လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အပိုင်းအစများ

ဒါလေးကတော့ အကိုကြီးတစ်ယောက်ရဲ့ အရေးအသားလေးပါ...။
လက်တွေ့တွေကို သရုပ်ဖော်ထားတာမို့ ခံစားကြည့်ကြပါဦး..... :)

အခန်း(၁) 
မင်္ဂလာပါရှင်။ "xxxxxx" ဘူတာသို့ ဆိုက်ရောက်ပါပြီရှင်။ နောက်ဆုံးဘူတာ ဖြစ်သည့်အတွက် ခရီးသည်များအားလုံး ရထားထဲမှထွက်ပေးကြပါရန် မေတ္တာရပ်ခံပါတယ်ရှင်။ မိမိတို့၏ပစ္စည်းများကို ပြန်လည်စစ်ဆေးပြီးမှ ထွက်ခွါကြရန် အသိပေးအပ်ပါတယ်ရှင်။



မြေအောက်ရထားထဲမှ ကြေငြာချက်အသံကြောင့် ထိုင်ရာမှထပြီး အပြင်သို့ထွက်လိုက်သည်။ အထဲတွင် ပူအိုက်နေသလောက် -16 ဟူသော ပြင်ပ အပူချိန်ကြောင့်ဟထားသော အကျီင်္ဇစ်ကို ဆွဲစိလိုက်ပြီး မာဖလာအား ပြင်ပတ်လိုက်သည်။ အိတ်ထဲမှ အနွေးဦးထုပ်နှင့် လက်အိတ်ကိုထုတ်ယူရင်း ပိုက်ဆံအိတ်ကို မြင်မိတော့ဒီနေ့အတွက် ဝယ်ခြမ်းရဦးမယ့် ပစ္စည်းများကို ဖြတ်ခနဲ သူသတိရလိုက်သည်။ ညနေ ခြောက်နာရီဆိုပေမယ့် ဆိုင်များက မပိတ်သေး။ ယနေ့မှ 23 ရက်ဆိုတော့လမကုန်ခင် ကျန်ရှိသည့်ရက်စွဲနှင့် လက်ကျန်ငွေကို သူအချိုးချကြည့်သည်။ အခြေအနေက သိပ်မဆိုး။ ဒီတိုင်းပုံမှန်လေး ဆက်သွားရင် လခမထုတ်ခင် KFC တစ်ခါလောက်တော့ ကောင်းကောင်း သွားနိုင်သေးသည်။ အစားအသောက်နှင့် ပတ်သက်လာလျှင် တခြားသူများထက် သူက ပိုပြီး မက်မောတတ်သည်ကို သူ့ကိုသူလဲ သတိပြုမိသည်။တခြားပစ္စည်းတွေသာ မဝယ်ရင် မဝယ်မယ် အစားအသောက်တော့ ကောင်းကောင်းကန်းကန်းစားလေ့ရှိသည်။ ယခုလည်း ဝက်သားဖြစ်ဖြစ် အမဲသားဖြစ်ဖြစ် တစ်ကီလိုလောက်တော့ ဝယ်မည်။ ဝက်သားဆိုလျှင် ခရမ်းသီးပါတွဲဝယ်ရမည်။ဆောင်းတွင်းကာလဖြစ်သည့်အတွက် အသီးအရွက်ဈေးမှာ နွေရာသီထက် ၂ဆခန့်မြင့်တက်လေ့ရှိသည်ကိုတော့ သူမမေ့။ အမဲသားဆိုလျှင် အသားကို အာလူးနဲ့တွဲချက်ပြီး အရိုးကိုတော့ ကုလားပဲနှင့် အရည်သောက် ပြုလုပ်၍ရမည်။ ဈေးထဲသို့လျှောက်လာရင်း ဝက်သားနဲ့ အမဲသားကို ဦးနှောက်က ဆန္ဒမဲဖြင့် ဆုံးဖြတ်နေသည်။

ဦးနှောက် နှင့် လျှာ လွန်ဆွဲနေတုန်း အိတ်ထဲမှ ဖုန်းက အသံမြည်လာသည်။ ဖုန်းကိုကြည့်လိုက်တော့ unknown number ။ အိမ်ကဖုန်းဆက်တာပဲဖြစ်မည်ဟု သူအသေချာ သိသည်။ သို့သော် ခါတိုင်း သူကသာ ဖုန်းခေါ်လေ့ရှိပြီး အိမ်က သူ့ဆီဖုန်းခေါ်သည်မှာ ရှားရှားပါးပါး။ ဒီနိုင်ငံရောက်စ ဖုန်းဝယ်ကာစက တစ်ခါပဲ ဆက်ဖူးသေးကြောင်း သူအမှတ်ရမိသည်။ ဒါတောင်မှ အင်တာနက်ဆိုင်က လာခေါ်ရတာ။ အခုက ဒုတိယအကြိမ်မြောက်။ အတွေးများကို ရပ်ဆိုင်းပြီး ဖုန်းကို သူကိုင်လိုက်သည်။


 "ဟလို သား လား"
"ဟုတ်ကဲ့ အမေ ပြောလေ ဘာအရေးကြီးလို့လဲ"
"ကိစ္စအထွေအထူးတော့မရှိပါဘူး သား ရယ်။ မင်းကို အမေ သတိရလို့ပါ။"
"အမေရယ် သားအမိချင်းတွေပဲ ညာမနေပါနဲ့။ ဘာဖြစ်တာလဲဆိုတာသာ သားကို ပွင့်ပွင့်လင်းလင်းပြောပါ။"
"သားရယ် မင်းအဖေလေ အလုပ်မှာ မူးလဲသွားလို့ ဆေးရုံတင်ထားရတယ်။ မင်းညီမလေးကလဲ ရှေ့လဆိုရင် ဆယ်တန်းအတွက် ကျူရှင်အပ်ရတော့မယ်။အမေ စက်ချုပ်တာကလဲ အခုတလော အပ်ထည်တွေနည်းတယ် သားရယ်။ အဲဒါ သားညီမလေးက ကျောင်းဆက်မတက်ချင်တော့ဘူး။ အလုပ်ပဲလုပ်မယ်ပြောနေလို့။"
"အာ... သူ့အရွယ် သူ့ပညာနဲ့ ဘာအလုပ်ရမှာလဲ အမေရ။ ရတော့ကော ဘယ်လောက်ဝင်ငွေရှိမှာမို့လဲ။ ပညာရေးဘက်သာ ဆုံးခန်းတိုင်အောင် အရင်လျှောက်ပါလို့ သား လစာတွေမထုတ်ဘူးလား အမေရဲ့။"
"အဲဒီထဲက ထုတ်သုံးလေ။ပြီးခဲ့တဲ့လက အိမ်ကို သွပ်မိုးလိုက်တာ သားလခတွေနဲ့ အဖေ့ရဲ့ လုပ်အားခတွေလေ။ အခု အိပ်စောင့်ငွေတောင် သိပ်မကျန်တော့ဘူး သား ရဲ့။  ကိစ္စမရှိပါဘူး သားရယ်။အမေတို့ အဆင်ပြေအောင် ကြည့်စီစဉ်လိုက်ပါမယ်။ သားကော ကျန်းမာရေးကောင်းရဲ့လား။ စာတွေကော လိုက်နိုင်ရဲ့လား။ အဆင်ပြေအောင်နေနော် သား။"


သူ့ဒုက္ခနဲ့သူကြားမှ အဝေးကသားအတွက် စိတ်ပူပန်ပေးနေသော အမေ့ရဲ့ရှိုက်သံတဝက် စကားများကို နားထောင်ရင်း ကျွန်တော့်ဦးနှောက်တွေ ချက်ခြင်း အလုပ်လုပ်သွားတယ်။ ဖုန်းပြောရင်းနဲ့ ဝက်သားဆိုင်ရှေ့ရောက်လာတော့ ဝယ်နေကျ ဖောက်သည်ဖြစ်သော ကျွန်တော့်အား ဆိုင်ရှင်မှ ဘာအလိုရှိပါသလဲ ဟု မေးသံကို ကြားရလေသည်။ကျွန်တော် ဆိုင်ရှင်အား လက်ကာပြလိုက်ရင်း ......။

"ဟုတ်။ ဘာမှစိတ်မပူနဲ့ အမေ။ သားလဲ ဒီလထဲ ပိုက်ဆံတွေပိုနေလို့ အမေရ။ အမေတို့ဆီ ပို့မလို့ စိတ်ကူးနေတာ အခုတော့ ကွက်တိပဲ။ အဆောင်ပြန်ရောက်တာနဲ့ သားငွေလွဲဖို့ စီစဉ်လိုက်မယ် အမေ။ စိတ်အေးအေးထား။ ညီမလေး ကိုလဲပြောလိုက် စာကိုပဲ ကြိုးစားသင်ပါလို့။ အဖေ့ဆီသွားရင်လဲ အဖေကြိုက်တတ်တဲ့ ငါးရံ့ခြောက်စွတ်ပြုတ်လေး လုပ်ပေးသွားလိုက်ဦး။ အမေလဲ အားဆေးတွေ ဝယ်သောက်သေးရဲ့လား။ လတိုင်းဝယ်သောက်ဖို့မမေ့နဲ့နော် အမေ။ ယောကျာ်းနဲ့ သမီးအတွက်ဆိုပြီး အမေ့အတွက်လဲမလုပ်ပဲနဲ့မနေနဲ့ဦး။ အသက်တွေလဲကြီးလှပြီ ကျန်းမာရေးဂရုစိုက်ဦး။ "
"အေးအေး ငါ့သားလေး သက်တော်ရာကျော်ရှည်ပါစေကွယ်။ ခလုပ်မထိ ဆူးမညှိပဲ လိုရာပန်းတိုင်ကို ချောချောမွေ့မွေ့ရောက်ပါစေ။"
"ဟုတ် ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ အမေ ဒါဆို ဒါပဲနော် သားလဲ အပြင်မှာရောက်နေလို့ အဆောင်ရောက်မှ ပိုက်ဆံလွဲပြီးမှ သားတစ်ခေါက်ဖုန်းဆက်လိုက်မယ်။ ဖုန်းဆိုင်က ဦးကြီးကိုလဲပြောလိုက်ပါဦး။ ပြန်လာရင်လက်ဆောင်ဝယ်ခဲ့မယ်လို့။"
"အေးအေး ပြောလိုက်မယ် သား။ ဒါပဲနော် အမေ ဖုန်းချပြီ။"
"ဟုတ်ကဲ့ အမေ။"

ဖုန်းချလိုက်ပြီး ပိုက်ဆံအိတ်ထဲကို ကြည့်မိသည်။ ရူဘယ် 1650 ။ ဒေါ်လာအနေနဲ့တွက်ရင် ဒေါ်လာ50 ကျော်ကျော်ရှိမည်။ ဒီလကုန်ရင် စုကြေးက ဒေါ်လာ500 ရမည်ဆိုတော့ 550 လောက်တော့ လွဲနိုင်မည်။ သို့သော် ထို 500 က လကုန်မှရမည်ဖြစ်သည့်အတွက် လောလောဆယ် သူ့လက်ထဲတွင် ပိုက်ဆံမရှိသေး။

"ဟယ်လို သူငယ်ချင်း ငါပါ အေး ဟုတ်တယ်။ အေး အိမ်ကို အရေးတကြီး ပိုက်ဆံပို့စရာရှိလို့ကွာ ဒေါ်လာ 500 လောက် ဘယ်ကရနိုင်မတုန်း။အော် မင်းဆီမှာ 300 လောက်ပဲရှိတယ်ဟုတ်လား...။ အေးအေး အဲဒါကို ငါ့ကို ခဏချေးကွာ။ ဘယ်လို နောက်ထပ် 200 က ဟိုကောင့်ဆီမှာ ရှိတယ်တဲ့လား။ အေးအေး ဒါဆို အဆင်ပြေတာပေါ့ကွာ။ ငါယူမယ် ဟုတ်ပီလား။ လကုန်လို့ စုကြေးရရင် ချက်ခြင်းပြန်ပေးမယ်။ အေးအေး ကျေးဇူးကွာ... ။"

"ဟယ်လို ညီလေး အကိုပါ။ မင်းပိုက်ဆံလွဲတဲ့အလုပ် လုပ်သေးလား။ အေး အကို ဒေါ်လာ 500 လောက်လွဲချင်လို့ကွာ။ ဒီနေ့ဖြစ်ဖြစ် မနက်ဖြန်ဖြစ်ဖြစ်လွဲချင်တယ်။အဆင်ပြေမလား။ အိုကေ သန်ဘက်ခါဆိုလဲဖြစ်ပါတယ်။ အေးအေး ဒါဆို ပြန်ရောက်ရင် အကို ပိုက်ဆံလာပေးလိုက်မယ်.....။"

ဖုန်းကို အိတ်ထဲပြန်ထည့်ပြီး ခေါင်းမော့ကြည့်လိုက်တော့ အပြုံးပန်းတွေနဲ့ ဝေဆာနေသော ဝက်သားဆိုင်ပိုင်ရှင်မျက်နှာကြီးအား တွေ့ရလေသည်။ဘာလိုချင်လို့လဲ ဝင်ကြည့်လေ ဈေးသက်သာပါတယ်လို့  ပုံမှန်အတိုင်း ပြောတဲ့လေသံကို ကျွန်တော်က ခေါင်းခါပြလိုက်ပီး သူ့ထက် ပိုပြီးလန်းဆန်းသော အပြုံးဖြင့်ပြန်ပြုံးပြလိုက်ပြီးသူ့ဆိုင်ကို ကျော်ဖြတ် လာခဲ့လေသည်။ ထို့နောက် ဈေးအထွက်မှ ဆိုင်လေးတဆိုင်သို့ ဝင်ပြီး.......
ကျေးဇူးပြုပြီး ကျွန်တော့်ကို 50 တန် အမျိုးအစားထဲက ကြက်ဥဆယ်လုံးပေးပါခင်ဗျာ.......။



======================================================

အခန်း(၂)
သူကျတော့ လူတမျိုး။ အစားအသောက်ထက် phone handset များကို ပိုစိတ်ဝင်စားသည်။ တစ်နေကုန် ထမင်းတစ်နပ်ထဲနဲ့လဲ သူတင်းတိမ်နိုင်သည်။အခုလဲ တစ်လကို ဒေါ်လာ100 မရရအောင် ဖြစ်ညှစ်ပြီးစုလာတာ 7 လမြောက်လဲရောက်ရော လက်ထဲတွင် ဒေါ်လာ 700 ပိုင်ဆိုင်လာပြီ။ သို့သော်အခုထက်ထိ သူမရွေးချယ်ရသေး။ 

Android နဲ့ IOS တို့ရဲ့ ယှဉ်ပြိုင်မှုကလဲ သူ့ဆုံးဖြတ်ချက်ကို ဆီးဆောစီးသကဲ့သို့ ဟိုဘက်က တက်လိုက် ဒီဘက်ကတက်လိုက်ဖြစ်နေသည်။ သူငယ်ချင်းတွေထဲမှာ စက်ရုပ်သမားကော ပန်းသီးသမားကော မျိုးစုံရှိသည်။ စက်ရုပ်သမားကလဲ စက်ရုပ်တွေကကောင်းကြောင်း ပြောသလိုပန်းသီးများကလဲ ပန်သီးကောင်းကြောင်းသာ ပြောတတ်ကြတော့ သူ့ခမျာ Samsung ကိုပဲ အဖေခေါ်ရမလို Apple ကိုပဲ ပြေးဖက်ရမလိုလိုနဲ့ အခုထိ ယောင်ခြောက်ဆယ်ဖြစ်နေသေးသည်။ 

အခုမှသာ သူကကြီးကြီးကျယ်ကျယ်ရွေးရခက်နေတာ မြန်မာပြည်မှာတုန်းက ဒယ်အိုးအဖုံးတောင် ဝယ်ထားတာကြာလို့ ရွဲ့တဲ့ဘက်ကရွဲ့နေပြီ။အဲဒီတုန်းကတော့ ဖုန်းဆိုတာ သူနဲ့မဆိုင်ရေးချမဆိုင်။ 15သိန်းခေတ်ကာလ ဖြစ်သောကြောင့် ဒီဘဝတော့ သူနဲ့ဖုန်းနဲ့ ရေစက်မရှိ ဟု ထင်ထားခဲ့သည်။ယခုတော့လဲ SIM card ဆိုတာမျိုးက အလကားရနေတော့ ပြဿနာက handset ကိစ္စဖြစ်လာသည်။ လူကြားသူကြားထဲ သူများတွေလို touch screen ရှောခနဲ ရှောခနဲပွတ်ချင်လိုက်သေးသည်။ သွားရင်းလာရင်း viber call ခေါ်သံလေးတော့ ကြားချင်သေးသည်။ မြို့လယ်ခေါင်ထဲမှာ skype လေးဖွင့်ပြီး ဖုန်းကလေး မြှောက်ကာ မြှောက်ကာဖြင့်video chat ချင်သေးသည်။ Tango, Whats app, LINE, Aire Talk အစရှိသော application များမှ ဟိုချက် ဒီချက် ချက်ချင်လိုက်သေးသည်။ ဒီကြားထဲ သူများကTemple Run ဆိုတော့လဲ အားကျမခံ လိုက် run လိုက်ချင်သေးသည်။ 

သို့သော် လောလောဆယ် သူ့တွင်ရှိသည်က နာမည်ကြီး brand ဖြစ်သော်လည်း စက်ရုပ်အဆင့်မမှီသေးသည့် samsung slide ဖုန်းလေးသာဖြစ်သည်။အရင်ကတော့ Handset ဆိုတာ ဖုန်းခေါ်လို့ရရင်ပြီးတာပဲ အဓိက က အဲဒါပဲ လို့သတ်မှတ်ပြီး ဝယ်ခဲ့တာ။ သူ့ဖုန်းလေးက သီချင်းနှင့် FM နားထောင်လို့ရသည့်အပြင်မှုန်တိမှုန်ဝါး ကင်မရာလေးနဲ့ ဓာတ်ပုံရိုက်လို့ရနေတော့ သူ့ဘဝအတွက် အကြီးကျယ်ဆုံး ပိုင်ဆိုင်မှုလို့တောင် နားထင်သွေးရောက်ခဲ့ဖူးသည်။ အခုတော့ ထိုဖုန်းကအခြားဖုန်းတွေကြားထဲ ဖုန်းရာမဝင် ဖြစ်နေတော့ သူလဲ တစ်ဖုန်းမပြောင်း သူကောင်းမဖြစ် ဆိုသော စကားပုံအတိုင်း ကြက်ဥနှင့်ခေါက်ဆွဲခြောက်ကို ကြိတ်မှိတ်ဝါးပြီးတစ်လ ဒေါ်လာ100 ရအောင်စုလာခဲ့သည်။

နိုင်ငံခြားပညာတော်သင်ခြင်းအတူတူ အခြားနိုင်ငံမှ သူငယ်ချင်းများက ထိုသို့ တစ်လ100 စုပုံစုနည်းကိုသိကြတော့ဟားတိုက်ပြီးရယ်မောခဲ့ကြတာကို မှတ်မိသေးသည်။ နောက်တော့မှ ရတဲ့လခ 275 ထဲမှ စားသောက် သွားလာ အဝတ်အစား အခြားဗာဟီရ ကိစ္စများဖယ်ပြီး 100 စုနိုင်ကြသည်ကိုသိတော့မှ အံ့သြတကြီးဖြင့် သနားဂရုဏာအကြည့်များကို ခံယူရသေးသည်။ ကိုယ်တွေအတွက်ကတော့ တစ်လ100 စုနိုင်တဲ့သူဆိုတာ သူရဲကောင်းပဲ။ အချို့တွေများ တစ်လကို 150, 175 လောက်စုနိုင်ကြသည်ကို မြင်တော့ ထိုသူတို့ကို "သူငတ်" ဘွဲ့ ပေးရင်ကောင်းမလား စဉ်းစားမိသေးသည်။ (သူငတ် = သူအငတ်ခံပြီးစုခြင်း)
ယနေ့မနက်လဲ အိပ်ရာကနိုးတော့ ချစ်လှစွာသော samsung slide ဖုန်းလေးက ကုတင်ခြေရင်းမှာ ပုံပျက်ပန်းပျက် လဲကျနေသည်ကို တွေ့လိုက်ရသေးသည်။ ပြန်စဉ်းစားကြည့်မှ ပိတ်ရက်အတွင်း အလိုက်မသိ ထမြည်လာသော alarm ကို အပြစ်ပေး ထားလိုက်ခြင်းဖြစ်ကြောင်း သတိရမိသည်။ ကိစ္စမရှိ။သိပ်မကြာခင် ငါလဲ စက်ရုပ် (သို့) ပန်းသီး ကိုင်နိုင်မှာပဲ ဟူသော အတွေးဖြင့် အောက်ကျနေသော အကြင်ထိုဖုန်းအား သနားတော်ဂရုဏာ သက်စွာဖြင့် ခြေညိုး ခြေမ နှစ်ချောင်း ညှပ်ပီး ကောက်ယူ လိုက်လေသည်....။ 



မြေအောက်ရထားစီးနေတုန်း  phone call တစ်ခုက ဝင်လာသည်။ မြေအောက်ထဲတွင်ဆိုတော့ လိုင်းက မိတချက် မမိတချက် သေချာလဲမကြားရ။ ထိုကဲ့သို့ သုံးလေးခါလောက် ဖြစ်သွားတော့ ထို phone call လဲထပ်မဝင်လာတော့။ သို့နှင့် မြေအောက်ရထားမှထွက်ပြီး ဖုန်းဆိုင်ရှိရာသို့ ခပ်သွက်သွက် လှမ်းလေတော့သည်။ ဖုန်းဆိုင်ထဲတွင် လိုချင်သောဖုန်းများက အပြည့်။ အားလုံးကလဲ သူ့ဟာနဲ့သူ ဆွဲဆောင်ထားသည်။ ဟိုဟာကိုကြည့်တော့လဲ ကြိုက်သလိုလို ဒီဟာကိုကြည့်တော့လဲ လိုချင်သလိုလိုနှင့် ဘေးနားတွင် ဆိုင်ဝန်ထမ်းကလဲ ဖုန်းတစ်လုံးအနားကို ကပ်လိုက်တိုင်း တတွတ်တွတ်ဖြင့် ရှင်းပြလေတော့သည်။ ကိုယ်ကလဲ နားလည်တချက် မလည်တချက်နဲ့။ Apple, Samsung, Sony, HTC ..ဟူးးးးး ရွေးရခက်ကြီး ဖြစ်နေစဉ် ထိုဖုန်းက ထပ်ဝင်လာပြန်သည်။ သေချာကြည့်လိုက်မှ သူငယ်ချင်းတစ်ယောက်ဆီမှ ဖြစ်နေသည်။


"ဟယ်လို ... သူငယ်ချင်း ပြော"
"အေး ကောင်လေး မင်း ဘာလုပ်နေတာလဲ"
"ဘာမှ မလုပ်ပါဘူးကွာ အပြင်ရောက်နေတာ။ ဘာအရေးကြီးကိစ္စရှိလို့တုန်း။"
"အေးကွာ မင်းဆီက အကူအညီတောင်းမလို့။ ငါလဲတော်တော် ဒုက္ခရောက်နေလို့ကွာ။"
"အွန် ဘာတွေဖြစ်ကုန်လို့လဲဟ သေချာရှင်းရှင်းလင်းလင်းပြောဦး။"
 "ဒီလိုကွာ မနေ့ညနေက ညီလေးတစ်ယောက်ကို  ဖုန်းတစ်လုံးဝယ်လာပေးတာကွာ... အဲဒါ ဆိုင်ကဝယ်ပြီး အပြန်မှာ ရထားပေါ်မှာ လူတွေကလဲကြပ်ပစ္စည်းတွေကလဲ အိတ်ထဲထည့်ပီးလက်ထဲက ဒီတိုင်းကိုင်ထားတာ ဘူတာရောက်လို့ ဆင်းတော့ အဲဒီဖုန်းနဲ့ တခြားပစ္စည်းတချို့ပါမလာတော့ဘူး။ ကျခဲ့တာလား အနှိုက်ခံသွားရတာလားမသိဘူးကွ။"
"ဟေ............။"
"အေး.. မဟေနဲ့ဦး။ အဲဒါ ငါ တစ်လုံးပြန်အစားဝယ်ပေးမလို့ကွာ။ လက်ထဲလဲ ဟိုနေ့က အိမ်ကို ပိုက်ဆံပို့လိုက်တော့ သိပ်မကျန်တော့ဘူး။ အဲဒါမင်းကိုသတိရလို့ဖုန်းလှမ်းဆက်တာ။ ပိုက်ဆံရှိရင် ကူညီပါဦးကွာ။ "
အတွေးထဲတွင် တက္ကသိုလ်တက်တုန်းက ငါးနှစ်လုံးလုံး အကူအညီပေးခဲ့သော သူငယ်ချင်း။ သူ့မှာရှိလျှင် မနှမြောမတွန့်တိုတတ်သောသူငယ်ချင်း၊ သူတပါးကို အကူအညီပေးချင်သောသူငယ်ချင်း၊ 
မျက်လုံးထဲတွင် စက်ရုပ် ၊ ပန်းသီး ............

"ဟယ်လို... ဟကောင် ရှိသေးလားဟ"
"အော် အေးအေး ရှိတယ်... မင်း ပြန်ဝယ်ပေးရမယ့် ဖုန်းအမျိုးအစားက ဘာတုန်းဟ"
"xxxxxxxx အဲဒါလေ... ဒေါ်လာ 650 လောက်တော့ ရှိတယ်ကွ... "
"ဟုတ်ပီ သူငယ်ချင်း စိတ်မပူနဲ့. အဲဒီအမျိုးအစားအတိုင်း ဝယ်လာပြီး အခုပဲ မင်းအဆောင်ကို လာပေးမယ် ဟုတ်ပြီလား။"
"ဟာ.. တကယ်ပြောတာလား"
"တကယ်ပြောတာပေါ့ကွ ငါဘယ်တုန်းလိမ်ဖူးလို့လဲ..။"
"အေး ကျေးဇူးပါကွာ. ငါဒါဆို စိတ်ချပြီ ဟကောင်။ လကုန်ရင် ပြန်ရှာပေးမယ်ကွာ...။"
"ရပါတယ်ကွာ အဆင်ပြေမှ ပြန်ပေးပေါ့။ ငါလဲ အရေးတကြီးမလိုအပ်သေးပါဘူး။ အိုကေကွာ ခဏနေတွေ့မယ်။"
"အေးအေး ဟုတ်ပြီ သူငယ်ချင်း။ ဒါဆို ငါလဲ မင်းအတွက် ဟင်းချက်ထားလိုက်မယ်။ ငါးခေါင်း မျှစ်ချဉ်ဟင်းလေး ဆိုဘယ်လိုလဲ။"
"အတိုင်းထက် အလွန်ပေါ့ကွာ။ see u. သူငယ်ချင်း"
"ok. see u ....."

ဖုန်းကိုချပြီး ဘေးနားက တတွတ်တွတ်နှင့်ရှင်းပြနေသော ဆိုင်ဝန်ထမ်းလေးအား ထိုဖုန်းအမျိုးအစားကိုပြောပြီး ရှိမရှိမေးလိုက်သည်။ အဆင်သင့်စွာပဲ ရှိသည်ဟု ဆိုသည်နှင့် ဈေးမေးပြီး ယူမည်ဟု ပြောလိုက်သည်။ ထို့နောက် ကျသင့်ငွေကို ရှင်းပြီး တစ်ခွန်းမေးလိုက်သည်။

ကျွန်တော့် ဒီ samsung slide ဖုန်းလေး အတွက် screen protector လေး ကပ်ချင်လို့ပါခင်ဗျာ.......


ကိစ္စများမြှောင် လူတို့ဘောင်တွင်
အသက်တစ်ရာ မနေရှာလည်း
ကိစ္စထောင်သောင်း ပေါ်ပေါက်ကောင်း၏။
သို့သဖြစ်ကား
မိဘဆွေမျိုး မောင်ဘွားကျိုးနှင့်
မိတ်ဆွေသဟာ အေးသာယာဖို့
ကြီးငယ်နည်းများ ညီကိုအားဖြင့်
တတ်အားမဆို သူသူကိုကို
ကြည့်ရှုစောင့်ရှောက် နိုင်စေသတည်း......။

ရေးသားသူ
Ko Htun
23-jan-2013 (3:47pm-wed)

No comments:

Related Posts Plugin for WordPress, Blogger...