လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အိမ်ဖြူတော်



အိမ်ဖြူတော်သည် အမေရိကန် သမ္မတ၏ တရားဝင်စံအိမ်နှင့် အလုပ်တက်ရာရုံးဖြစ်ပြီး အမှတ် ၁၆၀၀၊ ပင်စီဗေးနီးယားလမ်း၊ ၀ါရှင်တန်ဒီစီ တွင်တည်ရှိသည်။ အိမ်ဖြူတော်ကို အိုင်ယာလန်တွင် မွေးဖွားသည့် ဗိသုကာပညာရှင် ဂျီမ်းစ်ဟိုဘန် ကဒီဇိုင်းရေးဆွဲခဲ့ပြီး ၁၇၉၂ မှ ၁၈၀၀ အတွင်း ဆောက်လုပ်ခဲ့သည်။ အခြေခံအားဖြင့် အမေရိကန်ပြည်ထောင်စု၏ အုပ်ချုပ်ရေးမဏ္ဍိုင်တွင် အာဏာအမြင့်ဆုံး တည်ရှိရာ ရုံးအဆောက်အအုံလည်းဖြစ်သည်။


ပထမဆုံး သမ္မတဖြစ်သည့် ဂျော့ခ်ျ ၀ါရှင်တန် လက်ထက်တွင် စတင်အုတ်မြစ်ချခဲ့ပြီး ရှစ်နှစ်အကြာ ဒုတိယမြောက် သမ္မတ ဂျွန်အဒမ်စ် လက်ထက်တွင် အကြမ်းထည်ပြီးသည်။ ၁၈၀၀၊ နိုင်ဝင်ဘာ ၁ ရက်တွင်မှ သမ္မတဂျွန်အဒမ်စ် စတင်ပြောင်းရွှေ့နေထိုင်ရာမှာ အိမ်ဖြူတော်သည် တရားဝင် သမ္မတစံအိမ်၊ အုပ်ချုပ်ရေးရုံး ဖြစ်လာသည်။ အဒမ်စ်အနေဖြင့်လည်း ပထမဆုံး အိမ်ဖြူတော်တွင် တာဝန်ထမ်းဆောင်သည့် သမ္မတအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ အကျယ်အ၀န်းမှာ ၅၅၀၀၀ စတုရန်းပေ ရှိသည်။ (ပထမမြို့တော်မှာ နယူးယောက်မြို့၊ ထို့နောက် ဖီလာဒဲဖီးယားမြို့သို့ ပြောင်းခဲ့ပြီး နောက်ဆုံးမှ ၀ါရှင်တန်ဒီစီရှိ အိမ်ဖြူတော်သို့ ရောက်လာခြင်း ဖြစ်သည်။)
အိမ်ဖြူတော်သို့ ပြောင်းပြီး ဂျွန်အဒမ်စ်သည် သူ၏ဇနီး အဘီဂေးလ်ထံ စာပို့ရာတွင် အိမ်ဖြူတော်နဲ့ ပတ်သက်၍ အောက်ပါဆုတောင်းစာကို ထည့်သွင်းရေးသားခဲ့သည်။
ဒီအိမ်တော်ပေါ်ကို ကောင်းကင်ဘုံက အမြင့်မြတ်ဆုံးသော ကောင်းချီးပေးခြင်း ခံရစေကြောင်း ငါဆုတောင်းတယ်။ အဲ့ဒီအခြင်းအရာအားလုံးဟာ ထာဝရ ကိန်းအောင်းတည်ရှိနေပါစေ။ တိုင်းပြည်အပေါ် ရိုးသားဖြောင့်မတ်စွာ သစ္စာရှိပြီး ပညာရည်ပြည့်သောသူများမှတပါး အခြားသူများ ဒီအမိုးအောက်မှာ တိုင်းပြည်အာဏာကို စွဲကိုင်အုပ်ချုပ်ခြင်း မရှိပါစေနဲ့။ ("I pray Heaven to bestow the best of the blessings on this House, and all that shall hereafter inhabit it. May none but honest and wise men ever rule under this roof") ဟူ၍ဖြစ်သည်။ အဆိုပါစာသားမှာ ၃၂ ဦးမြောက် သမ္မတ ဖလန်ကလင် ဒီလာနို ရုစဗဲ့ လက်ထက်တွင် အိမ်ဖြူတော်အတွင်းရှိ နိုင်ငံတော် ညစာစားခန်းမ၏ နံရံပေါ်တွင် ရေးထွင်း၍ မော်ကွန်း တင်ခဲ့သည်။

No comments:

Related Posts Plugin for WordPress, Blogger...