လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ပျော်ရွှင်သော မွေးနေ့ဖြစ်ပါစေ သမ္မတကြီး

ဒီကနေ့ ၂၀၁၂ ခုနှစ်၊ ဧပြီ ၂၀ ရက်နေ့ (သောကြာနေ့)ဟာ ကျွန်တော်တို့ မြန်မာနိုင်ငံ သမ္မတကြီး ဦးသိန်းစိန်ရဲ့ အသက် ၆၇ နှစ်မြောက် မွေးနေ့ဖြစ်ပါတယ်။ 


သမ္မတကြီး ဦးသိန်းစိန်ဟာ အစိုးရသစ်သက်တမ်း တစ်နှစ် အတွင်းမှာပဲ ပြည်တွင်းပြည်ပရဲ့ အတိုက်အခိုက်များစွာ စိန်ခေါ်မှုများစွာကို ရင်ဆိုင်ပြီး မြန်မာပြည်နိုင်ငံရေး အပြောင်းအလဲများကို စတင်သူ၊ မြစ်ဆုံအရေး မိတ်ပျက်မှာမကြောက်ဘဲ ပြည်သူတွေရဲ့ ဆန္ဒကိုသာကြည့်ခဲ့သူ၊ ပြည်တွင်းငြိမ်းချမ်းရေးရအောင် ဦးဆောင်ကြိုးပမ်းသူ၊ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးခဲ့ပြီး အတိုက်အခံများကို လက်တွဲကြိုဆိုခဲ့သူ၊ ဒီမိုကရေစီစနစ်နဲ့ Clean Government ကို အကောင်အထည်ဖေါ်နေသူ၊ မြန်မာကို ကမ္ဘာမှာ ဂုဏ်တင့်အောင် ပြန်လည်ကြိုးစားနေသူ၊ ဂုဏ်ပကာသန မာန်မာနကင်းစင်ပြီး ပကတိရိုးသား တည်ကြည်သူ တစ်ဦးအဖြစ် ထင်ရှားခဲ့ပါတယ်။ ပြည်သူလူထုရဲ့ ယုံကြည်ကိုးစားမှု၊ ထောက်ခံမှုရရှိအောင် အပြောသက်သက်မဟုတ်၊ အလုပ်နဲ့ သက်သေပြခဲ့သူဆိုတာကို တိုတောင်းသေးတဲ့ သမ္မတသက်တမ်းအတွင်း လုပ်ဆောင်မှုများက ငြင်းမရအောင် သက်သေထူလျက်ရှိပါတယ်။ ဒါကြောင့် Time  မဂ္ဂဇင်းရဲ့ ၂၀၁၂ ခုနှစ် ကမ္ဘာတစ်လွှား သြဇာအရှိဆုံး အယောက် ၁၀၀ စာရင်းထဲမှာလည်း ပြီးခဲ့တဲ့ ဧပြီ ၁၇ နေ့က အတည်ပြုခံ ပါဝင်ခဲ့ပြီး ဖြစ်ပါတယ်။

ဒါကြောင့် ဒီနေ့ကျရောက်တဲ့ သမ္မတကြီးရဲ့ ၆၇ နှစ်မြောက်မွေးနေ့မှစပြီး နောင်နှစ်ပေါင်းများစွာတိုင်အောင် ဘုန်းတန်ခိုး ထက်မြက်ကြီးမားပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစွာနဲ့ တိုင်းပြည်အကျိုး၊ အမျိုး၊ ဘာသာ၊ သာသနာ နဲ့ ပြည်သူလူထုအကျိုး တို့ကို ဆထက်တပိုး တိုးလို့ ဆောင်ရွက်နိုင်ပါစေ လို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

အောက်မှာ သမ္မတကြီး ဦးသိန်းစိန်အကြောင်း ပြည့်ပြည့်စုံစုံလေး ဖော်ပြပေးလိုက်ပါတယ်။

ဦးသိန်းစိန်သည် လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ အဌမမြောက်၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အသက်ဝင်ပြီးနောက် ပထမဆုံး နိုင်ငံတော်သမ္မတဖြစ်လာသည်။ ၂၀၀၇ ၊ မေလတွင် ယခင်ဝန်ကြီးချုပ် ဦးစိုးဝင်း ကျန်းမာရေးအခြေအနေ ကျဆင်းပြီးနောက် ၀န်ကြီးချုပ်တာဝန်များ စတင်ထမ်းဆောင်ရပြီး အောက်တိုဘာတွင် တရားဝင်ခန့်အပ်ခံရသည်။ မြန်မာနိုင်ငံ၏ အမျိုးသားညီလာခံကျင်းပရေးကော်မရှင် ဥက္ကဌဖြစ်သည်။ ၂၀၀၈၊ မေလ နာဂစ်ဖြစ်ပြီးနောက် အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဗဟိုကော်မတီ ဥက္ကဌဖြစ်လာခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ရန် ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်ရန် တာဝန်ပေးအပ်ခံရပြီး ၂၀၁၀ ဧပြီမကုန်ခင် အခြား စစ်အရာရှိ ၀န်ကြီး၊ ဒုဝန်ကြီး (၂၇) ဦးနှင့်အတူ အရပ်ဝတ်လဲလှယ်ပြီး ပါတီထူထောင်ခွင့် လျှောက်ခဲ့သည်။ ၂၀၁၀၊ နိုဝင်ဘာ ၇ ရက်တွင် ကျင်းပသော ပြည်ထောင်စု ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြုလျက် နေပြည်တော်၊ ဇမ္မူသီရိမြို့နယ်တွင် အရွေးချယ်ခံခဲ့ပြီး ၂၀၁၁၊ ဖေဖော်ဝါရီ ၄ ရက်တွင် သမ္မတအဖြစ် တင်မြှောက်ခံခဲ့ရသည်။ လွတ်လပ်ရေးရပြီး မြန်မာနိုင်ငံ၏ အဌမမြောက်သမ္မတဖြစ်ပြီး ၂၀၁၁၊ ဧပြီ ၁ ရက်နေ့တွင် သမ္မတတာဝန် စတင်ထမ်းဆောင်ရသူ ဖြစ်သည်။

ငယ်ဘဝ
၁၉၄၅၊ ဧပြီ ၂၀ တွင် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ၊ ကျုံကူးရွာတွင် အဖ ဦးအောင်ဖြိုး၊ အမိ ဒေါ်ခင်ညွန့် တို့မှ မွေးဖွားခဲ့ပြီး ငယ်နာမည်မှာ မောင်သိန်းစိန်ပင်ဖြစ်သည်။

ပညာသင်ဘဝ
အခြေခံပညာကို ငပုတောမြို့နယ်၊ ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်းနှင့် ပုသိမ်မြို့ အမှတ် ၁ အခြေခံပညာ အထက်တန်းကျောင်း တို့တွင် သင်ကြားခဲ့သည်။ အထက်တန်းအောင်ပြီး ပြင်ဦးလွင် စစ်တက္ကသိုလ် တက်ရောက်ခဲ့ကာ ၁၉၆၈ တွင် အပတ်စဉ် (၉) တွင် ဝိဇ္ဇာဘွဲ့အထူးပြုဖြင့် အောင်မြင်သင်တန်းဆင်းခဲ့ပြီး တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။

နိုင်ငံရေးဘဝ
ကျောင်းဆင်းချိန် ၁၉၆၇ မှ ၁၉၇၃ ထိ ရှမ်းသေနတ်ကိုင်တပ်ရင်း အမှတ် (၁) တွင် ဒုဗိုလ်အဖြစ် စတင်တာဝန်ထမ်းဆောင်သည်။ ၁၉၈၂ ထိ ရမခ၊ ခမရ (၁၀၉) နှင့် ခလရ (၈၉) တွင် ဗိုလ်မှူးအဆင့်ဖြင့် လည်းကောင်း၊ ၁၉၈၉ တွင် ဒုဗိုလ်မှူးကြီးအဖြစ် ခလရ (၈၉)၊ နတခနှင့် ကက(ကြည်း) တွင် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၉၃ တွင် ဗိုလ်မှူးကြီးအဖြစ် ကက(ကြည်း) နှင့် စကခ(၄)၊ ၁၉၉၆ တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့် တသခ၊ ၁၉၉၇ တွင် ဗိုလ်ချုပ်အဖြစ် တသခနှင့် ကကရေး၊ ၂၀၀၇ တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း) တွင် တာဝန်ဆက်လက်ထမ်းဆောင်ခဲ့သည်။

၁၉၉၈ ၀န်းကျင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ခြေလျင်တပ်ရင်းတွင် တပ်ရင်းမှူး တာဝန်ယူပြီးနောက် စစ်ရုံးသို့ပြောင်းရွှေ့ကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူခဲ့သည်။ ထို့ကြောင့် ရုံးလုပ်ငန်းနှင့် အုပ်ချုပ်ရေးဘက်တွင် ကျွမ်းကျင်လာခဲ့သည်။ ၁၉၈၈ တပ်မတော်မှ အာဏာသိမ်းပြီး ကကကြည်းတွင် စစ်ဦးစီး ဗိုလ်မှူးကြီးနှင့် စစ်ဆင်ရေးကွပ်ကဲရေးမှူး တာဝန်များကို ထမ်းဆောင်ခဲ့သည်။ စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်များဖွင့်လှစ်သည့်အခါ မှော်ဘီမြို့နယ်၊ ဖူးကြီးအခြေစိုက် စကခ(၄) တွင် တပ်မမှူး ဖြစ်လာသည်။ ၁၉၉၇ တွင် တြိဂံတိုင်းစစ်ဌာနချုပ်တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်ထားခံရချိန်တွင် ဘိန်းဘုရင်များနှင့် တစ်ဖက်နိုင်ငံမှ ထိုင်းလူမျိုးများဆက်စပ်သည့် ကိစ္စအ၀၀ကို တာဝန်ယူဖြေရှင်းခဲ့ရသည်။ နယ်စပ်ဒေသရှိ လူမျိုးစုလက်နက်ကိုင်အဖွဲ့အချို့ကို အပစ်အခတ်ရပ်စဲရန် ကြိုးစားခဲ့ရသည်။ ၁၉၉၈ တွင် ဗိုလ်မှူးချုပ်၊ ၂၀၀၁ တွင် ရန်ကုန်စစ်ရုံးချုပ်တွင် စစ်ရေးချုပ်တာဝန်ယူရသည်။ ၂၀၀၃ တွင် ဒုတိယဗိုလ်ချုပ်ကြီးရာထူးအပြင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး (၂) တာဝန်ယူရသည်။ ၂၀၀၄ တွင် အတွင်းရေးမှူး (၁)ဖြစ်လာခဲ့သည်။


၂၀၀၇၊ ဧပြီတွင် ယာယီဝန်ကြီးချုပ်ဖြစ်လာပြီး အောက်တိုဘာ ၂၄ တွင် တရားဝင်ဝန်ကြီးချုပ်ဖြစ်ခဲ့သည်။ ၂၀၀၈ နာဂစ်ဒဏ်ခံ ပြည်သူများထံ သွားရောက်ခဲ့သည့် အစိုးရအရာရှိများထဲတွင် ပထမဆုံးဖြစ်သည်။ နာဂစ်အပြီး ဖွဲ့စည်းခဲ့သည့် အမျိုးသား သဘာဝဘေးကာကွယ်တားဆီးရေး ဗဟိုကော်မတီ ဥက္ကဌတာဝန် ပူးတွဲထမ်းဆောင်ခဲ့သည်။ ၂၀၁၀၊ ဧပြီ ၂၄ တွင် စစ်ဖက်ရာထူးဗိုလ်ချုပ်ကြီးအဖြစ်မှ နှုတ်ထွက်ပြီး ပြည်ခိုင်ဖြိုး ပါတီဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၁၀၊ နိုဝင်ဘာရွေးကောက်ပွဲတွင် ဦးသိန်းစိန်၏ ပြည်ခိုင်ဖြိုးပါတီက မဲအများစုဖြင့် အနိုင်ရပြီး သမ္မတဖြစ်လာခဲ့သည်။

ဦးသိန်းစိန်သည် စီးပွားရေးနာမည်ပျက်ကင်းပြီး နိုင်ငံတကာအတွေ့အကြုံရှိသူဖြစ်သည်။ စာဖတ်အားကောင်းပြီး ဆုံးဖြတ်ချက်ချရာတွင် မြန်ဆန်မှန်ကန်မှုရှိသည်။ သဘောထားပျော့ပျောင်းကာ အားလုံးကိုချစ်ခင်ကြင်နာတတ်သည်။


နိုင်ငံတကာဆက်ဆံရေး
ဝန်ကြီးချုပ်ဖြစ်ပြီးနောက် ချစ်ကြည်ရေးခရီးစဉ်များအဖြစ် တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ ထိုင်း စသည့်နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ဆောင်ရွက်ခဲ့သည်။ အာဆီယံအစည်းအဝေးများ၊ တောင်အာရှနိုင်ငံများ၊ တရုတ်၊ ဂျပန်၊ အမေရိကန် နိုင်ငံများသို့ သွာရောက်ခဲ့သည်။ ၂၀၀၉ မတ်လအတွင်း သွားရောက်ခဲ့သည့် စင်ကာပူခရီးစဉ်တွင် စင်ကာပူမှ သစ်ခွတစ်မျိုးကို ဒမ်ဒရိုဗီယမ်သိန်းစိန် ဟု အမည်ပေး ဂုဏ်ပြုခြင်းခံရသည်။ ၂၀၁၁၊ အောက်တိုဘာ ၁၂ ရက်တွင် နိုင်ငံတော်သမ္မတအဖြစ် ဇနီးဒေါ်ခင်ခင်ဝင်းနှင့်အတူ အိန္ဒိယသမ္မတ၏ ဖိတ်ကြားချက်အရ ချစ်ကြည်ရေးခရီး ထွက်ခွာခဲ့သည်။

ဂုဏ်ပြုချီးကျူးခံရခြင်း
၁၉၈၈ တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိခဲ့သည်။
၂၀၀၉ ၊ မတ်လတွင် စင်ကာပူခရီးစဉ်တွင် သစ်ခွတစ်မျိုးကို ဒမ်ဒရိုဗီယမ်သိန်းစိန် ဟု အမည်ပေး ဂုဏ်ပြုခံရသည်။
၂၀၁၁၊ ဇန်န၀ါရီ ၄ ရက်တွင် အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဘွဲ့ ရရှိခဲ့သည်။

မိသားစု
ဇနီးသည်မှာ ဒေါ်ခင်ခင်ဝင်းဖြစ်ပြီး သမီးသုံးဦးထွန်းကားခဲ့သည်။ ယခုအခါ နေပြည်တော် သမ္မတအိမ်တော်တွင် နေထိုင်လျက်ရှိသည်။ ၂၀၁၂ ၊ ဇန်န၀ါရီ ၃၁ ရက်တွင် စင်ကာပူနိုင်ငံ Mt.Elizabeth ဆေးရုံတွင် ကျန်းမာရေးစစ်ဆေးမှု ခံယူခဲ့သည်။ ဦးသိန်းစိန်တွင် နှလုံးရောဂါရှိပြီး ၂၀၀၄ မှစကာ နှလုံးခုန်စက် တပ်ဆင်ထားရသည်ဟု ဆိုပါသည်။

No comments:

Related Posts Plugin for WordPress, Blogger...