လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အမွေးတိုင်ပူဇော်ခြင်းနဲ့ပတ်သက်၍

အရှင်ကောမလဆန်နီနေမင်း အမေးအဖြေများထဲက ဗဟုသုတရဖွယ်လေးပါ...။

အရှင်ဘုရား မေးခွန်းနောက်တစ်ခုလောက် မေးပါရစေ။ ဖယောင်းတိုင်၊ အမွေးတိုင် ထွန်းတယ်ဆိုတာ လေထဲကို ကာဗွန်တိုင် အောက်ဆိုက်များစေတယ်။ လေထု ညစ်ညမ်းမှုသာဖြစ်စေပြီး ဘာမှထူးမှာမဟုတ်ဘူးဆိုတာ မှန်ပါသလားဘုရား။

အင်း ဒီမေးခွန်းဟာလည်း တကယ်သိသင့်တဲ့ မေးခွန်းလေးပါ။ မြတ်စွာဘုရားရှေ့မှာ အမွေးတိုင်ပူဇော်တယ်၊ ဆီးမီးပူဇော်တယ်၊ ပန်းပူဇော်တယ်ဆိုတာ ဘာကြောင့် ဘယ်လိုပူဇော်ရတယ်ဆိုတာကို မသိကြတာက များပါတယ်။


တကယ်တော့ မြတ်ဗုဒ္ဓသည် ကိလေသာအားလုံးကင်စင်ပြီးဖြစ်လို့ အမွေးနံ့သာ စသည်တို့ မလိုအပ်တော့ပါ။ မြတ်ဗုဒ္ဓခန္ဓာကိုယ်၌လည်း အတုမရှိသော အမွေးနံ့သာတို့ ပြည့်စုံနေပါတယ်။ အဲဒီလို အမွေးနံ့သာစသည်တို့လည်း အလိုမရှိ၊ သူကိုယ်တိုင်၌လည်း အမွေးနံ့သာနဲ့ပြည့်စုံနေတဲ့ မြတ်ဗုဒ္ဓသည် အဘယ့်ကြောင့် အမွေးနံ့သာ ပူဇော်ခြင်း၊ ပန်းများပူဇော်ခြင်းတို့ကို လက်ခံရသလဲဆိုတာ သေချာစဉ်းစား ကြည့်သင့်ပါတယ်။


မြတ်ဗုဒ္ဓသည် စာရေးသူတို့ သတ္တ၀ါတွေအပေါ်မှာ မဟာကရုဏာတော်ရှင် ဖြစ်တယ်ဆိုတာ ဒီဟာကို ထောက်ဆကြည့်တာနဲ့ပင် အတော်လေး ကြည်ညိုစရာ လေးစားစရာ ကောင်းလှပါတယ်။ သူ့အတွက် မလိုအပ်တဲ့အရာတွေ သူတစ်ပါးက လာပြုလုပ်တာကို လက်ခံခြင်းသည် မဟာကရုဏာရှင်မို့သာ တစ်ခြားမည်သူမျှ လက်ခံမည်မဟုတ်ပေ။


စာရေးသူတို့ လူသားများတွင် တစ်စုံတစ်ယောက်သည် ရေမွှေးအကောင်းဆုံးတွေ သုံးထားတယ်ဆိုပါစို့၊ အဲဒီလူကို တစ်ယောက်ယောက်က သူ့ရေမွေးလောက် မကောင်းတဲ့အနံ့ဆိုးတဲ့ အနံ့တစ်ခုနဲ့ ဖြန့်ပက်ပေးမည်ဆိုလျှင် မဟာကရုဏာရှင် မဟုတ်သော စာရေးသူတို့ လူသားများ သည်းခံခွင့်လွတ်မည် မဟုတ်သလို အသာတကြည်နဲ့လည်း ခွင့်ပြုမှာ မဟုတ်ပါဘူး။


အင်း မြတ်ဗုဒ္ဓကတော့ မဟာကရုဏာရှင်ဖြစ်တဲ့အတွက် သူ့ပင်ကိုယ် သဘာဝလောက် အမွေးနံ့သာမရှိတဲ့ အမွေးတိုင်၊ ပန်းများ သူနားမှာ ပူဇော်ခြင်းကို လက်ခံထားပေသည်။ ဒါဟာ ဘာဖြစ်လို့လဲဆိုတော့ သတ္တ၀ါတွေကို သနားငဲ့ညာပြီး တရားထူး မြန်မြန်ရစေချင်လို့ပါ။



အမွေးတိုင် ပူဇော်တယ်၊ ပန်းပူဇော်တယ်ဆိုတာ တကယ်တော့ အဲဒီအမွေးတိုင်၊ ပန်းပွင့်တို့ရဲ့ ဖြစ်ပျက်ကို ရှုမြင်ပြီး မိမိရဲ့ခန္ဓကိုယ်ကိုလည်း ရှု့တတ်အောင်လို့ပါ။ အမွေးတိုင်လေးကို ကြည့်လိုက်လျှင် တစ်စ တစ်စနဲ့ လောင်းမြိုက်ကုန်ဆုံးပြီး ပြာဖြစ်ကာ မြေကြီးထဲရောက်သွားပါတယ်။

အဲဒီလိုပဲ မိမိရဲ့ ခန္ဓာကိုယ်ကြီးဟာ မွေးလာပြီးကနေ တစ်ရက်တစ်ရက်နဲ့ ကုန်ဆုံးကာ နောက်ဆုံးပျက်စီးပြီး မြေကြီးဖြစ်သွားပါတယ်။ ဘယ်လောက်ပင် မိမိတို့က မာန်မာနတွေတက်ပြီး ပြုပြင်စေကာမှု ခန္ဓာကိုယ်ကြီးကတော့ ပျက်စီးရင်း ပျက်စီးလျက်ပါ။ ဒီလို အမြဲတမ်းပျက်စီးနေတဲ့ ခန္ဓာကိုယ်ကြီးအတွက် ရှာဖွေကျွေးမွေးရ၊ ပြုပြင်ပေးရနဲ့ မိမိမှာ နေ့စဉ် လောဘ၊ ဒေါသ၊ မောဟစတဲ့ ကိလေသာတွေ ဖြစ်နေပါတယ်။ တစ်ချို့ဆို သာမာန်လုပ်ရိုးလုပ်စဉ် လောဘ၊ ဒေါသသာမကဘဲ သူများထက် သာလွန်သော မတရားမှု လောဘ ဒေါသတွေဖြစ်ပြီး ငါးပါးသီလတွေ ကျုးလွန်းကြကာ မကောင်းမှုများကို သူများထက်ပို၍ ပြုလုပ်နေကြပါတယ်။


မိမိခန္ဓာကိုယ်ကြီးဟာ အမွေးတိုင်လိုပဲ တစ်ရက်တစ်ရက်နဲ့ ကုန်ဆုံးကာ ပျက်စီးသွားမည်ဆိုတာကို နေ့စဉ်နဲ့အမျှ သတိရှိနေမယ်ဆိုလျှင် သာမာန်ထက်ပိုသော ကိလေသာမကောင်းမှုများ မိမိသန္တာန်မှာ မဖြစ်ဘဲ ကောင်းမှုကုသိုလ်များကိုလည်း နေ့စဉ်နဲ့ အမျှ ပြုလုပ်နေမှာ သေချာပါသည်။


အမွေးတိုင်နည်းတူ ပန်းပွင့်တို့ ဖယောင်းမီးတို့ ပူဇော်ခိုင်းခြင်းသည်လည်း ထိုကဲ့သို့ အဖြစ်အပျက်များကို ကျောင်းမှာလာခိုက်၊ ဘုရားရှေ့မှာရှိနေခိုက်တွင် တရားရှု့မှတ် တတ်အောင်နှင့် တရားရှု့မှတ်ရန် ပူဇော်ခိုင်းခြင်း၊ ခွင့်ပြုခြင်းဖြစ်ပါပေသည်။ ဖယောင်မီးလှူလို့ အသိဉာဏ်ကောင်းခြင်းစတဲ့ အကျိုးတွေရရှိတာတော့ မှန်ပါပေသည်။ သို့သော် ထိုအကျိုးများသည် သာမညအရာသာဖြစ်ပြီး တရားရှုမှတ်ဖို့ရန်သာ အဓိကအချက်ဖြစ်ပေသည်။


မိမိတို့လူသားများက အမွေးတိုင်ပူဇော်ရခြင်း၊ ပန်းပူဇော်ရခြင်း၊ ဆီးမီး ပူဇော်ရခြင်းများ၏ အဓိကအဓိပ္ပါယ်ကို သေချာကျနစွာ မသိသောကြောင့် ဖြစ်သလို တွေးကာ ဖြစ်သလိုလုပ်နေကြပေသည်။ ဘုရား၌မီးထွန်းပူဇော်ပါဆိုလျှင် တစ်ချို့ဆို ဘုရားကို မီးပူတိုက်သလိုဖြစ်အောင် ဘုရားနားကပ်ကာ ပူဇော်သူများကိုလည်း စာရေးသူတွေ့ဖူးပေသည်။ သို့သော် စာရေးသူသည် ပါးစပ်နဲ့ပြောလျှင် အပြစ်တင်ခံရမည်ကြောက်သောကြောင့် စာနဲ့ပဲ ပြောလိုက်ပါသည်။ ဆီးမီးပူဇော်ခြင်း၊ အမွေးတိုင်လှူခြင်းများသည် မိမိအတွက်သာ အဓိကဖြစ်၍ ဘုရားနားကပ်ထားရန် မလိုပေ။ ဘုရားရှေ့ဝယ် မိမိမြင်လောက်သော နေရာဆိုလျှင် ရပေသည်။


ယခုခေတ် ဆီးမီးပူဇော်ရာဝယ် လျှပ်စစ်မီးများဖြင့် ပူဇော်ထားကြသည်များလည်း တွေ့ရပေသည်။ ထိုကဲ့သို့ လျှပ်စစ်မီးဖြင့် ပူဇော်ခြင်းသည် မိမိတို့အဓိကလုပ်ရမည့် တရားရှု့မှတ်ရန် မဖြစ်နိုင်သောကြောင့် အဓိကအကျိုးတော့ ရရှိတော့မည် မဟုတ်ပေ။ လျှပ်စစ်မီးပူဇော်သော အကျိုးသာ ရရှိပေမည်။ တကယ်တော့ မြတ်ဗုဒ္ဓသည် ခြောက်ပါးသောရောင်ခြည်တော်များဖြင့် ပြည့်စုံသူဖြစ်သောကြောင့် မည်သည့် အလင်းရောင်ကမျှ မထိုးဖောက်နိုင်ပါ။ သို့သော် သတ္တ၀ါများအတွက် တရားရှု့မှတ်နိုင်ရင် ဆီးမီးပူဇော်ခွင့် ပေးခဲ့ပါသည်။


နိဂုံးချုပ်အနေဖြင့် လူသားများသည် အမွေးတိုင်ကဲ့သို့ တစ်စတစ်နဲ့ ပျက်စီးနေသော ဤခန္ဓာကိုယ်ကြီး မပျက်စီးခင် မာန်မာန လောဘစသည့် မကောင်းမှုများ ရှောင်ကြဉ်ကာ အမြဲပျက်စီးနေသော ခန္ဓာကိုယ်ကြီးကို တရားသဘောဖြင့် နေ့စဉ်ရှု့မှတ်ပြီး ကောင်းမှုများ ပြုလုပ်ဖို့ရန် အရေးကြီးပေသည်။ အမွေးတိုင်စသည်တို့ လှူဒါန်းပူဇော် ကြသောအခါတွင်လည်း တရားများ ရှုမှတ်ပွားများနိုင်ကြပါစေလို့ ဆန္ဒပြုလျက်...။

No comments:

Related Posts Plugin for WordPress, Blogger...