လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ကဆုန်ညောင်ရေသွန်းပွဲ

ညောင်ရေသွန်းပွဲသည် ဗုဒ္ဓဘာသာဝင် မြန်မာတို့၏ ဘာသာရေး ဓလေ့ပွဲတော်တစ်ခု ဖြစ်သည်။ ညောင်ရေသွန်းပွဲကို ဂိမာနဟုဆိုအပ်သော နွေဥတု နောက်ဆုံးလဖြစ်သော ကဆုန်လပြည့်နေ့တွင် ကျင်းပကြသည်။ ထိုနေ့သည် ဗုဒ္ဓဘုရားဖွားမြင်တော်မူသည်။ ဘုရားအဖြစ်ရောက်တော်မူသည်။ ပရိနိဗ္ဗာန်စံတော်မူသည်။ ဗုဒ္ဓနှင့်စပ်လျဉ်း၍ အမှတ်တရ နေ့ထူးနေ့မြတ် ဖြစ်သည်။ ထို့ကြောင့် ညောင်ရေသွန်းပွဲသည် မြန်မာလူမျိုးတို့ အမွန်အမြတ်ထားသော ပွဲတော်တစ်ရပ်ဖြစ်ပါသည်။
ကဆုန်လတွင် ပူပြင်းလှသည်။ ကောင်းကင်တွင် မိုးသားများ အုံ့မှိုင်းကာ တဂျုန်းဂျုန်းနှင့် မိုးချုန်းသံများလည်း ကြားရ၏။ ဗုဒ္ဓ၀င်လာအရ အသူရာနတ်မင်းက သိကြားမင်းရှိရာ တာဝတိံသာနတ်ပြည်သို့ စစ်မောင်းသံပေးနေခြင်း ဟု ထင်ရသည်။ ထိုအချိန်တွင် မြန်မာပြည်သူတို့သည် ငြိမ်းချမ်းသာယာစေကြောင်း ဆုမွန်တောင်းရင်း ညောင်ရေ သွန်းလောင်းကြသည် ဟု ဆိုကြသည်။ ဗုဒ္ဓဘာသာဝင်တို့သည် မြတ်စွာဘုရားအား ကိုးကွယ်ဆည်းကပ်ရာမှ ဘုရားပွင့်တော်မူရာ အထိမ်းအမှတ်ဖြစ်သော ဗောဓိပင်များ အဓွန့်ရှည်စေရန်အတွက် ရေသွန်းလောင်းခြင်းကို အမြတ်တနိုးပြုခဲ့ကြသည်။ "တန်ခူးကဆုန် ဆွေ့ဆွေ့ခုန်" ဟူသည်နှင့်အညီ ကဆုန်လသည် အပူပြင်းဆုံးကာလ၊ ရေအခမ်းခြောက်ဆုံးအချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓမြတ်စွာပွင့်တော်မူရာ ဗောဓိညောင်ပင်ကို ရေသွန်းလောင်းခြင်းဖြင့် ညောင်ရေသွန်းပွဲ ပေါ်ပေါက်လာရသည်။
ကဆုန်လသည် ခြောက်သွေ့ကာလဖြစ်သဖြင့် တောင်သူဦးကြီးများ အလုပ်အားကြသည်။ ထို့ကြောင့် ညောင်ရေသွန်းပွဲကို စည်ကားစွာကျင်းပသည်။ လပြည့်နေ့မရောက်မီ တစ်ရက်အလိုတွင် ရေသွန်းလောင်းမည့် ညောင်ပင်ကို ထုံးသုတ်ကြသည်။ အမှိုက်သရိုက်များ ရှင်းထားသည်။ ကဆုန်လပြည့်နေ့တွင် လူကြီးလူငယ်အဆုံး ဥပုသ်တီတင်း ဆောက်တည်ကြသည်။ ညောင်ပင်သို့အသွားတွင် "ကဆုန်နယုန် လေရူးသုန်" ဟူသည်နှင့်အညီ လေပွေ၊ လေရူးလေးများ ကလူကျီစယ်နေပါသည်။ ညောင်ပင်သို့ရောက်လျှင် အသင့်စောင့်နေသော ဘုရားလူကြီးများက ဘုရားပရိတ်တော်၊ ဓမ္မစကြာများ ရွတ်ပြီး ညောင်ပင်ကို ရှိခိုးပြီး ညောင်ရေသွန်းစေသည်။
နိုင်ငံအနှံ့အပြား စေတီပုထိုးများရှိ ညောင်ပင်တို့တွင် ရေသွန်းလောင်းသည်။ အမျိုးသမီးများက ယောဂီအ၀တ်အစားများ သပ်သပ်ရပ်ရပ် ၀တ်ကာ ရေကို အိုးဖြင့်ထည့်ပြီး ညောင်ပင်ခြေသို့ လာရောက်လောင်းကြသည်။ ယောက်ျားလေးများက အိုးစည်ဒိုးပတ်များဖြင့် ကခုန်ဖျော်ဖြေကြသည်။ အချို့က စတုဒီသာ ကျွေးမွေးကြသည်။
ကဆုန်လပြည့်နေ့သည် မြန်မာ့တိုင်းရင်းသားတို့၏ ယဉ်ကျေးမှုဓလေ့ ထုံးစံများအနက် ဆယ့်နှစ်လရာသီ ပွဲတော် အပါအ၀င်ဖြစ်သော ညောင်ရေသွန်းပွဲတော်ကို အသင်းအဖွဲ့များ၊ မိသားစုများ တပျော်တပါး ဆင်နွဲကြသော အချန်ကာလပင် ဖြစ်သည်။

No comments:

Related Posts Plugin for WordPress, Blogger...