လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ဂျီပီအက်စ်နှင့် မြေပုံကြည့်၊ အီးမေးလ်ပို့၊ အင်တာနက်သုံးနိုင်သည့် မှော်မျက်မှန် ဂူးဂဲလ်ဖန်တီးနေ

ဂျီပီအက်စ်စနစ်သုံး မြေပုံဖြင့် တည်နေရာကြည့်ရှုခြင်း၊ အီးမေးလ် လက်ခံခြင်းနှင့် အီးမေးလ်ပို့ခြင်း၊ အင်တာနက်သုံး ရှာဖွေခြင်းများပြု လုပ်နိုင်သော မှော်မျက်မှန်ဟုဆိုရ မည့် နည်းပညာမြင့်မျက်မှန်တစ်မျိုး ဖန်တီးနေကြောင်း ဂူးဂဲလ်က တရား ၀င်ထုတ်ပြန်ခဲ့သည်။

စကားသံဖြင့်ထိန်းချုပ်အသုံး ပြုရမည့် ယင်းမျက်မှန်ကို Project Glass ဟု အမည်ပေးထားသည့် ဂူးဂဲလ်၏ လူမှုရေးဝက်ဘ်ဆိုက် Google Plus တွင် ဖော်ပြခဲ့ခြင်းဖြစ်ပြီး ပြင်ပကမ္ဘာနှင့် အွန်လိုင်းကမ္ဘာကို ပေါင်းစပ်ပေးမည့် နည်းပညာမြင့် မျက်မှန်ထုတ်လုပ်ရန် ကြိုးပမ်းနေသည်ဟု ကာလရှည် သတင်းထွက်နေခဲ့မှုကို အတည်ပြုခဲ့သည်။ ဂူးဂဲလ်ကတင်ထားသော ဓာတ်ပုံများအရ ငွေရောင်မျက်မှန်ကိုင်းနှင့် သေးငယ်သော ကင်မရာ တပ်ထားသော မျက်မှန်ဖန်သားပြင်တွင်ပင် ပုံဖော်ပေးနိုင်သည့် အထူးမျက်မှန်တစ်မျိုးကို တွေ့ခဲ့ရသည်။ မိမိရောက်ရှိနေသည့် နေရာကို ကြည့်ခြင်း၊ မိမိသွားသည့်နေရာ(သို့မဟုတ်)လူပုဂ္ဂိုလ်နှင့် ဘယ်နှမိုင်၊ ဘယ်နှလှမ်း ဝေးနေသေးသည်ဆိုခြင်းကို ဖော်ပြခြင်း၊ ရာ သီဥတု အခြေအနေကို ကြည့်ခြင်း၊ မိတ်ဆွေများထံမှ သတင်းစကားကို ဖတ်ခြင်းများ ပြုလုပ်ရနိုင်ကြောင်းကို တင်ထားသည့် ဓာတ်ပုံများက ဖော်ပြသည်။ တစ်ပါတည်းတပ်ထားသော မိုက်ခရိုဖုန်းများဖြင့် မျက်မှန်တပ်ထားသူသည် အသံဖြင့် အမိန့် ပေးနိုင်မည်ဖြစ်သည်။

ဂူးဂဲလ်၏ ဖော်ပြချက်အရ ယင်းနည်းပညာ မည်သို့ အလုပ်လုပ်ပုံကို ဖော်ပြနိုင်ရန် ယင်းဓာတ်ပုံများကို တင်ထားခြင်းဖြစ်ပြီး ယင်းပုံစံအတိုင်း အတိအကျ ထုတ်လုပ်မည်ဟု မဆိုလိုနိုင်သေးကြောင်း သိရသည်။

ဂူးဂဲလ်၏ ယင်းစီမံကိန်းအတွက် အိုင်ဒီယာများ ပေးပို့ရန်ပါ ဖိတ်ခေါ်ထားပြီး လက်တွေ့သုံးစွဲနိုင်သော အခြေအနေ ရောက်ရှိရန်မူ အချိန်စောင့်ရဦးမည်ဖြစ်ကြောင်း သိရသည်။

Ref: Eleven

No comments:

Related Posts Plugin for WordPress, Blogger...