လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

တိမ်လွှာခြုံတဲ့ အပြာရောင်မြို့ကလေး

မော်ရိုကိုနိုင်ငံမှာ ကမ္ဘာလှည့်ခရီးသွားတွေကို ဆွဲဆောင်နေတဲ့ မြို့ကလေးတစ်မြို့ကတော့ Chefchaouen လို့အမည်ရတဲ့ မြို့ဖြစ်ပါတယ်။ မောရိုကိုမှာ အလှပ၊ အသန့်ရှင်းဆုံး မြို့ကလေးတစ်မြို့ရယ်လို့ အသိအမှတ် ပြုကြရပါတယ်။ စပိန်နိုင်ငံကနေ ထွက်ပြေးလာကြသူများက ၁၄၇၁ခုနှစ်မှာ စတင်တည်ထောင်ခဲ့ကြတာ ဖြစ်ပါတယ်။ မော်ရိုကိုနိုင်ငံရဲ့ မြောက်ဖက်စွန်းမှာ တည်ရှိပြီး ကျူးကျော်ရန်စလာသူ ပေါ်တူဂီတို့ကို ကိုယ့်အားကိုယ်ကိုးပြီး ခုခံ တိုက်ခိုက်ခဲ့ကြတဲ့ ခံတပ်မြို့တစ်မြို့လည်း ဖြစ်ခဲ့ပါတယ်။ Chefchaouen မြို့ကလေးဟာ Rif တောင်တန်းကြီးရဲ့ တောင်စောင်းမှာ တည်ရှိနေတာမို့ ကောင်းကင်ပေါ်မှာ တည်ရှိနေတဲ့ မြို့ကလေးလို့ထင်ရမတတ် မြို့ကလေးရှိရာ တောင်တန်းပေါ်မှာ တိမ်တွေ ၀ဲဖြာ ယှက်သိုင်းလို့ ညှို့ညှို့ဆိုင်းဆိုင်း ရှိနေတတ်ပုံက လွမ်းတတ်သူတွေအဖို့တော့ မျက်ရည်ဝဲစရာရယ်လို့ ပြောရမတတ်ပါပဲ ။


စစ်ပွဲများ ပြီးဆုံးလို့ တိုင်းပြည်အေးချမ်းချိန်မှာတော့ မြို့ငယ်ကလေးဟာ နိုင်ငံရေးကြောင့် ထွက်ပြေးခိုလှုံလာရသော မွတ်ဆလင်နဲ့ ဂျူးလူမျိုးတို့ အများဆုံးနေထိုင်ရာ ဒေသ ဖြစ်လာပါတယ်။ Chefchaouen ဆိုတဲ့အမည်ဟာ စပိန်ဘာသာစကားဖြစ်တဲ့ “Chauen” က ဆင်းသက်လာတာဖြစ်ပြီး ကျွဲချိုလို့ အမည်ရပါတယ်။ ၄င်းအမည်အတိုင်း Chefchaouen မြို့တည်ရှိနေတဲ့ တောင်ကုန်း၂ခုဟာ အပေါ်စီးက ကြည့်မယ်ဆိုရင် ကျွဲချိုပုံသဏ္ဍာန် တည်ရှိနေခဲ့ပါတယ်။ မြို့ထဲမှာ ရောင်းချသော လှပအနုစိတ်လှတဲ့ အနုပညာ လက်မှုပစ္စည်းများနဲ့ အရောင်အသွေးစုံလင်လှတဲ့ အထည်အလိပ်များကြောင့် နာမည်ကျော်ရခြင်း ဖြစ်သလို ဆိတ်နို့ကနေ ပြုလုပ်ထားသော အလွန် အရည်အသွေးကောင်းပြီး အရသာရှိလှတဲ့ ဒိန်ခဲတို့ကြောင့်လည်း ထင်ရှားရခြင်း ဖြစ်ပါတယ်။ မိုရိုကိုနိုင်ငံက ထွက်ရှိတဲ့ တိုင်းရင်း ပရဆေးပင် အတော်များများဟာလည်း ၄င်း မြို့အနီးတစ်ဝိုက်ကနေ စိုက်ပျိုးထွက်ရှိတာကြောင့် ပရဆေးပင်များကြောင့်လည်း ထင်ရှားကျော်ကြားပါတယ်။ မြို့ကလေးရဲ့အခြားသော ထူးခြားချက်တစ်ခုက အပြာရောင် မြို့တော်လို့ ခေါ်တွင်ရလောက်အောင် တစ်မြို့လုံး အဆောက်အဦးတွေ၊ အိမ်တွေ၊ လမ်းကြားတွေကို ဆေးအပြာရောင် သုတ်ထားပါတယ်။ 

လက်မှု အနုပညာပစ္စည်းများနဲ့ ချည်ထည်များ ရောင်းချရာဆိုင်

အဆောက်အဦးများကို အပြာရောင်ဆေးခြယ် သုတ်လိမ်းခြင်း အလေ့အထဟာ မြို့ကလေးမှာ စတင်နေထိုင်ကြသူ ဂျူးလူမျိုးများထံမှ အဆင့်ဆင့် လက်ဆင့်ကမ်း သယ်ဆောင်လာတဲ့ အလေ့အထ ဖြစ်တယ်လို့ဆိုပါတယ်။ မြို့နေ လူထုဟာ ရှေး သမ္မာကျမ်းစာထဲမှာပါဝင်တဲ့ ညွှန်ကြားချက်ကြောင့် အပြာရောင်ဆေးခြယ်ထားသော ချည်မျှင်ကို အဝတ်အထည် များတွင်ပါ ထည့်သွင်းယက်လုပ်တတ်ကြပါတယ် ။ ရှေးခေတ်ကတော့ ပင်လယ်ကနေ ရရှိတဲ့ ခရုခွံတစ်မျိုးကနေ ဆိုးဆေးအပြာရောင်ကို ထုတ်ယူခဲ့ကြသော်လည်း ယခုခေတ် ၄င်းဒေသမှာ ဆက်လက် နေထိုင်သူတွေမှာတော့ ခရုခွံကနေ ဆိုးဆေးရအောင် ဘယ်လိုထုတ်ယူတယ်ဆိုတာကိုပါ မေ့ကုန်ကြပြီး အလွယ်တကူရတဲ့ ဆိုးဆေးကိုသာ အသုံးပြုကြပြီး အ၀တ်အစားတွေမှာတော့ ယခုချိန်တိုင် အပြာရောင်ချည်စကို ထည့်သွင်းယက်လုပ် နေကြတုန်းဖြစ်ပါတယ်။
တစ်မြို့လုံးက အဆောက်အဦးတွေဟာ ပြာလွင်နေတာကြောင့် ရောက်လာတဲ့ ခရီးသွားဧည့်သည်တွေ စိတ်ဝင်စားဖွယ်ရာ ဖြစ်နေခဲ့ကြပါတယ်။ အင်မတန်ကျဉ်းမြောင်းတဲ့ လမ်းကြားငယ်လေးတွေ၊ အသုံးအဆောင် ပစ္စည်းတွေကို ပြာလွင်နေတဲ့အရောင်တွေနဲ့ မြင်ရတာကိုက အမြင်တစ်မျိုးဆန်းစေပါတယ်။ မြို့သူမြို့သားတွေရဲ့ အဆိုအရ သူတို့တွေဟာ အပြာရောင်ကိုမြင်တိုင်း ခေါင်းပေါ်က အပြာရောင် မိုးကောင်ကင်ကြီးကို သတိရမိကြပြီး မိုးကောင်းကင်ဘုံမှာ နေထိုင်တဲ့ ဘုရားသခင်ကို အမြဲသတိရနေမိအောင် အပြာရောင်ကို သုံးစွဲကြခြင်းဖြစ်ကြောင်း သိရပါတယ်။ မြို့ကလေးထဲကို လျှောက်သွားချိန်မှာတော့ ဘယ်နေရာကြည့်ကြည့် အပြာရောင်တွေသာ ဖြစ်နေလေတော့ အပြာရောင်ထဲမှာ လမ်းလျှောက်သွားနေရတဲ့ ခံစားချက်မျိုးကလည်း တစ်မျိုးလေး ထူးဆန်းနေပါတယ်တဲ့.. အောက်မှာတော့ အပြာရောင်မြို့ကလေးရဲ့ ပုံရိပ်များကို ဖော်ပြပေးလိုက်ပါတယ် ။



အစိမ်းရောင်လွင်ပြင် မှပြန်လည်ဝေမျှသည်။ 



No comments:

Related Posts Plugin for WordPress, Blogger...