လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

မြန်မာဆေးပညာရှင် ဦးဆောင်သော ဖော်ထုတ်တွေ့ရှိချက် အသစ်

ဒီသတင်းလေးက Eleven Media Group မှာ ဖေါ်ပြထားတာပါ။ ကိုယ့်လူမျိုးတွေက ဦးဆောင်ပါဝင်နိုင်တော့ ဂုဏ်ယူရတာပေါ့ဗျာ...။

ရှားပါးရောဂါစု တစ်မျိုးနှင့် ပန်ကရိယကင်ဆာ၊ ရင်သားကင်ဆာတို့ ဆက်စပ်နေကြောင်း သုတေသန တွေ့ရှိချက် အသစ်တစ်ခုကို မြန်မာ ဆေးပညာရှင်တစ်ဦး ဦးဆောင်သော သုတေသနအဖွဲ့မှ ဖော်ထုတ်နိုင်ခဲ့ပြီး အဆိုပါတွေ့ရှိချက်ကို နိုင်ငံတကာ သတင်းမီဒီယာများ၌ ထိပ်တန်း သတင်းအနေဖြင့် ဖော်ပြခဲ့ကြောင်း သိရှိရသည်။
အဆိုပါ သုတေသနတွေ့ရှိချက် အသစ်ကို အမေရိကန်နိုင်ငံ ကင်ဆာ ရောဂါပညာရှင်များအဖွဲ့( American Society of Clinical Oncology) မှ ထုတ်ဝေသည့် ထိပ်တန်းဆေးသိပ္ပံဂျာနယ် Journal of Clinical Onco- logy  ၌ ဖေဖော်ဝါရီလ ၁၃ရက်နေ့တွင် ဖော်ပြခဲ့ပြီး ရိုက်တာသတင်းဌာနနှင့် Sky News ၊ Fox News ၊ Science Daily  အစရှိသော မီဒီယာများ အပါအ၀င် နိုင်ငံတကာသတင်းမီဒီယာများတွင်လည်း ယခုရက်ပိုင်းအတွင်း ဆက်တိုက်ဖော်ပြခဲ့ကြသည်။
သုတေသနတွေ့ရှိချက် အသစ်ဖော်ထုတ်မှုကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ မဲလ်ဘုန်းတက္ကသိုလ် မှ မျိုးရိုးဗီဇသုတေသနပညာရှင် ဒေါက်တာအောင်ကိုဝင်းနှင့် တွဲဖက် ပါမောက္ခ Mark Jenkins တို့ ဦးဆောင်သည့် Colon Cancer Family Registry အဖွဲ့မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါသည်။
တွေ့ရှိမှုမှာ ရှားပါးရောဂါစု တစ်မျိုးဖြစ်သည့် Lynch Syndrome ဝေဒနာရှင်များတွင် မုန့်ချိုအိတ်(ခေါ်) ပန်ကရိယ(Pancreas) ကင်ဆာနှင့် ရင်သား ကင်ဆာဖြစ်ပွားမှုနှုန်းမှာ ပိုမိုမြင့်မားကြောင်းကို ဖော်ထုတ်ခဲ့ခြင်း ဖြစ်ပါသည်။ Lynch Syndrome ရောဂါစုသည် လူ့ခန္ဓာကိုယ် မျိုးရိုးဗီဇစနစ်၏ အဓိကဖြစ်သော DNA ကွဲလွဲမှု ပြင်ဆင်ပေးနိုင်သည့် မျိုးရိုးဗီဇသဏ္ဌာန်ပြောင်းလဲမှု( mismatch repair gene mutation) ရှိသူများထံ တွင် တွေ့ရလေ့ရှိကြောင်း သိရသည်။

Lynch Syndrome  ရောဂါစုသည်ပျမ်းမျှအားဖြင့် လူတစ်ထောင်လျှင် တစ်ယောက်နှုန်းခန့်သာ တွေ့ရသောရောဂါဖြစ်ပြီး အကျိုးဆက်အားဖြင့် ကင်ဆာရောဂါများ အသက်ငယ်ငယ် အရွယ်တွင် ဖြစ်ပွားတတ်ကြသူများ ဖြစ်ကြောင်း သိရပါသည်။
“ဒီလို ဝေဒနာရှင်တွေမှာ အူမကြီး၊ သားအိမ်၊ မျိုးဥအိမ်၊ ကျောက်ကပ်၊ အစာအိမ်နဲ့ ဆီးအိမ်တို့မှာ ကင်ဆာဖြစ်ပွားနှုန်း အလွန်မြင့်တာကို ယခင်က တွေ့ရှိခဲ့ပြီး ဖြစ်ပါတယ်။ အခု သုတေသနပြုချက်အရ ဒီကင်ဆာတွေအပြင် ပန်ကရိယကင်ဆာနဲ့ ရင်သားကင်ဆာတွေလည်း ဖြစ်ပွားနိုင်ခြေများတာကို ပထမဆုံး အခိုင်အမာ သက်သေပြနိုင်ခြင်းဖြစ်ပါတယ်” ဟု သုတေသနတွေ့ရှိချက်အသစ်တွင် ဦးဆောင်ပါဝင်ခဲ့သည့် ဒေါက်တာအောင်ကိုဝင်းက ပြောပြပါသည်။
ထို့အပြင် မိသားစုဝင်များအတွင်း အူမကြီးကင်ဆာ အပါအ၀င် ကင်ဆာရောဂါများ အသက် ငယ်ငယ်ရွယ်ရွယ်တွင် ဖြစ်ပွားမှုများခြင်း က Lynch Syndrome  ၏ လက္ခဏာ တစ်ရပ်ဖြစ်ကြောင်း သိရပါသည်။ သို့သော် ရောဂါဖြစ်ပွားမှု သေချာရန် အတွက်မူ Confirmatory Test အနေဖြင့် မျိုးရိုးဗီဇစစ်ဆေးမှုများ ပြုလုပ်ရလေ့ရှိသည်ဟု ဒေါက်တာ အောင်ကိုဝင်းက ဆက်လက်ပြောပြ ပါသည်။
“မိသားစုဝင်တွေမှာ ကင်ဆာ ရောဂါအဖြစ်များပြီဆိုရင်ဆရာဝန်နဲ့ တိုင်ပင် ပြသဖို့လိုပြီး ကင်ဆာရော ဂါကာကွယ်ဖို့ ကြိုတင်စစ်ဆေးမှုများ ပြုလုပ်ဖို့ လိုပါတယ်။ mismatch repair gene mutation ရှိတဲ့ သူတွေ အနေနဲ့ အူမကြီးကင်ဆာကို စောစော စီးစီးသိနိုင်ဖို့ အူမကြီးမှန်ပြောင်းစစ် ဆေးမှု(ဃသူသညသျခသစပ)ကို ပုံမှန် ပြုလုပ်ဖို့လိုအပ်ပါတယ်” ဟု ဒေါက်တာအောင်ကိုဝင်းက ပြောပါသည်။
သို့သော် mismatch repair gene mutation ကို သယ်ဆောင်မထားသူ များအတွက်မူ များစွာစိုးရိမ်ဖွယ်ရာ မရှိဘဲ ကင်ဆာဖြစ်ပွားနိုင်ခြေမြင့်မားမှု မရှိကြောင်း သိရသည်။
“အခုတွေ့ရှိချက်အရ Lynch Syndrome ဝေဒနာရှင်တွေရဲ့မိသားစုဝင် ဆွေမျိုးတွေအနေနဲ့  mismatch repair gene mutation သယ်ဆောင်ထားခြင်း မရှိဘူးဆိုရင်  အူမကြီးကင်ဆာအပါအ၀င် တခြားကင်ဆာများ ဖြစ်နိုင်ခြေ မြင့်မားမှု မရှိကြောင်းကို သက်သေပြနိုင်ခဲ့ပါတယ်။ ဒါကြောင့်မို့ သူတို့တွေအနေနဲ့ အရမ်းစိုးရိမ်နေဖို့ မလိုပါဘူး။ အူမကြီးမှန်ပြောင်းစစ်ဆေးမှု Colonoscopy ကို မလိုအပ်ဘဲ မလုပ်သင့်ပါဘူး။ ဒါကတော့ သတင်းကောင်းပါပဲ” ဟု ဒေါက်တာအောင်ကိုဝင်းက ပြောပြခဲ့ပါသည်။
ဒေါက်တာအောင်ကိုဝင်း ဦးဆောင်ခဲ့သော Colon Cancer Family Registry အဖွဲ့မှ သုတေသနတွေ့ရှိချက်အသစ် ဖော်ထုတ်နိုင်ခဲ့ခြင်းကို သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့ရှိ Monash တက္ကသိုလ်၌ ပြည်သူ့ကျန်းမာရေး ပါရဂူဘွဲ့သင်တန်း တက်ရောက်နေသော ဒေါက်တာစိုးထက်က မြန်မာနိုင်ငံသား တစ်ယောက်အနေဖြင့် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့ပါသည်။
“မြန်မာလူငယ် ပညာရှင်တစ်ဦးရဲ့ စွမ်းဆောင်မှုကို နိုင်ငံတကာ ဆေးသိပ္ပံပညာနဲ့ သုတေသနဂျာနယ် တွေ၊ ကမ္ဘာ့စာနယ်ဇင်း မီဒီယာတွေမှာ အလေးပေးဖော်ပြခဲ့တဲ့ သုတေသန ဖော်ထုတ်တွေ့ရှိချက်ဖြစ်လို့ မြန်မာနိုင်ငံသား တစ်ယောက်အနေနဲ့ ဂုဏ်ယူပါတယ်။ နောက်ပြီး မြန်မာလူငယ်တွေ ကိုလည်း သုတေသန အလေ့အကျင့်တွေ ပိုမိုရှင်သန်လာစေပြီး အခုလို နိုင်ငံတကာမှာ ပုံနှိပ်ဖော်ပြလာတာကို များစွာမြင်တွေ့ပြီး ဂုဏ်ယူလိုပါတယ်”ဟု  ဒေါက်တာစိုးထက်က ပြော ခဲ့သည်။
“ဒေါက်တာ အောင်ကိုဝင်းက မဲလ်ဘုန်းတက္ကသိုလ်မှာ ပါရဂူဘွဲ့ အတွက် ဆေးသုတေသနပြုတဲ့သူ တစ်ဦးပါ။ သူတို့ရဲ့သုတေသနအဖွဲ့ မှာ သြစတြေးလျ၊ နယူးဇီလန်၊ ကနေဒါနဲ့ အမေရိကန်နိုင်ငံက ဆေးပညာရှင်တွေလည်း ပါဝင်ပါတယ်။ သူတို့ အဖွဲ့က mismatch repair  gene မှာ လာမယ့် မျိုးဆက်တွေ အကျိုးဆက် ခံရနိုင်မယ့် မျိုးရိုးသဏ္ဌာန်ပြောင်းလဲမှု (mutation) သယ်ဆောင်သူ လေးရာကျော်နဲ့ မသယ်ဆောင်သူ တစ်ထောင်ကျော်ကို စစ်တမ်းကောက်ယူပြီး သုတေသနပြုခဲ့တာလို့ သိရပါတယ်”ဟု ဒေါက်တာစိုးထက်က ဆက်လက် ပြောကြားခဲ့ပါသည်။

Eleven မှ မူရင်းလင့်


No comments:

Related Posts Plugin for WordPress, Blogger...