲဝေကာ အညီအညွတ် အုပ်ချုပ်ကြောင်း မြန်မာ့ရာဇ၀င်တွင် ရေးသားထားသည်။ ထိုအချိန်မှစပြီး ကုန်းဘောင်ခေတ် သီပေါမင်းပါတော်မူသည်အထိ ဆက်လက်ထိန်းသိမ်းခဲ့ကြသည်ကို တွေ့ရသည်။ လွှတ်တော်တွင် ၀န်ကြီးလေးပါးခန့်ကာ အုပ်ချုပ်သော ပုဂံခေတ် နရပတိစည်သူမင်း လက်ထက်မှ အုတ်မြတ်စချခဲ့သည်ဟု ဆိုရမည်။ မြန်မာ့ အုပ်ချုပ်ရေးရာဇ၀င်ကို ပြန်ကြည့်လျှင် လွှတ်တော်အားကောင်းသောအခါတွင် ဘုရင်၏ တန်ခိုးအာဏာကို ဟန့်တားနိုင်ရုံသာမက ဘုရင်ကို ရွေးချယ်နိုင်သည်ထိ အာဏာရှိခဲ့သည်။ တခါတရံ လွှတ်တော်အင်အား နည်းပါးချိန်တွင် လွှတ်တော်သည် ဘုရင်၏ လက်ပါးစေသဖွယ်လည်း ဖြစ်လာခဲ့သည်။

1 comment:

ရင်ဆူး said...

လွှတ်တော်ရဲ့အကြောင်းကိုခုမှဘဲစုံစုံလင်လင်သိရတော့တယ်...ကျေဇူးပါဗျာ...ဗဟုသုတ တော်တော်ရပါတယ်.....

Related Posts Plugin for WordPress, Blogger...