လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

မစားကောင်းတဲ့အသား

မစားကောင်းတဲ့အသားက ” လူ ခွေး မြင်း ဆင် သစ် ကျား ခြင် ၀ံလျှင် အောင်းမြွေမျိုး” ဆိုတဲ့ လင်္ကာလေးအတိုင်း ဆယ်မျိုးရှိပါ တယ်၊ အဲဒါဘာသားတွေလဲဆိုတော့
(၁) လူသား
(၂) ခွေးသား
(၃) မြင်းသား
(၄) ဆင်သား
(၅) သစ်သား (ကျားသစ်သား)
(၆) ကျားသား
(၇) ခြင်္သေ့သား
(၈) ၀ံသား
(၉) အောင်းသား
(၁၀) မြွေသား

ယခုပြောပြခဲ့တဲ့အသားတွေက အဓိကသိက္ခာပုဒ်ထုတ် ပညတ်တော်မူခဲ့တာက သာသာနာ့ဘောင်အတွင်း နေထိုင်တဲ့ရဟန်းတော်တွေ ရှင်သာမဏေတွေအတွက် ပညတ်ခဲ့တာပါ၊ လူတွေအတွက်ပညတ်ခဲ့တာ မဟုတ်ပါဘူး၊ ဘာကြောင့် ဒီလိုပညတ်ခဲ့ သလဲဆိုရင် လူသားကတော့ ဇာတ်တူသားချင်းမို့ မစားပါနဲ့ ပညတ်ခဲ့တာပါ၊ ဇာတ်တူ သားချင်းစားရင် အမျိုးပျောက်သွားမှာမို့ပါ၊ ရှေးရှေးက ဟင်္သာကိုးသောင်းဟာ ဇာတ်တူ သားချင်းစားလို့ အမျိုးပျောက်ခဲ့ရဘူးတဲ့ သာဓကာရှိခဲ့ပါတယ်၊ ခွေးသားကတော့ ယုတ်ညံ့တဲ့ အသားဖြစ်တဲ့အတွက် မစားပါနဲ့လို့ တားမြစ်ခဲ့တာပါ၊ မြင့်မြတ်တဲ့ သာသနာ့ ဘောင်နေပြီး ယုတ်ညံ့တဲ့ခွေးသားစားနေရင် လူတွေအထင်သေးခံရ မှာစိုးလို့ပါ၊ မြင်းသားနဲ့ဆင်သားကိုတော့ ရှေးခေတ်ဘုရင်တွေလက်ထက်မှာ ရတနာလို့သတ်မှတ်ပြီး စီးနေကြလို့ မစားပါနဲ့လို့ တားမြစ်ခဲ့တာပါ၊ ကျန်တဲ့နံပါတ်ငါးကနေ တစ်ဆယ်အထိ အသားတွေက အန္တရာယ်များတဲ့အတွက် မစားပါနဲ့လို့ ပညတ်ခဲ့တာပါ။

တကယ်လို့သာ အဲဒီအသားတွေကို ရဟန်းတွေစားနေမယ်ဆိုရင် လူတွေက အမြတ်တနိုးစီမံပြီးလှူဖို့ လုပ်ကိုင်တဲ့အခါ ဒုက္ခတွေ့မှာစိုးရိမ်တော်မူတဲ့အတွက် မြတ်စွာဘုရားက အဲဒီအသားတွေစားတဲ့ရဟန်းတွေမှာ အာပတ်သင့်စေလို့ ပညတ်ခဲ့ပါတယ်၊ ဒါပေမယ့် ဒါကပြောလောက်အောင်ကြီးမားတဲ့ အာပတ်မဟုတ်ပါဘူး၊ ဒေသနာကြားပြီးပြန် လည်ဖြေယူရင် ပျောက်သွားတဲ့အာပတ်မျိုးပါ၊ ဒါတွေက မြတ်စွာဘုရားပညတ်ထားတဲ့ လုံးဝ မစား ကောင်းတဲ့ အသားကြီးဆယ်မျိုးပါ၊

နောက် စားကောင်းတဲ့ အသားတွေကိုလည်း ကိုယ့်အတွက် ကပ်လှူမယ်ဆိုပြီး ရည်ရွယ်ကာ သတ်တယ်လို့ သိရင်၊ ကြားရင်၊“ဒီအသားတွေက ငါအတွက်တမင်သက် သက် ကပ်လှူဖို့သတ်တာလား မသိဘူး”ဆိုပြီး သံသယရှိနေရင်လည်း မစားကောင်းပါ ဘူး၊ အဲဒီလို အသားမျိုးကို စားမယ်ဆိုရင်လည်း အာပတ်သင့်ပါတယ်၊ ဒါကရဟန်းတွေ ဘက်ကပြောတာပါ၊ လူတွေအတွက်တော့ ဘယ်အသားကိုမစားရဘူး၊ ဘယ်အသားကို စားရမယ်လို့ ပညတ်ထားတာမရှိပါဘူး၊ ဒါပေမဲ့ ကျေးဇူးရှင် လယ်တီဆရာတော် ဘုရားကြီး ကတော့ လူတွေကို နွားသား မစားဖို့  နွားမေတ္တာစာ ရေးသားပြီးဆုံးမထားတာရှိပါ တယ်၊

ကျန်တဲ့အသားတွေကိုစားရင် ကံထိုက်မယ်လို့ခံစား မိပါသလား ဆိုတာ အသားတွေကိုစားရုံနဲ့ ကံမထိုက်ပါဘူးဗျာ၊ သတ်မှသာ ပါဏာတိပါတ ကံ ထိုက်တာပါ၊ စားတာကတော့ အပြစ်လွတ်ပါတယ်၊ ဒါပေမယ့် ပိုပြီးစိတ်ချရအောင် ဈေးမှာ ရောင်းတဲ့ ပံ့သကူလိုအသားမျိုးကို ၀ယ်စားမယ်ဆိုရင် ပိုပြီးစိတ်သန့်မယ်ထင်ပါ တယ်၊ ဒါမှမဟုတ် ဒီအသားတွေက ငါစားနေလို့သာ သတ်နေတာ ငါမစားတော့ရင် သတ်တာတွေလျှော့ပါး သွားမှာပဲဆိုတဲ့ မေတ္တာစိတ်လေးနဲ့ ရှောင်နိုင်မယ်ဆိုရင် အကောင်းဆုံးပေါ့၊ တချို့ကျတော့သားသတ်လွတ်တော့စားပါရဲ့ ဒါပေမဲ့ အသားနဲ့တူတဲ့ ဂျုံနဲ့အတုလုပ်ထားတဲ့ အသားတုတွေစားကြတာတွေ့ဖူးပါတယ်၊ ဘာပဲပြောပြော အသားတွေကိုလျှော့စားနိုင် ရင်တော့ ကိုယ်ရနံ့လည်းကောင်းပြီး ကျန်းမာရေးအတွက် တဖက်တလမ်းက စိတ်ချရ မယ်ထင်မိပါတယ်...။

အရှင်ဆန်နီနေမင်း ဖြေကြားချက်များ မှ ဖတ်ဖူးခဲ့တာလေးပါ...။

No comments:

Related Posts Plugin for WordPress, Blogger...