လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ကျွန်တော့် မွေးနေ့ဆန္ဒ

ဒီနေ့ (၈-၃-၂၀၁၂)၊ ကြာသပတေးနေ့မှာ ကျွန်တော် လူ့လောကကိုရောက်တာ (၂၃)နှစ်တိတိပြည့်ခဲ့ပါပြီ...။
အရင်ဆုံး ကျွန်တော့ရဲ့ ၂၃ နှစ်ပြည့်မွေးနေ့လေးမှာ ကျွန်တော့်ကို မွေးဖွားပေးခဲ့တဲ့ မိဘနှစ်ပါးကို အဝေးတစ်နေရာမှ ဂါရ၀ပြုကန်တော့ပါတယ်...။
အထူးသဖြင့် ကျွန်တော့အဖေလူ့လောကကြီးမှာ မရှိတော့တဲ့နောက်ပိုင်း အမေတစ်ခုသားတစ်ခုဘ၀နဲ့ ကျွန်တော့်ကို လူတစ်လုံးသူတစ်လုံးဖြစ်အောင် ပြုစုပျိုးထောင်ပေးခဲ့တဲ့ ကျွန်တော့မေမေကိုပေါ့...။
ငယ်စဉ်ကတည်းက မေမေဟာ ချို့တဲ့လှတဲ့ ကျွန်တော်တို့ မိသားစုတာဝန်ကို အကောင်းဆုံးဖြည့်ဆည်းစွမ်းဆောင်ပြီး ကျွန်တော့်ဘ၀အတွက် အလင်းရောင်တွေ ထွန်းညှိပေးခဲ့သူပါ...။
သာမန် ကျောင်းဆရာမတစ်ဦးသာဖြစ်တဲ့ ကျွန်တော့်မေမေဟာ ကျွန်တော့်ဘ၀အတွက်တော့ နေမင်းကြီးလိုကြီးကျယ်၊ လမင်းကြီးလိုအေးမြ၊ မီးပြတိုက်လိုလမ်းပြပေးနိုင်ပြီး ကျောက်ဆောင်ကြီးလို မားမားမတ်မတ်ရပ်တည်ပေးနိုင်ခဲ့သူပါ...။
မေမေ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာပြီး နောင်နှစ်ပေါင်းများစွာထိ သားရဲ့ ပြုစုလုပ်ကျွေးနိုင်မှုကို ခံယူနိုင်ပါစေလို့ ဆုတောင်းဆန္ဒပြုလိုက်ပါတယ်...။
ပြီးတော့ ကျွန်တော့်ဖေဖေ... အကြောင်းအမျိုးမျိုးကြောင့် လူ့လောကက ထွက်ခွာသွားတာစောခဲ့ပေမယ့် သားရင်ထဲမှာတော့ ရှင်သန်နေဆဲပါ...။
အကြောင်းအမျိုးမျိုးကြောင့် မိသားစုကို မဖြည့်ဆည်းပေးနိုင်ခဲ့ပေမယ့် အပြစ်မမြင်ချစ်ခင်ဆဲပါ...။
ဖေဖေထွက်ခွာသွားတဲ့ အောက်တိုဘာ (၁၅) ရက်နေ့တိုင်းမှာ နှစ်စဉ်သတိရမိပါတယ်...။
ကျွန်တော့်ဘ၀မှာ ဒီနေ့ဒီချိန်ထိ နှမြောမိတာတစ်ခုပဲရှိတယ်... အဲဒါ ဖေဖေ့ကို ကောင်းကောင်းမွန်မွန်၊ ပြည့်ပြည့်စုံစုံနဲ့ ကျေးဇူးဆပ်ခွင့်မရလိုက်တာပါပဲ...။
ဘာပဲဖြစ်ဖြစ် ရင်ထဲက လှိုက်လှိုက်လှဲလှဲ ဆုမွန်ကောင်းတောင်းလိုက်တာက ဖေဖေကောင်းရာသုဂတိလားပါစေလို့.....။
ပြီးတော့ ကျွန်တော့ကို ငယ်စဉ်ကတည်းက တတ်သမျှမခြွှင်းမချန်သင်ကြားပေးခဲ့ကြတဲ့ အာစရိယ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာများအားလုံးကိုလည်း ဂါရ၀ပြု ကန်တော့လိုက်ပါတယ်...။
ကျွန်တော့်ဘ၀မှာ အစစအရာရာ ကူညီစောင်မခဲ့ကြသူအားလုံးကိုလည်း ကျေးဇူးတင် ဂါရ၀ပြုပါတယ်...။
ပြီးတော့ ကျွန်တော့်သူငယ်ချင်းများ၊ Facebook စတဲ့ Social Network တွေကနေ မွေးနေ့ဆုမွန်ကောင်း တောင်းပေးကြတဲ့ သူငယ်ချင်းများ၊ ကျွန်တော့ဘလော့အသစ်လေးကို လာလည်ကြသူများ အားလုံးကိုလည်း ကျေးဇူးအထူးတင်ပြီး အားလုံးပဲ ကိုယ်စိတ်နှစ်ဖြာရွှင်လန်းချမ်းမြေ့ကြပါစေ လို့ ဆန္ဒပြုလိုက်ပါတယ်ဗျာ.....။

1 comment:

Anonymous said...

same to you

Related Posts Plugin for WordPress, Blogger...