လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

လူသစ် လက်မခံနိုင်တော့သော ကမ္ဘာကြီး

ချမ်းသာသော တိုင်းပြည်များအနေနှင့် စားသုံးမှု လျှော့ချခြင်းလည်းမပြုသည့်အပြင် ကမ္ဘာ့လူဦးရေကလည်း တည်ငြိမ်ခြင်းမရှိပါက စီးပွားရေးဆိုင်ရာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ကပ်ဘေးများကို ရှောင်လွှဲနိုင် လိမ့်မည် မဟုတ်ချေ။
စီးပွားရေး ဆက်တိုက် ကျဆင်းနေခြင်းနှင့် သဘာဝပတ်ဝန်းကျင် နာမကျန်းမှုတို့ မဖြစ်ပွားအောင် ရှောင်ကျဉ်ရန် အလို့ငှာ ကမ္ဘာ့လူဦးရေကို တည်ငြိမ်အောင် မြန်မြန်ထက်ထက် လုပ်ရန်နှင့် ချမ်းသာသော နိုင်ငံများ အနေနှင့်လည်း စားသုံးမှု လျှော့ချရန် လိုအပ်သည်ဟု တော်ဝင်အသင်းကြီး Royal Society ၏ အဓိက အစီရင်ခံစာ တစောင်က သတိပေးထားသည်။
အလိုရှိသူ အမျိုးသမီးတိုင်းအား ပဋိသန္ဓေ တားဆေးများ ပေးရမည် ဖြစ်ကြောင်းနှင့် မညီမျှမှု လျှော့ချရေးအတွက် စားသုံးမှုကို လျှော့ချရမည် ဖြစ်ကြောင်း နိုဘဲဆုရှင် ဇီဝဗေဒပညာရှင် ဆာဂျွန်ဆူလ်စတန် ဦးစီး ပြုစုသော လေ့လာချက် တစောင်က ဆိုပါသည်။
၂၀၅၀ ခုနှစ်တွင် ရှိလာမည့် လူဦးရေ သန်း ၉,၀၀၀ စလုံးအတွက် အသက်ရှည်ရှည်၊ ကျန်းကျန်းမာ နေထိုင်နိုင်ဖို့ဆိုလျှင် လူဦးရေနှင့် စားသုံးမှုတည်းဟူသော အမွှာပြဿနာ (၂) ရပ်ကို နိုင်ငံရေး၊ စီးပွားရေး လုပ်ငန်းစဉ်များ၏ ထိပ်ဆုံးမှာ ထားရမည်ဟု (၂၁ လကြာ အချိန်ယူပြုစုခဲ့ရသော) နောင်လာမည့် နှစ်(၁၀၀) အတွင်း လူသားတို့၏ ရှေ့အလား အလာဆိုင်ရာ အကဲဖြတ်ချက်က ကြပ်ကြပ် သတိပေးထားသည်။ ဤပြဿနာ (၂) ရပ်စလုံးကို နှစ် (၂၀) ကြာမျှ နိုင်ငံရေးသမားများက အကြီးအကျယ် လျစ်လျူရှုခဲ့ကြပြီး၊ သဘာဝပတ်ဝန်းကျင် ဆိုင်ရာနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ အဖွဲ့အစည်းများကလည်း လျှော့တွက်ခဲ့ကြသည်ဟု အစီရင်ခံစာက ဆိုပါသည်။
“ကမ္ဘာမြေပေါ်ရှိ လူဦးရေနှင့် ၄င်းတို့၏ စားသုံးမှုပမာဏသည် မကြုံစဖူး ကြီးထွားလာခဲ့ပြီဖြစ်ရာ၊ သဘာဝ ပတ်ဝန်းကျင်မှာ ဧရာမပြောင်းလဲမှုကြီးများ ဖြစ်ပွားနေလျှက်ရှိသည်။ အရင်းအမြစ်များ သုံးစွဲမှုကို ပို၍ တန်းတူ ညီမျှမှုရှိသော စားသုံးမှုပုံစံအဖြစ်သို့ ပြန်လည် ထိန်းညှိမည်လော၊ သို့တည်းမဟုတ် ဘာမျှမလုပ်ဘဲ စီးပွားရေး ဆက်တိုက်ကျနေခြင်းနှင့် သဘာဝပတ်ဝန်းကျင် နာမကျန်းဖြစ်နေခြင်းတို့တွင် ရေစုန်မျှော လိုက်ပါပြီး၊ တန်းတူညီမျှမှုလည်းမရှိ၊ လိုလာစရာလည်း မရှိသော အနာဂတ်သို့ အရောက်ခံမည်လော ဆိုသည်ကို ကျွန်ုပ်တို့ ရွေးစရာရှိသည်” ဟု အစီရင်ခံစာက ဖေါ်ပြထားသည်။
ယနေ့ လူဦးရေ တိုးနှုန်းအတိုင်းဆိုလျှင် ယနေ့ကာလမှ (၂၀၅၀) အထိကာလ အတွင်းတွင် ဖွံ့ဖြိုးဆဲနိုင်ငံ များသည် ၅ နှစ်လျှင် လူဦးရေ ၁ သန်း နေထိုင်ရာ မြို့ကြီးတစ်မြို့ကို တည်ဆောက်ရသည်နှင့် ညီမျှသော အဖြစ်သို့ ရောက်ရှိလိမ့်မည်ဟု အစီရင်ခံစာက ဆိုသည်။ “ယနေ့ လက်ရှိလူဦးရေ သန်း ၇,၀၀၀ သည် ၂၀၅၀ ခုနှစ်တွင် သန်း ၂,၃၀၀ တိုးပြီး ဖြစ်နေလိမ့်မည်။ ဤတိုးလာမည့် လူဦးရေသည် ယနေ့ တရုတ်ပြည်နှင့် အိန္ဒိယပြည်တို့၏ လူဦးရေပေါင်းနှင့် ညီမျှသည်။”
သို့ရာတွင် ကမ္ဘာ့လူဦးရေ ပြဿနာ သက်သက်သည် မညီမျှမှုပြဿနာနှင့် စားသုံးမှု ပမာဏ ပြဿနာ တို့လောက် အရေးမကြီးပါဟု ၂၂ ဦးပါ အစီရင်ခံစာ ပြုစုရေးအဖွဲ့မှ အဖွဲ့ဝင် တဦးဖြစ်သူ ဂျူလီပရက်တီ Jules Pretty က ဆိုပါသည်။ “ရုပ်ဝတ္ထုပစ္စည်း သဘောအရ ပြောရရင်၊ အဖွံ့ဖြိုးဆုံး၊ အတိုးတက်ဆုံး တိုင်းပြည်တွေ အနေနဲ့ CO2 (ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှု ဖြစ်ပွားစေသော စားသုံးမှု) လို စားသုံးမှုမျိုးတွေကို ရှောင်ကျဉ်ဖို့ လိုပါတယ်။ အသက်ရှည်ရှည်၊ ကျန်းကျန်းမာမာ နေထိုင်နိုင်ဖို့ ဒီလောက်များများ စားသုံးစရာ မလိုပါဘူး။ ခုလိုမျိုး ကမ္ဘာလောကကြီးမှာ မညီမမျှ ဆက်ဖြစ်သွားမှာကို ကျမတို့ မတွေးရဲပါဘူး။ တနေ့ (၁ ဒသမ ၂၅) ဒေါ်လာအောက်နှုန်းနဲ့ ဘ၀ ရပ်တည်နေရတဲ့ လူဦးရေ သန်း (၁,၃၀၀) ကို လုံးဝ မွဲပြာကျနေတဲ့ ဘ၀ထဲကနေ ကျမတို့ ဆွဲတင်ပေးရမှာ ဖြစ်ပါတယ်။ အများပြည်သူအတွက် ၀န်ဆောင်မှုတွေ အလျင်မီအောင် ဖြည့်ဆည်း မပေးနိုင်တဲ့ တိုင်းပြည်တွေမှာ လူဦးရေ တိုးနှုန်း လျော့သွားရေးဟာ အလွန် အရေးကြီးပါတယ်။”
အစီရင်ခံစာက နိုင်ဂျီးရီးယားနိုင်ငံကို သာဓကအဖြစ် ဖေါ်ပြပါသည်။ လွန်ခဲ့သောနှစ်ပေါင်း (၃၀) အတွင်းမှာ လူ့သက်တမ်း တိုးခဲ့သော်လည်း၊ နှစ်၂၀ ပြည့်တိုင်းမှာ လူဦးရေက ၂ ဆ ဖြစ်လာခဲ့သည်။ “လျှော့လျှော့ ပေါ့ပေါ့တွက်လျက် ၂၀၅၀ ခုနှစ်မှာ မွေးဖွားနှုန်းက နှစ်စဉ်ပျမ်းမျှ ၃ ဒသမ ၉ % လောက်အထိရောက်အောင် ကျဆင်း သွားမည်ဆိုလျှင်ပင်၊ လူဦးရေက ၁၅ ဒသမ ၅ သန်းမှနေ၍ (၂၀၅၀) ခုနှစ် အရောက်မှာ ၅၅ ဒသမ ၅ သန်း အထိ ရောက်အောင် တိုးလာမည် ဖြစ်သည်။ နိုင်ဂျီးရီးယားနိုင်ငံအဖို့ လူဦးရေတိုးခြင်းက ရိက္ခာနှင့် မရှိမဖြစ်သော အခြား အသက်ရှင် နေထိုင်ရေး ပစ္စည်းများ ထုတ်လုပ်မှုထက် ကျော်လွန်သွားနိုင် သည်ကတော့ အမှန်ပင်ဖြစ်သည်။ ဤနိုင်ငံအဖို့ မွေးဖွားမှုနှင့် လူဦးရေကြီးထွားမှုကို သိသိသာသာ လျော့ချလျက်၊ ကျန်းမာရေးင့် ပညာရေးမှာ ရင်းနှီးမြှုပ်နှံမှုများ တိုး၍ မလုပ်နိုင်ပါကအနာဂတ်ကောင်းဖို့ မလွယ်လှချေ။” ဟု အစီရင်ခံစာက ဆိုပါသည်။
လာမည့်ရာစုနှစ်တွင် တိုးလာမည့် လူဦးရေ အများစုသည် အာဖရိက၏ (၃၂) နိုင်ငံ အပါအ၀င် ဖွံ့ဖြိုးဆဲ နိုင်ငံ အနည်းဆုံး (၄၈) နိုင်မှ ဖြစ်လိမ့်မည်ဟု အစီရင်ခံစာ ပြုစုရေး အဖွဲ့ဝင် တဦးလည်းဖြစ်၊ အာဖရိက လူဦးရေ လေ့လာရေး အဖွဲ့၏ ဥက္ကဋ္ဌလည်းဖြစ်သူ အက္ကလီယာ ဇူးလူးက ဆိုပါသည်။ “ဒီရာစုနှစ်မှာ အာဖရိကတခု တည်းမှာတောင် လူဦးရေ သန်း (၂ ,၀၀၀) တိုးလာမှာဖြစ်ပါတယ်။ ကျနော်တို့ မစွမ်းဆောင်နိုင်လို့၊ မွေးဖွားမှုနှုန်းက (လက်ရှိ ၄ ဒသမ ၇% ကနေ) ၂ ဒသမ ၁ % အထိရောက်အောင် ကျဆင်း မသွားဘူးဆိုရင် အာဖရိက လူဦးရေဟာ သန်း (၅, ၃၀၀) အထိ ရောက်သွားနိုင်ပါတယ်။ လူဦးရေတိုးနှုန်းကို လျှော့ချတဲ့အခါ ကျနော်တို့ဟာ အမျိုးသမီးတွေရဲ့ အဆင့်နေရာကို တိုးမြှင့်ပေးရပါတယ်။
ဖွံ့ဖြိုးမှု အနည်းဆုံး တိုင်ပြည်တွေကိုလည်း ပညာရေးမှာ ရင်းနှီးမြှုပ်နှံဖို့ ငွေကြေး အထောက်အပံ့ ပိုပေးရ ပါတယ်။ အမျိုးသမီး အများစုဟာ ကလေးနည်းချင် ကြပါတယ်။ အာဖရိကမှာ မွေးဖွားမှုနှုန်း လျှော့ချဖို့ တောင်းဆိုနေကြပါတယ်။”
ချမ်းသာသော တိုင်းပြည်များတွင် စားသုံးပုံ အလေ့အကျင့် ပြောင်းလဲရေးအတွက် အချိန်ယူရမည်ဖြစ်ပြီး၊ နိုင်ငံရေးအရလည်း အင်နှင့်အားနှင့် လုပ်ဆောင်ရန်လိုကြောင်း အစီရင်ခံစာ ရေးသားပြုစုသူများက အသိအမှတ် ပြုပါသည်။ သို့ရာတွင် ပဋိသန္ဓေတားဆေး ထောက်ပံ့ ပေးရေးအတွက်မူ ငွေကုန်ကြေးကျ သိပ်များလိမ့်မည် မဟုတ်ဟု ဆိုပါသည်။“တကမ္ဘာလုံးမှာ ပဋိသန္ဓေတားဆေး မတတ်နိုင်တဲ့ မိသားစုတွေ အတွက် တားဆေး ထောက်ပံ့ဖို့ဆိုရင် တနှစ်မှာ ဒေါ်လာ (၆) ဘီလီယံ- (၇) ဘီလီယံလောက် ကုန်ကျ ပါလိမ့်မယ်။ ဒါဟာ သိပ်မများပါဘူး။ အင်မတန် ကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုလည်း ဖြစ်ပြီး၊ မတတ်နိုင်စရာလည်း လုံးဝ မရှိပါဘူး။ မိသားစု စီမံကိန်းအတွက် အထောက်အပံ့ မပေးဘဲ နေခြင်းဟာ လူ့အခွင့်အရေး ချိုးဖေါက်မှု တခုဖြစ်ပါတယ်။” ဟုဆူလ်စတန်ကဆိုပါသည်။
တည်ငြိမ်အောင် ထိန်းထားရမည့် လူဦးရေ ပမာဏကိုတော့မူ အစီရင်ခံစာ ရေးသားသူများက ဖေါ်ပြခြင်း မပြုကြချေ။ ဤကဲ့သို့ လူဦးရေ ပမာဏသည် နေထိုင်မှု ဘ၀ပုံစံ ရွေးချယ်မှုနှင့် စားသုံးမှုတို့အပေါ် မူတည်သည်ဟု ဆိုပါသည်။ သို့ရာတွင် အဆောတလျင် လုပ်စရာရှိသည်များကို မလုပ်ဘဲနေပါက လူသားတို့ အဖို့ အကြီးအကျယ် ဒုက္ခရောက်ကြလိမ့်မည်ဟု သတိပေးထားသည်။ “အကန့်အသတ် ရှိတဲ့ ဂြိုဟ်ကမ္ဘာကြီးအပေါ် ဖိစီးနှိပ်စက်လာခဲ့မှုတွေကြောင့် ကျမတို့ဟာ လူ့အပြုအမူတွေကို အခြေအမြစ်ကနေ ပြောင်းလဲပစ်ဖို့ လိုပါလိမ့်မယ်။”ဟု ပရက်တီက ပြောပါသည်။
“ဒီဂြိုဟ်ကမ္ဘာကြီးမှာ အရင်းအမြစ်က လူဦးရေ သန်း(၉, ၀၀၀) အသက်ရှင်နေထိုင်နိုင်ဖို့လောက်ပဲ ရှိပါတယ်။ စားသုံးမှုအဆင့်ချင်း တရားလွန်တရားမဲ့ မညီမမျှဖြစ်နေတာကို ဖြေရှင်းပေးမှသာလျှင် အနာဂတ်မှာ လူသားအားလုံး အသက်ရှင်နေထိုင်သွားနိုင်ကြမှာ ဖြစ်ပါတယ်။ လူဦးရေရဲ့ ၁၀ % ရှိတဲ့ အချမ်းသားဆုံးလူတွေ စားသုံးနေတဲ့ ကမ္ဘာမြေကြီးရဲ့ မနည်းမနော အရင်းအမြစ်တွေကို မျှမျှတတ ပြန်လည်ခွဲဝေပေးမှသာလျှင် ဖွံ့ဖြိုးတိုးတက်မှု ရှိလာမှာဖြစ်ပြီး၊ မွေးကင်းစအရွယ်ကလေးများ သေဆုံးမှုနှုန်းကျသွားမယ်၊ ပညာတတ်သူတွေပိုများလာမယ်၊ မိသားစုဝင်ဦးရေကို အဆုံးအဖြတ် ပေးနိုင်လောက်အောင် အမျိုးသမီးတွေအဖို့ အဆင့်နေရာ မြင့်လာမယ်။(ဒီအချက်တွေကြောင့် မွေး ဖွားမှုနှုန်း ကျဆင်းသွားပါလိမ့်မယ်)။ ”ဟု Oxfam အဖွဲ့မှ ပြောရေးဆိုခွင့် ရှိသူ အမျိုးသမီးတဦးက ဆိုပါသည်။

မောင်မောင်သန်းမြန်မာပြန်သည်။
Source: World needs to stabilise population and cut consumption, says Royal Society/ The Guardian, Thursday 26 April 2012

1 comment:

ရင်ဆူး said...

ကဲ့ ဒီကိစ္စကိုဘယ်လိုလုပ်ကြမလဲ......ကမ္ဘာကြီးကတော့ အဆင်မပြေတော့ဘူး....လူတွေကဘဲ အဆင်ပြေအောင်လုပ်မှဖြစ်တော့မယ်.....

Related Posts Plugin for WordPress, Blogger...