- စ၀်ရွှေသိုက် (4.1.1948 - 16.3.1952)
- ဦးဘဦး (16.3.1952 - 13.3.1957)
- မန်းဝင်းမောင် (13.3.1957 - 2.3.1962)
- ဦးနေ၀င်း (2.3.1974 - 9.11.1981)
- ဦးစန်းယု (9.11.1981 - 25.7.1988)
- ဦးစိန်လွင် (25.7.1988 - 12.8.1988)
- ဦးအေးကို(ယာယီ) (12.8.1988 - 19.8.1988)
- ဒေါက်တာမောင်မောင် (19.8.1988 - 18.9.1988)
- ဦးသိန်းစိန် (4.2.2011 - လက်ရှိ)
မြန်မာနိုင်ငံ ၁၉၄၈၊ ဇန်န၀ါရီ ၄ တွင် လွတ်လပ်ရေးရပြီးနောက် အုပ်ချုပ်ရေးနှင့် နိုင်ငံအကြီးအကဲအဖြစ် သမ္မတရာထူးအဖြစ် သတ်မှတ်ပြဌာန်းခဲ့သည်။ ရာထူးအားဖြင့် သမ္မတသည် အကြီးအကဲဖြစ်သော်လည်း အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲမှာ ၀န်ကြီးချုပ်ဖြစ်သည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် ဂုဏ်ထူးဆောင်သမ္မတဖြစ်ပြီး အုပ်ချုပ်ရေးအာဏာ အနည်းငယ်သာရှိသည်။ လွှတ်တော်ဖျက်သိမ်းထားချိန်များနှင့် ရွေးကောက်ပွဲကြားကာလများ အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လစ်ဟင်းမှုများ မဖြစ်စေရန် သမ္မတမှ ယာယီတာဝန်ယူအုပ်ချုပ်ပေးခြင်းမျိုးသာ ရှိသည်။ ထို ပါလီမန်ဒီမိုကရေစီခေတ်တလျှောက် သမ္မတတာဝန် ယူခဲ့သူများမှာ-
- စ၀်ရွှေသိုက်
- ဦးဘဦး
- မန်းဝင်းမောင်
တို့ဖြစ်သည်။
သို့ရာတွင် ၁၉၆၂ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သည့် တပ်မတော်မှာ အာဏာသိမ်းမှုဖြစ်ပြီးနောက် အထက်ပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ဖျက်သိမ်းလိုက်သဖြင့် ပါလီမန်ဒီမိုကရေစီ စနစ်နှင့်အတူ သမ္မတရာထူးလည်း တစ်ပါတည်း ဖျက်သိမ်းခံရသည်။ ထို့နောက် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ တစ်ပါတီစနစ် ကျင့်သုံးပြီး အစိုးရအဖွဲ့အကြီးအကဲသည် သမ္မတဖြစ်ကြောင်း ပြဌာန်းသဖြင့် သမ္မတသည် အာဏာပိုင်ဖြစ်လာသည်။ ထိုဖွဲ့စည်းပုံအရ တာဝန်ယူခဲ့သူသော သမ္မတများမှာ-
- ဦးနေ၀င်း
- ဦးစန်းယု
- ဦးစိန်လွင်
- ဦးအေးကို
- ဒေါက်တာမောင်မောင်
တို့ဖြစ်ကြသည်။
၁၉၈၈ (၈၈၈၈) လူထုအုံကြွမှုအပြီး တပ်မတော်မှ တဖန် အာဏာသိမ်းယူလိုက်ခြင်းဖြင့် ၁၉၇၄ ဖွဲ့စည်းပုံ ပယ်ဖျက်ခံလိုက်ရသည့်နောက်တွင် စစ်အုပ်ချုပ်ရေးကာလများတွင် စစ်ဦးစီးချုပ်များဖြစ်သည့် ဗိုလ်ချုပ်ကြီးစောမောင် နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကသာ တိုင်းပြည်ကို တိုက်ရိုက်အုပ်ချုပ်ခဲ့ကြသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုက်နာကျင့်သုံးခြင်းမရှိသည့် ကာလဖြစ်သည်။ အစိုးရအဖွဲ့အကြီးအကဲ အဖြစ်သော်လည်းကောင်း၊ နိုင်ငံအကြီးအကဲ အဖြစ်သော်လည်းကောင်း သမ္မတအုပ်ချုပ်ရေးပုံစံ မဖြစ်ခဲ့ပေ။ သို့သော် အစိုးရအဖွဲ့ကို ဦးဆောင်ရန် ၀န်ကြီးချုပ်တစ်ဦးကို ခန့်အပ်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များအရ နိုင်ငံတော်သမ္မတသည် နိုင်ငံအကြီးအကဲသာမက အစိုးရအဖွဲ့အကြီးအကဲပါဖြစ်သည်။ သို့ဖြင့် ၂၀၁၁၊ ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်မှ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် စစ်ဘက်မှကိုယ်စားလှယ်များ ပါဝင်သည့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့၏ မဲပေးချက်များအရ ဦးသိန်းစိန် သည် သမ္မတဖြစ်လာသည်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ
နိုင်ငံတော်သမ္မတ သည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့်
- ပြည်ထောင်စု အစိုးရ ၀န်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ပြင်ဆင် သတ်မှတ် ဖြည့်စွက်ခြင်း ပြုနိုင်သည်။
- ပြည်ထောင်စုဝန်ကြီးဦးရေကို လိုသလို သတ်မှတ်နိုင်သည်။ ဦးရေ တိုး/လျှော့ ပြုနိုင်သည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု လွှတ်တော်အား တာဝန်ခံရမည်။ ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအား လည်းကောင်း၊ နိုင်ငံတော်သမ္မတမှ တဆင့် ပြည်ထောင်စုလွှတ်တော်အား လည်းကောင်း တာဝန်ခံရမည်။
နိုင်ငံတော်သမ္မတသည်
- ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။
- အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ထောက်ခံချက်နှင့် အညီ လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်သည်။
နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ
- ဂုဏ်ထူးဆောင်ဘွဲ့များ၊ တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်သည်။
- ချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ပြန်လည်ရုပ်သိမ်း နိုင်သည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်း၊ ဖြတ်တောက်ခြင်း ပြုနိုင်သည်။ သို့ရာတွင် ချက်ချင်းအရေးယူ ဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေမျိုးတွင် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းကာ နိုင်ငံခြားတိုင်းပြည်တစ်ခုနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်နိုင်သည်။ မိမိ၏ အရေးယူဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူရမည်။
နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ၀န်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း ပြုနိုင်သည်။
နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ
- ပြည်ထောင်စုလွှတ်တော် အတည်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ၊ နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နှုတ်ထွက်ခြင်း ပြုနိုင်သည်။
- ပြည်ထောင်စုလွှတ်တော် အတည်ပြုချက် ရယူရန် မလိုအပ်ဘဲ ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ၊ နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နှုတ်ထွက်ခြင်း ပြုနိုင်သည်။
နိုင်ငံတော်သမ္မတသည် နိုင်ငံတော် မူဝါဒများနှင့် အခြေအနေအရပ်ရပ်တို့ကို ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဖြစ်စေ၊ နိုင်ငံတစ်ဝှမ်းလုံးသို့ဖြစ်စေ အခါအားလျော်စွာ မိန့်ခွန်းပြောကြားခွင့်၊ သ၀ဏ်လွှာပေးပို့ခွင့် ရှိသည်။
လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကိုဖြစ်စေ၊ အထူးအစည်းအဝေး ကိုဖြစ်စေ ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော် နာယကအား အကြောင်းကြားနိုင်သည်။
No comments:
Post a Comment