ယမမင်း ဆိုသည်မှာ ပါဠိဘာသာ ယမ၊ မြန်မာစကား မင်း ကို ပေါင်းခေါ်ခြင်းဖြစ်သည်။ အကုသိုလ်ကံအလျောက် ငရဲထိန်းတို့ ဆောင်ယူပို့ဆောင်လာသော သတ္တ၀ါများကို ဒေ၀ဒူတ တမန်ငါးပါး ကိုပြပြီး ကောင်းမှုကုသိုလ်များ အောင့်မေ့တတ် အမှတ်ရစေတတ်သောကြောင့် ယမမင်း မည်သည်။ ငရဲမင်းကြီး (ယမမင်း) များသည် အပြစ်ကြီးကြီးနှင့်ရောက်လာသော ငရဲသားများကို စစ်ဆေးရန်မလိုဘဲ အပြစ်နည်းနည်းနှင့်ရောက်လာသော ငရဲသားများကိုသာ စစ်ဆေးရန် ဖြစ်သည်။
ပဉ္စာနန္တရိယကံ ကျူးလွန်သူ၊ စေတီပုထိုးဖျက်သူ၊ မိစ္ဆာဒိဌိအယူရှိသူ စသည့် အပြစ်ကြီးသူများအား တခါတည်း ငရဲချ၏။ အကုသိုလ်နည်းသူများ ငရဲမှ လွတ်လိုလွတ်ငြား စစ်ဆေးသဖြင့် ယမမင်းကို မင်းကောင်းမင်းမြတ်များ ဟု သတ်မှတ်သည်။ ငရဲတစ်ထပ်စီတွင် ယမမင်း ၄ ဦးစီရှိသည်။ ငရဲကြီးရှစ်ထပ်တွင် ငရဲမင်းကြီးစုစုပေါင်း ၃၂ ယောက်ရှိသည်။ ငရဲငယ် ၁၂၈ ခုတွင် ငရဲမင်းကြီး(ယမမင်း) များ မရှိပါ။ ယမမင်းများ၏ ဇာတိမှာ စတုမဟာဇာရ်နတ်ဘုံမှ ဖြစ်သည်။ "ဝေမာနိက ပြိတ္တာ" များကို အုပ်ချုပ်ရသော မင်းဖြစ်သည်။ "မဟိဒ္ဒိက ပြိတ္တာ" မျိုးဖြစ်သည်။ မသန့်စင်သည့် ကုသိုလ်ကံ (မိဿက ကုသိုလ်ကံ) ကြောင့် ငရဲမင်းကြီး ဖြစ်လာသည်။
ဒေ၀ဒူတ (သေမင်းတမန်) ငါးပါး ဆိုသည်မှာ ကလေး၊ သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသမား ထို ၅ ဦးကို ပမာပြုခြင်း ဖြစ်သည်။ ငရဲမင်းကြီးက အပြစ်နည်းနည်းနှင့် ရောက်လာသော ငရဲသားများကို စစ်ဆေးသောအခါ ဒေ၀ဒူတ ငါးပါးကို ပမာထားပြီး ငါးကြိမ်တိုင် စစ်မေးရ၏။ ငရဲသားက မိမိပြုခဲ့သော ကောင်းမှုကို သတိမရလျှင် ကုသိုလ်ပြုစဉ်က ငရဲမင်းကြီးအား အမျှပေးဝေခြင်း ရှိမရှိ စဉ်းစားကြည့်၏။ ရှိလျှင် ငရဲသားအား ကုသိုလ်ကောင်းမှုကို ပြန်သတိရအောင် လုပ်ပေးပြီး ငရဲမှ လွှတ်သည်။ ကုသိုလ်ကောင်းမှု၊ အမျှဝေခြင်းမရှိလျှင် င၇ဲသားအား ငရဲထိန်းတို့လက်သို့ အပ်လိုက်သည်။
စစ်တမ်းစစ်ပုံစစ်နည်းမှာ-
ယမမင်း။ ။ မောင်မင်း- လူ့ပြည်မှာနေတုန်း ကျင်ကြီးကျင်ငယ်ကိုပင် မသုတ်သင်နိုင်ဘဲ ကျင်ကြီးကျင်ငယ်ထဲတွင် လူးလှိမ့်နေရရှာသော ကလေးများကို မတွေ့ဖူးခဲ့ဘူးလား?
ငရဲသား။ ။ တွေ့ခဲ့ဖူးပါသည်ဘုရား။
ယမမင်း။ ။ မိမိကိုယ်တိုင် နားလည်သောအရွယ်ရောက်သောအခါ ထိုကလေးများကို ကြည့်ပြီး ငါသည် ယခုလိုကလေးဖြစ်ဖို့ရာ နောင်အခါ သန္ဓေတည်ရဦးမည်။ ထိုသဘောကို မလွန်မြောက်နိုင်သေးပါတကား၊ ယခုနှယ်က ကိုယ်နှုတ်စိတ် များကို စောင့်စည်းလျက် ကောင်းကောင်းကြီး နေမှ တော်မည်- ဟု အကြံအစည်မဖြစ်ခဲ့ဘူးလား မောင်မင်း။
ငရဲသား။ ။ ကျွန်တော်မျိုး မေ့လျော့သည့်အတွက် ကုသိုလ်ကောင်းမှုကို စိတ်မ၀င်စားခဲ့မိပါ။
ယမမင်း။ ။ မောင်မင်း - မကောင်းမှုကို ဆွေမျိုး ဥာတကာ ဆရာမိဘ စသူတို့က ပြုပေးကြသည်မဟုတ်။ မောင်မင်းကိုယ်တိုင်ပြုသမျှ အပြစ်ဒဏ်ကို မေ့လျော့သူတို့ ထုံးစံအတိုင်း ခံရချေတော့မည်။
ထိုနည်းအတိုင်းပင် သူအို၊ သူနာ၊ သူသေ၊ အကျဉ်းသမား စသူတို့ကို ညွှန်ပြီး မေး၏။ ငါးကြိမ်တိုင် မေးပြီး ကောင်းမှုကို သတိမရသေးလျှင် ယမမင်းကိုယ်တိုင် ထိုသူကုသိုလ်ပြုစဉ်က မိမိအား အမျှဝေဖူးသလား ဟုစဉ်းစား၏။ စဉ်းစားလို့ရလျှင် ထိုကုသိုလ်ကိုဖော်ပြီး ဖြစ်စေ၊ မိမိက ဘာသာသတိရပြီး ဖြစ်စေ၊ ကုသိုလ်ကို သတိရသည်နှင့်တပြိုင်နက် ငရဲမှ လွတ်မြောက်သူများ ရှိသည်။ ယမမင်းသော်မှ စဉ်းစားမရလျှင် ငရဲသားကို ငရဲထိန်းသို့ ခေါ်ဆောင်ကာ နှိပ်စက်ကြလေသည်။
(ထို့ကြောင့် ကုသိုလ်ပြုလျှင် ယမမင်းအားလည်း အမျှဝေသင့်ပေသည်။)
No comments:
Post a Comment