အရှင်ဆန်နီနေမင်း ဆိုက်ထဲကပါ...။ ကျွန်တော်အပါအ၀င် ဒီအကြောင်းကို သိချင်နေကြသူများအတွက်ပါ။
အမေး။ ။ နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီတို့ဟာ မိထွေးတော်ဂေါတမီကဖွားတဲ့ ဖအေတူ မအေတူ မောင်နှမရင်းလို့ ဖတ်ရပါတယ်။ အိန္ဒိယမှာ ၀မ်းကွဲများ ဖတူမိကွဲများ ရှေးကပေးစားတတ်ပေမယ့် မိခင်တူရင် ရှောင်ကြပါတယ်။ မြတ်စွာဘုရားရဲ့ ညီတော်နဲ့ နှမတော်မှာ မိတူဖတူချင်း ဘာပြုလို့ လက်ထပ်ပေးရတာလဲဘုရား။
အဖြေ။ ။ နန္ဒမင်းသားနဲ့ ဇနပဒကလျာဏီတို့ဟာ မောင်နှမအရင်းအချာကြီးဖြစ်ကြတာ မှန်ပါတယ်။ ဒါပေမယ့် ဘာဖြစ်လို့ လက်ထပ်ပေးရလဲဆိုရင် သူတို့ဟာ သာကီဝင်မင်းမျိုးများဖြစ်တဲ့ အတွက် ဖြစ်ပါတယ်။ သာကီဝင်မင်းမျိုးများဟာ အချင်းချင်းယူကြတဲ့စနစ်ကို ရှေးပဝေသဏီကတည်းက ကျင့်သုံးခဲ့ကြပါတယ်။ ရှင်းလင်းပါဦးမယ်။ သကျသာကီဝင် ဖြစ်လာပုံအကြောင်းကို ပြောရမယ်ဆိုရင် ဘုရားအလောင်းတော်ဟာ တစ်ခုသောဘ၀မှာ ချမ်းသာတဲ့ ပုဏ္ဏားမျိုးမှဆင်းသက်လာပြီး နာမည်က ကပိလဖြစ်ပါတယ်။ သူဌေးအဖြစ်ကို စွန့်လွတ်၍ ဟိမ၀န္တာတောင်နံပါး ကျွန်းသစ်တောကြီးအတွင်း ရေကန်တစ်ခုအနီးတွင် သစ်ရွက်မိုးကျောင်းဆောက်ကာ ရသေ့ပြုပြီး နေပါတယ်။
တစ်နေ့တွင် ဥက္ကာမုခအမှူးရှိတဲ့ မင်းသားတို့ဟာ မြို့ရွာတည်ထောင်လိုကြတဲ့အတွက် မြို့နေရာကို လှည့်လည်ရှာဖွေကြရာ ဘုရားအလောင်းတော် ကပိလရသေ့ရဲ့ ကျောင်းသင်္ခမ်းသို့ ရောက်လာပါတယ်။ အဲဒီမှာ ရသေ့ကမေးတဲ့အတွက် မင်းသားများက မြို့တည်ထောင်ရန် မြို့နေရာကို ရှာနေကြပါကြောင်း လျှောက်ထားကြပါတယ်။ အလောင်းတော်ကပိလရသေ့ကလည်း မင်းသားတို့အပေါ်သနား လှတာကြောင့် “အသင်မင်းသားတို့ ငါ့ရဲ့ ကျောင်းသင်္ခမ်းနေရာမှာ မြို့တည်ကြမယ်ဆိုပါရင် ဇမ္ဗူဒိပ်ကျွန်းအပြင်တွင် အမြတ်ဆုံး မြို့တစ်မြို့ ဖြစ်လိမ့်မယ်။ ဤမြို့တွင် ဖွားမြင်တဲ့ ယောက်ျားတို့တွင် တစ်ယောက်တစ်ယောက်သော ယောက်ျားဟာ တစ်ခြား၌ မွေးဖွားသော ယောက်ျားအရာအထောင်တို့ကို လွှမ်းမိုးပါလိမ့်မယ်”စသဖြင့် ဘုရားအလောင်းတော်ရသေ့က ပြောသောအခါ မင်းသားများက “အရှင်ရသေ့ ဒီနေရာဟာ အရှင်ရသေ့ အသုံးပြုနေဆဲနေရာဖြစ်တယ် မဟုတ်လား”လို့ လျှောက်သောအခါ ကပိလရသေ့က “မင်းသားတို့ ဒီနေရာဟာ ငါအသုံးပြုနေဆဲဖြစ်တယ်ဆိုပြီး အတွေးမများကြပါနဲ့၊ ငါအတွက်က အစွန်အဖျား နေရာတစ်ခုမှာ ကျောင်းသင်္ခမ်းဆောက်လုပ်ပေးကြပါ၊ ငါညွန်ပြတဲ့နေရာသာ မင်းသားတို့ မြို့တည်ဖို့လုပ်ကြတော့ မြို့နာမည်ကိုလည်း ကပိလ၀တ္တုမြို့လို့ အမည်ပေးကြပါ”လို့ ကပိလရသေ့ကပြောပါတယ်။
ဥက္ကမုခမင်းသားအမှူးရှိမင်းသားလေးယောက်တို့ဟာ မှူးမတ်သေနာပတိများစွာတို့နှင့် အတူ ကပိလ၀တ္ထုအမည်ဖြင့် ရသေ့ညွန်ပြသောနေရာတွင် မြို့တည်ကာ နေထိုင်ကြပါတယ်။ မင်းသားတို့လည်း အသက်ကြီးလို့ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ရောက်လာသောအခါ မှူးမတ်အပေါင်းက “မင်းသားများနှင့်မင်းသမီးများလည်း အရွယ်ရောက်ကုန်ပြီ၊ အကယ်၍ ဥက္ကာကမင်းကြီး အနီးမှာရှိမယ်ဆိုရင် မင်းသားမင်းသမီးတို့အား ထိမ်းမြားလက်ထပ်ပေးမည်မှာ အမှန်ဖြစ်တယ်၊ ယခုတော့ ငါတို့တာဝန်ဖြစ်ခဲ့ပြီ”ဟု တွေးပြီး မင်းသားတို့အား ထိုအကြောင်းကို လျှောက်ထားကြပါတယ်။ မင်းသားများက “အမတ်တို့ ဒီအရပ်မှာ ငါတို့နှင့်အမျိုးနွယ်တူတဲ့ မင်းသမီးများ မရှိဘူး၊ နှမတော်များနှင့်အမျိုးနွယ်တူတဲ့ မင်းသားများလည်း မရှိကြ၊ အမျိုးနွယ်ဇတ်မတူတာချင်း အိမ်ထောင်ဖက်ကြမယ်ဆိုရင် ငါတို့မှာ ဖွားမြင်လာတဲ့ သားသမီးများဟာ အမျိုးဇာတ်ပျက်ပြီး မသန့်ရှင်းဖြစ်ကြလိမ့်မယ်။ တခြားအမျိုးဇာတ်တွေလည်း ၀င်ရောကုန်လိမ့်မယ်။ ဒါကြောင့် အစ်မကြီးပိယကို အမိအရာတင်မြှောက်ပြီး၊ ကျန်တဲ့ ငါတို့ မောင်လေးယောက်နှင့် နှမလေးယောက်တို့ အမျိုးအနွယ်ဇာတ်ပျက်ပြားမှုမှ ကာကွယ်ရန် ငါတို့မောင်နှမအချင်းချင်း အိမ်ထောင်ဖက်ကြကုန်စို့”လို့ တိုင်ပင်ကာ အချင်းချင်း ထိမ်းမြားလက်ထပ်ကာ ကပိလ၀တ္ထုမြို့မှာပဲ နေထိုင်လာခဲ့ကြပါတယ်။
ထိုသို့နေထိုင်လာရာက မင်းသားမင်းသမီးအစုံအစုံတို့မှာ ဖွားမြင်တဲ့ သားသမီးတို့ဖြင့် ပျော်ရွှင်စွာနေထိုင်ခဲ့ကြပါတယ်။ အခြားအမျိုးတို့နှင့် မရောယှက်ဘဲ အချင်းချင်း အိမ်ထောဖက်ကြကာ ကြီးပွားတိုးတက်နေတာကို ခမည်းတော်ကြီး ဥက္ကာကမင်းကြီးကြားတော်မူသောအခါ ပရမာ သကျာ ၀တ ဘော ကုမာရော-အို အမောင်တို့ ငါ့သားတော်သမီးတော်တွေဟာ လွန်ကဲမြင့်မြတ်ကာ စွမ်းနိုင်ကြပါပေစွတကားလို့ ဥက္ကာကမင်းကြီးက ချီးကျုးးစကား ပြောခဲ့ပါတယ်။ ထိုချီးကျူးစကား၌ သကျ-စွမ်းဆောင်နိုင်ခြင်းဆိုတဲ့အနက်ကို အစွဲပြု၍ ဥက္ကာမုခစတဲ့ မင်းသားမင်းသမီး မျိုးနွယ်စုတို့ကို သကျ-သာကီယ-သာကီဝင်-သာကီမျိုး-သာကီနွယ်လို့ ခေါ်တွင်မှတ်သား ထင်ရှားခဲ့ပါတော့တယ်။
အချူပ်ဆိုရသော် သာကီဝင်မင်းအမျိုးသည် ယခုမှာ အချင်းချင်း လက်ထပ်ခဲ့သည်မဟုတ် ရှေးပဝေသဏီကတည်းက အချင်းချင်းလက်ထပ်ခဲ့ကြပါတယ်ဆိုတာကို ဖြေကြားပေးလိုက်ပါတယ်။
No comments:
Post a Comment