ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ကြီးမှ ၁၉၄၈၊ ဒီဇင်ဘာ ၁၀ ရက်နေ့တွင် လူသားတိုင်း ရသင့် ရထိုက်သော ခံစားထိုက်သော အခွင့်အရေးများကို လူ့အခွင့်အရေးကြေငြာစာတမ်းအဖြစ် အတည်ပြု ကြေငြာခဲ့သည်။ ယင်းစာတမ်းပါ အချက်များကို လေးစားလိုက်နာရန် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများအားလုံးကို ဖြန့်ဝေ၍ သက်ဆိုင်ရာ နိုင်ငံသားတိုင်း သိရှိစေရန် စာသင်ကျောင်းများ၊ ပညာရေး အဖွဲ့အစည်းများတွင် သိသာမြင်တွေ့စေရန် ထပ်ဆင့်ဖြန့်ဝေခိုင်းထားသည်။ ၎င်း ဒီဇင်ဘာ ၁၀ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြသည်။ အဆိုပါစာတမ်းတွင် အချက်ပေါင်း ၃၀ ပါရှိသည်။ ၎င်းတို့မှာ အောက်ပါအတိုင်း ဖြစ်သည်။
- လူတိုင်း မွေးဖွားလာကတည်းက တူညီသော လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးရှိသည်။
- လူတိုင်း အသားအရောင်၊ လိင်၊ ကိုးကွယ်သည့်ဘာသာ၊ ကျား၊မ မရွေး တန်းတူညီမျှဖြစ်သည်။
- လူတိုင်း အသက်ရှင်ခွင့်၊ လုံခြုံခွင့် ရှိသည်။
- မည်သူ့ကိုမျှ ကျွန်အဖြစ်စေခိုင်းခြင်းမပြုရ။
- မည်သူ့ကိုမျှ မတရားနှိပ်စက်ခြင်း မရှိစေရ။
- လူတိုင်း တရားဥပဒေရှေ့တွင် လူသားကဲ့သို့ ဆက်ဆံခံရမည်။
- လူတိုင်း တရားဥပဒေရှေ့မှောက်တွင် တန်းတူဖြစ်သည်။ ကျောသားရင်သား မခွဲရ။
- အခွင့်အရေးချိုးဖောက်ခံရပါက ဥပဒေအကူအညီ ယူခွင့်ရှိသည်။
- မည်သူ့ကိုမျှ ဥပဒေမဲ့ ဖမ်းဆီးခြင်း၊ တိုင်းပြည်မှနှင်ထုတ်ခြင်း မပြုရ။
- လူတိုင်း တရားမျှတသော တရားစီရင်မှု ခံခွင့်ရှိသည်။ လူအများကြားနာနိုင်သော တရားရုံးဖြစ်ရမည်။
- အပြစ်ရှိသည်ဟု ခိုင်လုံသော အထောက်အထားမရှိမချင်း ထိုသူသည် အပြစ်မရှိ။
- မကောင်းသောရည်ရွယ်ချက်ဖြင့် အခြားသူ၏ စာများဖောက်ခြင်း၊ အိမ်အတွင်းဝင်ခြင်း မပြုရ။
- လူတိုင်း မိမိတိုင်းပြည်အတွင်း လွတ်လပ်စွာ သွားလာခွင့်ရှိသည်။
- မတရား အပြစ်ပေးခံရမည်ဆိုပါက အခြားနိုင်ငံတွင် ခိုလှုံခွင့် တောင်းခံနိုင်သည်။
- လူတိုင်း နိုင်ငံတစ်နိုင်ငံတွင် နိုင်ငံသားဖြစ်ခွင့်ရှိသည်။ ဆန္ဒရှိပါက အခြားနိုင်ငံသား ခံယူခွင့်ရှိသည်။
- အရွယ်ရောက်ပြီး ကျား၊မတိုင်း မိမိဆန္ဒဖြင့် လက်ထပ်၊ အိမ်ထောင်ထူထောင်ခွင့် ရှိသည်။
- လူတိုင်း ကိုယ်ပိုင်ပစ္စည်း ပိုင်ဆိုင်ခွင့်ရှိသည်။
- လူတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်ရှိသည်။ ဆန္ဒရှိပါက အခြားဘာသာ ကူးပြောင်းနိုင်သည်။
- လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရှိသည်။
- လူတိုင်း ငြိမ်းချမ်းသောနည်းဖြင့် ဖွဲ့စည်းထားသောအဖွဲ့အစည်းများသို့ လွတ်လပ်စွာဝင်ခွင့်ရှိသည်။
- လူတိုင်း မိမိတိုင်းပြည်အစိုးရကို ဆန္ဒမဲဖြင့် ရွေးချယ်ခွင့်ရှိသည်။
- လူတိုင်း လူမှုဘ၀ဖူလုံရေး ခံစားခွင့်ရှိသည်။
- လူတိုင်း သင့်တင့်သောလစာဖြင့် အလုပ်လုပ်ခွင့် အလုပ်သမား သမဂ္ဂများသို့ ၀င်ရောက်ခွင့်ရှိသည်။
- လူတိုင်း အပန်းဖြေအနားယူခွင့် ရှိသည်။
- လူတိုင်း လုံလောက်သော လူနေမှုအဆင့်အတန်းနှင့် ဆေးကုသခွင့် ရှိသည်။
- လူတိုင်း ပညာသင်ကြားခွင့်ရှိသည်။ အနိမ့်ဆုံး မူလတန်းကို အခမဲ့သင်ခွင့်ရှိသည်။
- လူတိုင်း မိမိပတ်ဝန်းကျင်၏ ယဉ်ကျေးမှုတွင် ပါဝင်ခွင့်ရှိသည်။
- လူတိုင်း ဤစာတမ်းပါအခွင့်အရေးများကို လေးစားရမည်။
- လူတိုင်း အခြားသူများ၏ အခွင့်အရေးများကို လေးစားရမည်။
- ဤစာတမ်းပါ အခွင့်အရေးများကို မည်သူမှ မချိုးဖောက်ရ။
No comments:
Post a Comment