လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

မြေးအဘွားနှစ်ဦးအား သက်စွန့်ဆံဖျားကယ်တင်

ဒီသတင်းလေးက မြန်မာ့အလင်းထဲမှာ ပါတာပါ။ တခြား ဘယ် ပြည်တွင်း မီဒီယာတွေမှာမှ ဒီလို လေးစားဖွယ် နိုင်ငံ့ဝန်ထမ်းတွေအကြောင်းကို ဖော်ပြခြင်းမရှိသေးလို့ ယခုပို့စ်ဖြင့် ဂုဏ်ပြု တင်ပြခြင်းဖြစ်ပါတယ်။ 

ယခု ဧပြီလ ၁၁ ရက်၊ နံနက် ၁၀ နာရီ၊ မိနစ် ၂၀ က မော်လမြိုင်မှ ရန်ကုန်သို့ ပြေးဆွဲသည့် အမှတ် ၁၇၆ အစုန်ရထားသည် ဒါးပိန်ဘူတာအ၀င် ရထားလမ်းတံတားပေါ်၌ လမ်းဖြတ်ကူးသူ မြေးအဘွားနှစ်ဦးအား စက်ခေါင်းမောင်းလက်ထောက်က ကယ်တင်ခဲ့ရကြောင်း သိရှိရသည်။ 
ဒါးပိန် (မြောက်ပိုင်း) လက်ပံတန်းရပ်ကွက်တွင် နေသူ ဒေါ်မြင့်ကြည်(၆၂နှစ်) နှင့် မြေး မသဲစုဝင်း(၈နှစ်) တို့ဟာ ဒါးပိန်ဘူတာအ၀င် ပေ ၁၂၀ ရှည်တဲ့ ရထားလမ်းတံတားပေါ်ဖြတ်ကူးစဉ် မော်လမြိုင်မှ ရန်ကုန်သို့ထွက်ခွာလာသည့် အမှတ် ၁၇၆ အစုန်ရထားစက်ခေါင်းမောင်း ဦးမင်းလွင်ထွန်း၊ စက်ခေါင်းမောင်းလက်ထောက် ဦးဌေးနိုင်တို့မှာ တွေ့မြင်မြင်ချင်း သတိပေးဥသြဆွဲပြီး အရေးပေါ် ဘရိတ်ဆွဲ ရပ်တန့်ရန် ကြိုးစားခဲ့ပါတယ်။
ရထားကိုကျောပေးပြီး တံတားဖြတ်ကူးတဲ့ မြေးအဘွားနှစ်ယောက်အနေနဲ့ ရုတ်တရက် ကြောက်လန့်ပြီး တံတားအလယ်မှာ ဖက်ပြီးရပ်နေခြင်း၊ ရထားအရေးပေါ်ဘရိတ်သုံးနေသော်လည်း ခုတ်မောင်းလာသော အရှိန်ကြောင့် လုံးဝမရပ်တန့်နိုင်ဘဲ အရှိန်သာလျော့နည်းပြီး တိုက်မိတော့မယ့် အနေအထားတို့ကြောင့် စက်ခေါင်းမောင်းလက်ထောက် ဦးဌေးနိုင်မှ စက်ခေါင်းအပြင်ထွက်ပြီး စက်ခေါင်းထိပ်သွားရောက်ကာ ယင်းမြေးအဘွားနှစ်ဦးအား စက်ခေါင်းပေါ်မှ ခုန်ဆင်း၍ အမြန်တွန်းထုတ်ဖယ်ရှားခဲ့ရာ သုံးဦးစလုံး ၁၂ ပေအမြင့်ရှိ တံတားပေါ်မှ ရေထဲသို့ ပြုတ်ကျသွားခဲ့သည်။ စက်ခေါင်းမောင်းလက်ထောက်၏ ရုပ်ရှင်ဆန်ဆန် သက်စွန့်ဆံဖျားကယ်တင်မှုကြောင့် မြေးအဘွားနှစ်ဦးလုံးနှင့် ၄င်းအပါအ၀င် တစ်စုံတစ်ရာ ထိခိုက်ဒဏ်ရာရမှု မရှိဘဲ အသက်ကယ်တင်နိုင်ခဲ့ပါသည်။

ရထားများအနေဖြင့် သတ်မှတ်မိုင်နှုန်းဖြင့် ခုတ်မောင်းရာမှာ ရုတ်တရက် ရပ်တန့်နိုင်ခြင်းမရှိဘဲ လုံလောက်အကွာအဝေး ရောက်မှသာ ရပ်နိုင်သဖြင့် ရထားလမ်းတစ်လျှောက်နေထိုင်သူ ပြည်သူများ လမ်း၊တံတား ဖြတ်ကူးရာတွင် သတိဖြင့် ဖြတ်ကူးကြရန် နှင့် လိုက်နာဆောင်ရွက်သင့်သည့်အချက်များကို ထားရှိကြေညာထားပြီး လိုက်နာကြရန်လိုကြောင်း မိဘပြည်သူများအား မြန်မာ့မီးရထားဝန်ကြီးဌာနမှ အသိပေး နှိုးဆော်ထားပါသည်။

ပုံသေးနေလျှင် ပုံပေါ်ကို Click နှိပ် ကြည့်ရှုနိုင်ပါတယ်။

No comments:

Related Posts Plugin for WordPress, Blogger...