လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

စိတ်ဓါတ်ချကိရိယာ

အရင်တုန်းက အင်တာနက်မှာ ဖတ်ဖူးတာလေးပါ။

တစ်ခါတုန်းက စေတန်နတ်ဆိုးဟာ သူ့ရဲ့ အဖျက်လုပ်ငန်းတွေကို စွန့်လွှတ်တော့မယ်လို့ ဆုံးဖြတ်ပြီး သူ့ရဲ့လုပ်ငန်းသုံးကိရိယာ တန်ဆာပလာတွေကို ရောင်းချဖို့အတွက် ဆိုင်လေးတစ်ဆိုင်ကိုစီစဉ်လိုက်တယ် ။

နတ်ဆိုးက ဆိုင်တစ်ဆိုင်ဖွင့်လှစ်ကာ သူ၏ပစ္စည်းကိရိယာများကို လှပစွာ ခင်းကျင်းပြသပြီး ပစ္စည်းများအသီးသီး၌ ဈေးနှုန်းတံဆိပ်ကလေးတွေကပ်ပြီး ရောင်းချဖို့ပြသထားတာပေါ့ ။ စေတန်နတ်ဆိုး ခင်းကျင်းပြသထားသော ပစ္စည်းကိရိယာများမှာ လောဘ ၊ မောဟ ၊ ဒေါသ ၊ အာဃာတ ၊ မစ္ဆရိယ ၊ မာန ၊ ရမ္မက် ၊ တဏှာ စသည်တွေပဲ ဖြစ်တယ်။
သို့သော်.. ဆိုင်၏ တစ်နေရာတွင်မူ ထူးထူးခြားခြား လည်းမရှိ၊ ကိုင်တွယ်သူအတွက်လည်း အန္တရာယ်ရှိပုံမရသည့် ပစ္စည်းလေးတစ်ခုကို တွေ့ရ၏ ..။ ၄င်းပစ္စည်း၌ ကပ်ထားသော ဈေးနှုန်းမှာ အခြားပစ္စည်းများထက် အတော်ပင် မြင့်မားနေသည်..။ ထို့ပြင် ထိုပစ္စည်းမှာ များစွာလည်း သုံးစြွဲပီးဖြစ်ပုံရသည်..။

“ ဒါက ဘာပစ္စည်းလဲဗျ..။ သူက ဘာကြောင့် သည်လောက်ဈေးကြီးနေရတာလဲ..။ ”

ဈေးဝယ်သူ တစ်ယောက်က စေတန်နတ်ဆိုးအား မေးသည်..။

“ ဟာ...ဒါက စိတ်ဓါတ်ချ ကိရိယာပဲ...။”

“ သူက ဘာလို့ ကျန်တာတွေထက် အများကြီးပိုဈေးကြီးနေရတာလဲ..။ ”

ဈေးဝယ်သူက ထပ်မေးသည်..။

“ ဒီကောင်က အရမ်း အစွမ်းထက်တာဗျ..။ လူတစ်ယောက်ရဲ့အသိစိတ်အာရုံထဲကို ကျွန်တော် တခြားကိရိယာတွေနဲ့ ဘယ်လိုမှဝင်လို့နှိုက်လို့ ဖျက်ဆီးလို့ မရတော့ဘူးဆိုတဲ့အခါမျိုးဆိုရင် ဒီကိရိယာကို သုံးရတယ်..။ ဒီကောင် အထဲဝင်လို့ရပြီဆိုရင် ကျန်တဲ့ ကိရိယာတွေနဲ့ အားလုံးထည့်ပြီး လှုပ်ရှားခိုင်းလို့ရတော့တာပဲ..။ ”

စေတန်နတ်ဆိုးက ရှင်းပြလေသည်..။

အနုတ်လက္ခဏာဆောင်သော လူ့အပြုအမူများ ၊ လုပ်ရပ်များ၏နောက်ကွယ်၌ “စိတ်ဓါတ်ကျဆင်းမှု” သည် ပုန်းခိုလျက် ရှိနေတတ်သည်..။ မည်သူမဆို နေ့စဉ်ဘ၀၌ စိတ်ပျက်စရာ ၊ စိတ်ဓါတ်ကျစရာ ကိစ္စကြီးငယ်များကို မပြတ် ကြုံတွေ့ကြရမည်ဖြစ်သည်..။ ထိုသို့ နေ့စဉ်ကြုံတွေ့ရသည့် စိတ်ဓါတ်ကျစရာအကြောင်းတို့ကို သင်မည်သို့ ရင်ဆိုင် ကိုင်တွယ်သွားသနည်း ဟူသော အချက်သည်ပင် ရေရှည်တွင် သင့်ရည်မှန်းချက်ပန်းတိုင်သို့ သင် ရောက်ခြင်းမရောက်ခြင်း ဟူသည်ကို အဆုံးအဖြတ်ပေးသွားမည် ဖြစ်သည်..။

ထို့ကြောင့် အကယ်၍ အကြောင်းတစ်စုံတစ်ရာကြောင့် စိတ်ဓါတ်ကျသည် ဆိုပါစို့..။ ငါအပျက်ဘက်ကို ရောက်နေမိပြီပဲ ဟု သတိရကာ ဒီအတွင်းမှ လမ်းကြောင်းထဲမှ မြန်မြန်ရုန်းထွက်နိုင်အောင် ကြိုးစားပါ..။ လောကကြီးမှာ အနှောင့်အယှက် အခက်အခဲဆိုတာ မလွဲမသွေ တွေ့ရမည့်အရာပဲ ဟု အားပေးဆင်ခြင်သောစကားမျိုး မိမိကိုယ်ကို ပြောပေးပါ..။ သန်းခေါင်ကျော်ပြီးရင် မိုးလင်းရမှာပဲ စသဖြင့် အားပေးဆင်ခြင်သောစကားမျိုးဖြင့် မိမိကိုယ်ကို အကောင်းမြင် အပြုတွေးသော လမ်းကြောင်းပေါ်သို့ ပြန်ဆွဲတင်ပေးပါ..။

No comments:

Related Posts Plugin for WordPress, Blogger...