လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ကျောင်းသားဗဟိုပြု မြန်မာမှုနှင့်ဝေး

ယခုအခါ ကျောင်းသားဗဟိုပြု (ကလေးဗဟိုပြု) သင်ကြား သင်ယူမှုအကြောင်း အလေးတယူဖြင့် အော်နေကြ သည်။ ယနေ့မြန်မာ့ပညာရေး တွင် ကျောင်းအဆောက်အအုံ ရုပ်ပိုင်းဆိုင်ရာ အနေအထား၊ စာသင်ခန်းဖွဲ့စည်းမှု၊ ကျောင်းသားဆရာ အချိုးများ၊ ကျောင်းသားကို ဗဟိုပြုနိုင်ရန်အတွက် ဆရာများ၏ စိတ်ပိုင်းဆိုင်ရာ အနေ အထား၊ သိမြင်တတ်ကျွမ်း နားလည်ခံယူထားမှု၊ လက်တွေ့ အကောင်အထည်ဖော်ပေးနိုင်သည့် စိတ်ထား၊ လုပ်ဆောင်နိုင်သည့် စွမ်းအားတို့ကို ပြန်လည် သုံးသပ်ပြီးမှသာလျှင် မြန်မာနိုင်ငံတွင် ကျောင်းသားကို ဗဟိုပြု ကာ သင်ကြားမှု သင်ယူမှု ပြုနိုင်သည်၊ မပြုနိုင်သေးကို ဆုံးဖြတ်သင့်ပါသည်။ လက်ရှိ ပညာရေးလောကတွင် တာဝန်ယူနေသူများ အနေဖြင့်လည်း လူကြီးအလိုကျ ဖြစ်နိုင်ပါသည်ဟု အစီရင်ခံနေမည့်အစား ပကတိအရှိ တရားနှင့် ထင်ဟပ်သည့် လက်တွေ့ဘဝကို ပီပြင်စွာတင်ပြပြီး အကောင်းဆုံး ကုစားသင့်သည်ဟု မြင်ပါသည်။

တက်ညီလက်ညီ ရှိပြီလား

ကျောင်းသားဗဟိုပြု သင်ကြားမှုတွင် ကျောင်းသားသည်

-       ဆရာအပေါ် မမှီခိုရပါ
-       ဆရာ သင်ကြားမည်ကို စောင့်စားနေစရာ မလိုပါ
-       ဆရာ့ထံမှ သဘောတူညီမှုကို ရယူစရာမလိုပါ
-       အမှတ်ခြစ်ပေး စစ်ဆေးမည်ကို မျှော်လင့်နေစရာ မလိုပါ
-       ဆရာ့ထံမှ အကြံပေးချက် မလိုပါ
-       ချီးကျူးမြှောက်ပင့်စကား ကြားရန်မလိုပါ

စာသင်ခန်းအတွင်း သီးခြားစီထိုင်၊ ကိုယ့်အတွေးနှင့်ကိုယ် မှိုင်နေ၍လည်းမရပါ။ တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ပေါင်းကူး ဆက်သွယ် ယှက်နွှယ်နေသည့်သဘောတွေ သက်ဝင်နေရပါလိမ့်မည်။ တစ်ဦးနှင့်တစ်ဦး မျှဝေစိတ်၊ ခွဲဝေခံစားစိတ်၊ တစ်ဦးထံမှတစ်ဦး သင်ယူလေ့လာလိုစိတ်၊ ကူညီယိုင်းပင်းလိုစိတ်များ ရှိနေရမည်။ အချင်းချင်း မဖြေရှင်းနိုင်သည့်အခါမှသာ ဆရာ့ထံ လှမ်းပြီး အကူအညီတောင်းမည်။ ဆရာသည် အဖြေကို အပြည့်အဝပြော ရန်မဟုတ်။ သဲလွန်စများ ချန်ထားခဲ့ပြီး အချင်းချင်း ပြန်လည် ညှိနှိုင်း ဖြေရှင်းခိုင်းရမည်။ ပထမဦးဆုံး ရင်ဆိုင်ရ မည့် ထိုပြဿနာနှင့်ပင် ကျွန်တော်တို့ မြန်မာ့လူ့ဘောင်ပညာရေးနှင့် အလှမ်းဝေးနေပြီဖြစ်သည်။

အတန်းအရွယ်အစား သတ်မှတ်ချက်အတိုင်း ထားနိုင်သလား

ကျောင်းသားဗဟိုပြု သင်ယူမှုစနစ်အတွက် စံပြုထားသော အတန်းတစ်တန်းအတွင်းရှိ ကျောင်းသား အရေ အတွက်မှာ သတ်မှတ်ချက်အရ ၁၂ ယောက်ဖြစ်ပါသည်။ ၁၂ ယောက်ထားရခြင်းမှာ ၆ ယောက် ၂ အုပ်စု၊ ၃ ယောက် ၄ အုပ်စု၊ ၄ ယောက် ၃ အုပ်စု သို့မဟုတ် ၂ ယောက် ၆ အုပ်စုစီထားပြီး စီစဉ်နိုင်ရန်ဖြစ်သည်။ ထို့ပြင် ၁၂ ယောက်သည် စာသင်ခန်းတစ်ခုအတွင်း ပြောရ ဆိုရ အော်ရသည်မှ ကြားနိုင်စွမ်း၊ နားစိုက်နိုင်စွမ်း၊ ခံယူနိုင်စွမ်း အကောင်းဆုံး ဟု သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ ကျွန်တော်တို့ မြန်မာ့ကျောင်းများတွင် စာသင်ခန်းတစ်ခန်း ကျောင်း သား ၁၂ ယောက်နှုန်းဖြင့် သင်ယူနိုင်စွမ်း ရှိနေပြီလော။

မြန်မာ့စာသင်ခန်းများ၏ လက်ရှိအခြေအနေတွင် စာသင်သား ပျမ်းမျှ ၅၀ နှုန်းလောက်ဖြင့် သင်ကြားနေရသည်။ ကျောင်းများတွင် အခန်းဖွဲ့သင်ကြားနိုင်ခြင်းမရှိ။ ကျောင်းသားအရွယ်အစား များလျှင် ဆရာ၏ စွမ်းဆောင်နိုင် အား၊ ကလေးများ၏ ကြိုးပမ်းအားထုတ်နိုင်စွမ်းနှင့် သင်ယူနိုင်မှုအချိန်တို့ကို ပိုပေးရပေလိမ့်မည်။ ဆရာသည် အုပ်စုလိုက် ခွဲထားသော ကျောင်းသားများကို စောင့်ကြည့်နေရမည်ဖြစ်သဖြင့် ကျောင်းသားများလေ မထိ ရောက်လေ ဖြစ်နိုင်သည်။ အုပ်စုများလျှင်ဆရာ၏  စစ်ဆေးသုံးသပ်နိုင်စွမ်း၊ အကဲဖြတ်နိုင်စွမ်း ပိုင်းဖြတ်နိုင်စွမ်း တို့ မထိရောက်နိုင်ပေ။

ခံယူနိုင်စွမ်း မတူညီမှုကို သိပါသလား

စာသင်ခန်းတစ်ခုအတွင်း ကျောင်းသားတိုင်းသည် တစ်ဦးနှင့်တစ်ဦး ဉာဏ်ရည်မတူကြပေ။ ဘာသာရပ်တစ်ခု တည်းကို သင်ကြားမှုချင်းအတူတူ အားလုံး တစ်ပြိုင်နက်တည်း သိမြင်တတ်သွားလိမ့်မည်ဟု ယူဆ၍မဖြစ်ပေ။ ဉာဏ်ရည်အလိုက် ခံယူမှုကွာခြားနိုင်ပါသည်။ ပင်ကိုယ်ဉာဏ်၊ စိတ်ဓာတ်ခွန်အား၊ ကာယစွမ်းအားအလိုက် သင်ယူနိုင်စွမ်း တူညီနိုင်မည်မဟုတ်ပေ။

လက်ရှိမြန်မာ့ပညာရေးစနစ်တွင် တော်သူကို တစ်တန်းထား၊ ညံ့သူကို တစ်တန်းထား ခွဲခြားဆက်ဆံမှုများ ရှိနေသေးသည်။ တော်သူနှင့် ညံ့သူ ရောထားလျှင်လည်း တော်သူက ညံ့သူကို လက်တွဲကူနိုင်သည့် အနေ အထားတစ်ခုကို ဖန်တီးပေးနိုင်စွမ်းရှိရမည်။ တော်သူနှင့် ညံ့သူခွဲထားလိုက်ခြင်းကို စိတ်ဓာတ်များကို ရိုက်ချိုး လိုက်သလိုဖြစ်သွားစေသည်။

တော်သူနှင့် ညံ့သူကို တွဲပေးထားပြီး အကူအညီပေးနိုင်စေရန် စီစဉ်ပေးရမည်။ တစ်ဦးချင်း စွမ်းဆောင်မှုကို အသိအမှတ်မပြု၊ အဖွဲ့လိုက် စွမ်းဆောင်နိုင်မှု၏ ရလဒ်ကို အသိအမှတ် ပြုပေးရမည်။ သို့မှသာ မြန်မာ့လူ့ဘောင် ရှိ လူငယ်များတွင် အားနည်းနေသေးသော အသင်းအဖွဲ့စိတ်ဓာတ် (teamwork) လည်း ပြန်လည် အားကောင်း လာပေလိမ့်မည်။

ပြဿနာတစ်ခုကို အမြန်ဆုံး ဖြေရှင်းပြနိုင်သူကို ဂုဏ်ပြုမည့်အစား၊ အားကိုးအားထား အပြုထိုက်ဆုံး၊ အမှန်ဆုံး အုပ်စုကို အသိအမှတ်ပြုခြင်းက ပိုပြီး ထိရောက်စေနိုင်ပါသည်။

တိတ်တိတ်နေ မဆူနဲ့ဟု ပြောနေသေးသလား

ကျောင်းသားဗဟိုပြု စာသင်ခန်းပုံစံသည် စားပွဲတွေ ကုလားထိုင်တွေကို ရွှေ့ချင်သလို ရွှေ့ထားမည်။ မကြာခဏ အခန်းတွင်းစာသင်ကြားမှုပုံစံ ပြောင်းလဲနိုင်သည်။ အစု အဖွဲ့အလိုက် ထိုင်ချင်သလို ထိုင်ကြမည်။ ပြောချင်တာတွေပြောလိမ့်မည်။ ဆွေးနွေးချင်တာတွေ ဆွေးနွေးလိမ့်မည်။ တစ်နေရာမှ တစ်နေရာ ခုန်ပေါက် ပြေးလွှား ပြာယာခတ်ကောင်း ခတ်နေနိုင်သည်။ ထိုစာသင်ခန်းမျိုးတွေ လက်ပိုက်၊ ပါးစပ်မလှုပ်နဲ့၊ ခေါင်းတွေ ငုံ့ထား၊ ဆူတယ် အိပ်နေဆိုသည့် ဆရာများနှင့် ကိုက်ညီမှုရှိနိုင်မည်မဟုတ်ပေ။

ဆရာကိုယ်တိုင် ကလေးတွေကြားတွင် လှုပ်ရှားပြေးလွှားနေရမည်။ ဟိုအုပ်စုဆီသွား၊ ဒီအုပ်စုဆီပြန်လာ၊ အော်တန်အော်၊ တားတန်တား ဆူညံမှုအား ကြည်နူးပျော်မွေ့သူဖြစ်ရန်လိုသည်။ စာသင်ခန်းသည် တရားမှတ် သည့်အခန်းနှင့် မတူရပေ။ စာသင်ခန်းသည် လှုပ်ရှားတက်ကြွ အားမာန်ပြည့်ဝနေရပေလိမ့်မည်။

အချိန်ပြောင်းခေါင်းလောင်း လိုသေးသလား

အတန်းတွင်း သင်ယူလေ့လာမှုပြုနေကြသည့် အုပ်စုများသည် အခြေအနေကွာခြားမှုများကြောင့် သင်ခန်းစာ တစ်ခုအပေါ် တုံ့ပြန်ပြီးစီးချိန် မတူနိုင်ပေ။ လုပ်ဆောင်မှုတစ်ခုကို အမြန်ဆုံး အကောင်အထည်ဖော်ပြနိုင်သူ အုပ်စုများ ရှိနိုင်သလို၊ နောက်ကျစွာဖြင့် မပြီးသေးသည့် အဖွဲ့များလည်း ရှိနိုင်သည်။ မပြီးသည့် အဖွဲ့ကို တော်ပြီဟုပြောမည်လော။ အားလုံးကို တစ်တန်းတည်း အသိအမှတ်ပြုရန်အတွက် အချိန်စောင့်ပေးရပေလိမ့် မည်။ ထို့ကြောင့် ကျောင်းသားဗဟိုပြု သင်ယူမှုတွင် အချိန်အကန့်အသတ်မလိုပေ။

လုပ်ဆောင်မှုတစ်ခုကို စောစီးစွာပြီးသည့်သူများကို အခန်းအပြင် ထွက်ခိုင်းပြီး ခွဲခြားလိုက်မည့်အစား မပြီးသေး သည့် အဖွဲ့များ၏ လုပ်ဆောင်ချင်များကို လိုက်လံ အကဲဖြတ် သုံးသပ်ခိုင်းခြင်း၊ မပြီးရခြင်း၏ အကြောင်းတရား ကို ပြန်လည်သုံးသပ်ပြနိုင်စေရန် ရှုမြင်ခွင့်ပေးခြင်း၊ သို့မဟုတ် အကြံတောင်းလျှင် အကြံပေးခွင့်ပြုခြင်းတို့သည် ပြဿနာတစ်ရပ်ကို ပူးပေါင်းဆောင်ရွက်စေတတ်ခြင်း၏ လမ်းစများပင်ဖြစ်ပါသည်။

မြန်မာ့စာသင်ခန်းစနစ်တွင် တစ်ချိန် ၄၅ မိနစ်နှုန်းသတ်မှတ်ပါသည်။ အချိန်ပြောင်း ခေါင်းလောင်းမထိုးမီ ထွက်သွားတတ်သည့် ဆရာများနှင့် အချိန်ပြောင်း ခေါင်းလောင်းထိုးသည့်တိုင် စာဆက်သင်နေသော ဆရာ များ၊ အချိန်ပြည့်လျှင် အဖြေလွှာသိမ်းတတ်သည့် စနစ်များဖြင့် ကျောင်းသားတို့၏ ဉာဏ်ကို ပိုင်းဖြတ်နိုင်မည် မဟုတ်ပါ။

ဆရာဆိုသည်မှာ အစစအရာရာ သိသူလား

ဆရာဆိုသည်မှာ သင်ကြားသူဆိုသည့် အစွဲကို ဖျောက်ရပေလိမ့်မည်။ ကျောင်းသားကို တတ်အောင် သင်သူ မဟုတ်၊ သင်ယူနိုင်ရန် လမ်းပြသူ၊ အထောက်အကူပေးသူအဖြစ် ခံယူနိုင်ရန် လိုသည်။ ကျောင်းသားဗဟိုပြု သင်ယူမှုတွင် ဆရာသည် ကျောင်းသား တစ်ယောက် လေ့လာသင်ယူမှု ကျွမ်းကျင်တတ်မြောက်မှု အမြန်ဆုံး ဖြစ်စေရန် ကူညီပေးနိုင်ရမည်။ အထူးသဖြင့် သတင်း အချက်အလက်များ၊ အသိပညာ ဗဟုသုတများ၊ အကြံဉာဏ်များ အကောင်းဆုံး၊ အမြန်ဆုံး၊ အလွယ်ဆုံး ရရှိနိုင်မည့်နေရာသို့ ညွှန်ပြပေးနိုင်သူ ဖြစ်ရန်လိုသည်။ ဆရာနှင့် ကျောင်းသားဆိုသည်မှာ သီးခြားမဟုတ်၊ အစုအဖွဲ့ အုပ်စုတစ်ခုအတွင်း တစ်သားတည်းဖြစ်နေစေရန် လိုသည်။

မြန်မာ့ပညာရေးစနစ်က ဆရာဆိုသည်မှာ အားလုံးတတ်ကျွမ်းသူဖြစ်နေသည်။ စာသင်ခန်းထဲ ဝင်လိုက်သည်နှင့် ဘုရင်တစ်ဆူလိုဖြစ်နေပြီး၊ လေးစား၊ ကြောက်ရွံ့၊ ရိုသေနေရသည်။ ခိုင်းတာလုပ်၊ ပြန်မပြောနဲ့ဆိုသည့် မြန်မာ့ ပညာရေးလူ့ဘောင်တွင် အတန်းတွင်း ဆရာမှားလည်း မဝေဖန်ရဲ၊ မိမိသိထားသည်ကိုလည်း မဆွေးနွေးရဲ၊ ထလည်းမမေးရဲစေရန် အစဉ်အဆက် ဦးချိုးခံထားရသောကြောင့် လွတ်လပ်စွာ ပြောဆိုဝေဖန်ရဲသည့် စိတ်ဓာတ်တွေ ဆိတ်သုဉ်းနေရသည်။ တစ်ခေတ် တစ်ချိန်က စကားဟောင်းကို ပြန်သုံးရလျှင် ကျောင်းမှ ထွက်လာသူများသည် သခင်စိတ်ဖြင့် ရင်ကော့ မထွက်လာ၊ ကျွန်စိတ်ဖြင့် ခါးကိုင်းထွက်လာစေရန် နံနှိမ် ထားခြင်း ခံနေရသည်။

ခေတ်အမြင် ခေတ်အတွေးတွင် ဆရာသည် အလွတ်ရွတ်ပြရန်လည်းမဟုတ်၊ တပည့်ကို ကြက်တူရွေး စာအံသလို အလွတ်ဆိုခိုင်းရန်လည်းမဟုတ်။ အလွတ်ကျက်ဖြေ အမှတ်ပေးစနစ်လည်း ကျင့်သုံးရန်မလို။ ကျောင်းသူကျောင်းသားများ သိသင့်သိထိုက်၊ လေ့လာသင့် လေ့လာထိုက်သည့်နေရာကို ညွှန်ပြနိုင်သူတွေ ဖြစ်ရန်လိုသည်။

ဆရာတို့စိတ်ဓာတ် ပိုပြီး ပွင့်လင်းမြင်သာစွာရှိရန်နှင့် တပည့်များ သိစေရန် ဖော်ထုတ်ပြချိန်ရောက်ပြီ ထင်သည်။ မသိသည် ကို ဟိတ်ဟန်ကြီးတစ်ခွဲသားဖြင့် ၀င့်ကြွားနေစရာမလိုပေ။ “အေး ဆရာလည်း မသိသေးဘူးကွ၊ တို့ ပူးပေါင်းရှာကြည့်ကြတာပေါ့” ဆိုသည့် ရိုးသားသောစကားများဖြင့် မည်သည့်အချိန်တွင် တပည့်များကို ရင်ဆိုင် ကြမည်နည်း။

ယခုတင်ပြခဲ့သည့် အချက်များသည် ကျောင်းသားဗဟိုပြု သင်ယူမှုထဲမှ အနည်းငယ်မျှသော အခြေခံအချက် လေးများသာ ဖြစ်ပါသည်။ ဆင်ခြင် သုံးသပ်စရာ များစွာ ရှိပါသေးသည်။ ကျောင်းသားကို ဗဟိုပြုချင်သူများ အတွက် ထင်သာမြင်သာရှိသော အချက်များကို ထုတ်ပြခြင်းသာ ဖြစ်ပါသည်။ ခေတ်မီရန်အတွက် ဗဟိုပြုခြင်း ကို မျက်စိမှိတ်အော်၍မရပါ။ အခြေခံအချက်များ သို့မဟုတ် (infrastructure) တို့ ပြည့်စုံမှုရှိ မရှိကို သုံးသပ် ကြည့်ပြီးမှသာ မြန်မာမှုကို မည်သို့ပြုသင့်ကြောင်း ဆုံးဖြတ်သင့်ပါသည်။

မောက္ခပညာရေး

No comments:

Related Posts Plugin for WordPress, Blogger...