လူဦးရေ ၄.၄ သန်းရှိတဲ့ နယူးဇီလန်နိုင်ငံမှာ ၀ိုင်၊ သိုးမွှေးနဲ့ လှပတဲ့ သဘာဝရှုမြင်ကွင်းတွေကြောင့် ထင်ရှားကျော်ကြားသည်။ သို့သော် ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း နယူးဇီလန်အစိုးရက အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ဩစတြေးလျတို့လို အရည်သွေးမှီ အဆင့်မြင့် ပညာရေးဖြင့် နိုင်ငံရပ်ခြားကျောင်းသားတွေကို ဆွဲဆောင်ဖို့ ကြိုးစားလာခဲ့သည်။
အခု နယူးဇီလန်က နိုင်ငံတကာကို ပညာတင်ပို့မှု (education export) မှာ ကမ္ဘာ့အဆင့် ၅ နေရာကို ရောက်ရှိလာသည်။ နိုင်ငံတကာကျောင်းသားတွေကို အဆင့်မြင့်ပညာ ရောင်းချမှုဖြင့် တစ်နှစ်ကို ဒေါ်လာ ၂.၅ ဘီလီယံ ရရှိနေသည်။
နယူးဇီလန် အစိုးရက နောက် ၁၅ နှစ်အတွင်း ပညာရောင်းချမှုဖြင့် တိုင်းပြည်စီးပွားရေး နှစ်ဆတိုးစေဖို့အတွက် တက္ကသိုလ်တွေမှာ ဘတ်ဂျက်မြှင့်သုံးခြင်း၊ အင်စတီကျူးရှင်းတွေ နိုင်ငံတာအဆင့်မှီအောင် ပြုပြင်ခြင်း၊ တနိုင်ငံလုံး ကျွမ်းကျင်လုပ်သား အင်အားစု အဆင့်ရောက်အောင် မြှင့်ခြင်းတို့ကို ဆောင်ရွက်နေသည်။
ဒါပေမဲ့ နယူးဇီလန်အတွက် အဓိကစိန်ခေါ်မှုက အိမ်နီးချင်း ဩစတြေးလျဖြစ်သည်။ ဩစတြေးလျက နှစ်ပေါင်းများစွာ နိုင်ငံတကာ ကျောင်းသားတို့ ကျက်စားရာ ဒေသကြီးဖြစ်သည်။ ဒါကြောင့် တက္ကသိုလ်တွေကို အိမ်နီချင်းနဲ့ ယှဉ်ပြိုနိုင်ဖို့ ပြီးခဲ့တဲ့နှစ်တွေမှာ အစိုးရက နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသည်။ နယူးဇီလန် ဗီဇာကို လွယ်လွယ်ကူကူရအောင် သက်ဆိုင်သံရုံးတွေက စီစဉ်ပေးသည်။ နိုင်ငံတကာ Ph.D ကျောင်းသားတွေအတွက် ကျောင်းစရိတ် လျော့ချပေးထားသည်။
နယူးဇီလန်တက္ကသိုလ်တွေနဲ့ ပုဂ္ဂလိက ကောလိပ်တွေမှာ နိုင်ငံတကာကျောင်းသား ၁ သိန်းကျော်ရှိသည်။ အစိုးရက ၂၀၂၅ မှာ နိုင်ငံတကာ ကျောင်းသား ၂ သိန်းအထိ တိုးတက်လာစေဖို့ ပြင်ဆင်နေသည်။ မနှစ်က အစိုးရက ‘နယူးဇီလန် ပညာရေး အေဂျင်စီ’ ထောင်ပြီး၊ ဒ်ါလာ ၁၀ သန်း အကုန်ကျခံကာ အာရှနိုင်ငံတွေမှာ ပညာရေး ပရိုမိုးရှင်းပွဲတွေ လုပ်ခဲ့သည်။
သို့နှင့်တိုင် နယူးဇီလန် အနေဖြင့် ဩစတြေးလျနဲ့ယှဉ်ရင် နိုင်ငံတကာ ပညာရေးဈေးကွက်မှာ မျက်နှာသာရမှု အားနည်းသေးသည်။ တစ်ဖက်က အမေရိကန်တက္ကသိုလ်တွေကလည်း ဈေးကွက် အရမ်းမြှင့်လာတဲ့အတွက် စိုးရိမ်မှုတွေ ဖြစ်လာပြီး ပြိုင်ဆိုင်မှုက ပိုပြင်းထန်လာသည်။
ဒါကြောင့် ဈေးကွက်ချဲ့မှု နိုင်ငံရပ်ခြားကျောင်းသား စုဆောင်းမှုတွေ ကြိုးစားလုပ်လာရသည်။ အာရှ၊ အာဖရိကနိုင်ငံတွေကို ပတ်ပြီး ကျောင်းသား စုဆောင်းရသည်။ နယူးဇီလန်နိုင်ငံသားတွေက အခြားကို ရွှေ့ပြောင်းမှုနဲ့ အသက်အရွယ်ကြီးရင့်မှု များလာတဲ့အတွက် အစိုးရက နိုင်ငံတကာကျောင်းသားတွေကို ကျွမ်းကျင်လုပ်သားဖြစ်အောင်မွေးပြီး အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးရသည်။
အစိုးရက ပြင်ပကျောင်းသားတွေ ဘွဲ့ရပြီး ဆက်နေစေဖို့ အလုပ်ရှာခွင့် တစ်နှစ်ဗီဇာ ထုတ်ပေးသည်။ အရည်အချင်းနဲ့ ထိုင်သင့်တဲ့ အလုပ်ရသွားရင်၊ အလုပ်အတွေ့အကြုံရယူဖို့ ဗီဇာ ၃ နှစ် ထပ်ထုတ်ပေးသည်။ လက်ရှိ နယူးဇီလန် ပညာရေးရဲ့ အဓိက ဖောက်သည်တွေက တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယားတို့ ဖြစ်သည်။ အာစီယံနိုင်ငံတွေက ကျောင်းသားတွေကို ဆက်ပြီး စုဆောင်းနေသည်။
Auckland University of Technology ဆိုရင် ၂၀၀၃ ခုနှစ်မှာ နိုင်ငံတကာကျောင်းသား ၈၀၀ ရှိရာက ၂၀၁၁ ခုနှစ်မှာ ၂၄၀၀ အထိ တိုးလာသည်။ Victoria University of Wellington ဆိုရင် နိုင်ငံပေါင်း ၁၀၀ က ကျောင်းသား ၃၀၀၀ ကျော် ရှိသည်။ ကျောင်းသားအများစုက တရုတ်၊ အမေရိကန်၊ မလေးရှားနဲ့ ဗီယက်နမ်တို့မှ ဖြစ်သည်။
နယူးဇီလန်တက္ကသိုလ်တွေမှာ ပညာသင်စရိတ်က ပျမ်းမျှအားဖြင့် ပြည်တွင်းကျောင်းသားအတွက် တစ်နှစ် ဒေါ်လာ ၄၀၀၀ ကနေ ၅၀၀၀ ကြား ရှိသည်။ ပြည်ပကျောင်းသားအတွက် တစ်နှစ် ဒေါ်လာ ၂၂,၀၀၀ ကနေ ၂၄,၀၀၀ ကြားရှိသည်။ တက္ကသိုလ်တွေရဲ့ ဘတ်ဂျက်ကို နိုင်ငံတကာ ကျောင်းသားတွေဆီက ငွေနဲ့ လည်ပတ်ခြင်း ဖြစ်သည်။
မူရင်း - Maukkha.org
No comments:
Post a Comment