Android ကို Google က ပိုင်ဆိုင်ပါတယ် google ဆိုတာကတော့ အင်တာနက်သုံးသူတိုင်း မသိသူမရှိလောက်ပါဘူး။ Google က 17.8.2005 ခုနှစ်မှာ Android Inc ကိုဝယ်ယူခဲ့ပါတယ်။ သူထုတ်ချင်တာ က မိုဘိုင်း device တွေပေါ်မှာသုံးဖို့ OS တစ်ခု ထုတ်ချင်တာဖြစ်တဲ့ အတွက် Android ကို စအကောင်အထည်ဖော်ခဲ့ကတည်းက Android Inc ကိုဝယ်ခဲ့တာပါ။
ဒါပေမယ့် အချိန်အတန်ကြာ ငြိမ်နေခဲ့ပါတယ် သူစီးပွားရေးဈေးကွက်ကို ဘယ်လိုဝင်ရမလဲ စဉ်းစားနေတာနေမှာပေါ့ ဒါပေမယ့် 2007 ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့မှာပဲ iOS နဲ့ မောင်းနှင်တဲ့ iPhone ကို စတင်မိတ်ဆက်ပေးခဲ့ပြီး အောင်မြင်မှုများစွာ ရရှိခဲ့ပါတယ် အဲဒီအချိန်က စပြီး Google ကလည်း Android ကိုအကောင်အထည်ဖော်ဖို့ အတွက် 2007 ခုနှစ်မှာ Open Handset Alliance (OHA) ဆိုတဲ့ အဖွဲ့ကို ထူထောင်လိုက်ပြီး ၂၀၀၈ မှာ Android ကိုစတင်ပွဲထုတ်ခဲ့ပါတယ်။
အခုလူတော်တော်များများကပြောကြပါတယ် Android က iOS ကို ပြိုင်ဆိုင် ဖို့ထွက်လာတာပါ ဆိုတာပါ။ ဒီဟာက အပြည့် အစုံတော့ မမှန်ပါဘူး။ ဘာကြောင့်လဲဆိုတော့ Google က iOS စထုတ်ပြီးတော့မှ
Android စဖြစ်လာတာမဟုတ်ပါဘူး လွန်ခဲ့တဲ့ ၂ နှစ်လောက်ကတည်းက Android ကိုဝယ်ယူခဲ့တာပါ။ သို့သော် iOS ထုတ်လိုက်တော့ သူလည်းထုတ်သင့်တဲ့ အချိန်ရောက်ပြီဆိုတော့ ထုတ်လိုက် တာလည်း ဖြစ်နိုင်ပါတယ်။ Android ရဲ့ Logo လေးကတော့ လူတော်တော်များများမြင်ဖူးနေတဲ့ စက်ရုပ်ပုံအစိမ်းလေးပဲဖြစ်ပါတယ်။
သူ့ရဲ့ ရည်ရွယ်ချက်အတိုင်း ဈေးသက်သာပြီး စွမ်းဆောင်ရည်မြင့် မားတဲ့ mobile device တွေ ထုတ်လုပ်နိုင်ဖို့အတွက် သူ့ရဲ့ မိတ်ဖက်တွေ ဖြစ်တဲ့ HTC,Samsung,Sony,Motorola တို့နဲ့ ညှိနိုင်းခဲ့ပါတယ်။
ပထမဆုံး android OS နဲ့ ထုတ်တဲ့ မိုဘိုင်းဖုန်းကတော့ US က T-mobile Company ကရောင်းချခဲ့တဲ့ HTC (G1) ဖုန်းလေးဖြစ်ပါတယ်။
ဒါလေးက ဂုဏ်ယူစရာပါ ဘာကြောင့်လဲဆိုတော့ HTC က ကျွန်တော် တို့ မြန်မာနိုင်ငံရဲ့ မန္တလေးသား တစ်ဦးက ပိုင်ဆိုင်တာပါ။
Android စတင် လက်တွဲခဲ့တဲ့ ကုမ္မဏီက ကျွန်တော်တို့မြန်မာနိုင်ငံဖွား ပိုင်တဲ့ ကုမ္မဏီလေ။
အဲဒါနဲ့ပဲ Android လေး စတင်ဖြစ်ပေါ်လာတယ်ပဲဆိုပါတော့ Android ရဲ့ အဓိက နာမည်ကြီးရတဲ့ အကြောင်းအရင်းက Open source ဖြစ်လို့ပါ။ Open Source ဆိုတဲ့ သဘောက သူတို့ရဲ့Source code တွေ ကို မည်သူမဆို ပြင်ဆင်ခွင့်ရှိပါတယ်။ programming language ကို အကျွမ်းတ၀င်ရှိထားသူ Developer များက လိုအပ်တာတွေ ပြင်ဆင်ရင်းနဲ့ Android လေးက အကောင်းဆုံး Mobile OS လေးဖြစ်လာရတာပါ။ ကွန်ပျူတာရဲ့ OS တွေမှာလည်း ဒီအတိုင်းပါပဲ။
Linux ဟာ open source ပါ Android ဟာ Linux ကို အခြေခံထားတဲ့ mobile OS ဖြစ်တာကြောင့် သူလည်း Open Source ဖြစ်သွားတာပါ။ Microsoft က ထုတ်တဲ့ Windows OS တွေက Open Source မဟုတ် ပါဘူး သူတို့ကုဒ်တွေကို သူတို့သာပိုင်ဆိုင်ပြီး Copyright ရှိပါတယ်။ သူတို့ company က developer များသာ ပြင်ဆင်ခွင့်ပြီး အခြားသူများပြင် ဆင်ပါက copyright ဥပဒေနဲ့ တရားစွဲနိုင်ပါတယ်။ ဒါက Open Source ဆိုတာကို မြင်သာအောင် ပြောပြတာပါ ။
Android လေးကို ပြင်ဆင်တည်းဖြတ်ရင်း တည်းဖြတ်ရင်းနဲ့ အခုအချိန်မှာ အတော်လေးကို ပြည့်စုံလာတာကို တွေ့ရပါပြီ။ ဒါဆိုကျွန်တော်တို့ Android version တွေ အကြောင်းလည်း သိဖို့လိုအပ်ပါတယ်။ ဗဟုသုတအနေနဲ့ပေါ့...
Android Version 1.0
သူကတော့ စစခြင်း Android က မွေးထုတ်ပေးလိုက်တဲ့ version ပါ HTC(G1)ဖုန်းလေးနဲ့အတူ မိုဘိုင်းလောကကို စတင်လာခဲ့တယ်ဆိုပါတော့။ သူ့ကိုစထုတ်ခဲ့တဲ့နေ့ကတော့ ၂၀၀၈ ခုနှစ် ၊ စက်တင်ဘာလ(၂၃)ရက်နေ့ ပါ ။ နောက်ပိုင်း ထွက်တဲ့ Android version တွေက ထူးထူးခြားခြား ပါ စားစရာမုန့်တွေနဲ့ အမည်ပေးခဲ့ပါတယ် ဆက်ကြည့်ရအောင်နော်။
Android Version 1.5(CupCake)
သူကတော့ ၂၀၀၉ ခုနှစ် April(30) မှာ ထွက်လာတာပါ။ ပြောင်းလဲ မှုတွေကတော့ Browser မှာ copy , paste တွေလုပ်လို့ရ လာပါတယ်။ နောက်ပြီး Auto rotate screen လည်းရလာ ပါတယ်။ Widget တွေလည်း သုံးလို့ရလာပါတယ်။
Android Version 1.6(Donut)
ဒီ version လေးကိုတော့ 15 September 2009 စတင်ထုတ်ဝေခဲ့ပါတယ်။ နောက်ပြီးတော့ Camera ပိုင်းလည်း အရင် version တွေ ထက်ပိုမိုကောင်းမွန်လာခဲ့ပြီး CDMA,EVDO စနစ်ကို ပါ သုံးစွဲလာနိုင်ခဲ့ပါတယ်။ အကောင်းဆုံး အချက်ကတော့ WVGA ဆိုတဲ့ ကြည်လင်မှုကောင်းတဲ့ Screen Resolution ကိုလည်း ထောက်ပံပေးနိုင်ခဲ့တယ်။
Android Version 2.0/2.1(Éclair)
ဒီကောင်လေးကိုတော့ Donut ထက် တစ်လခန့်အကွာမှာ ထွက်ပေါ်လာတာပါ။ 26 October 2009 ပေါ့ သူ့မှာနောက်တိုး feature တွေအနေနဲ့ Screen size အကြီးတွေကို Resolution ပိုကောင်းအောင် support လုပ်နိုင်ခဲ့တယ်။ နောက်ပြီး ယနေ့ခေတ်မှာနာမည်ကြီးနေတဲ့ HTML5 က အခု version မှာကတည်းက Support လုပ်နိုင်ပါပြီ။
Android Version 2.2(Froyo)
ဒီ version လေးကတော့ ၂၀၁၀ ခုနှစ်၊ May လ ၂၀ ရက် မှာ ထုတ်ခဲ့တာပါ သူ့မှာပါဝင်လာတာတွေကတော့ အတော်များလာပါတယ်။ ဒါပေမယ့် အဓိကကောင်းတာလေးကတော့ Phone က internet connection ကို ကွန်ပျူတာ မှာသုံးဖို့အတွက် USB tethering လို့ခေါ်တဲ့USB ပေါက်ထိုးရုံနဲ့ အင်တာနက်ရရှိစေတဲ့ နည်းပညာလေးပါ။ နောက်ပြီးတော့ Wifi hotspot နည်းပညာတွေ လည်းပါဝင်ပါသေးတယ်။ USB ကြိုးထိုးစရာမလိုပဲ ဖုန်းကနေ wifi ပြန်လွှင့်ပြီး Laptop တွေနဲ့အင်တာနက်သုံးလို့ရတဲ့ နည်းပညာကောင်းလေးတွေပါ screen လေးကလည်း desktop စတိုင်အသုံးပြုမှုတွေ ပိုကောင်းလာပါတယ်။
Android Version 2.3(GingerBread)
GingerBread လေးကိုတော့ လူအတော်များများသိလောက်မှာပါ။ ဘာကြောင့်လဲဆို တော့ မြန်မာပြည်မှာ Android တွေ စခေတ်စားလာတဲ့ အချိန်က ပေါ်ခဲ့တဲ့ version လေးဆိုလည်းမမှားပေဘူးပေါ့။ ဒီ version လေးနဲ့ Android ဟာ တစ်ဟုန်ထိုး တိုးတက်ခဲ့ပါတယ်။
လက်ရှိအချိန်ထိ ဒီ version လေးက မပျောက်ကွယ်သေးပါဘူး။ Google ရဲ့Android လေးဟာလည်း ဒီ version လေးမှာ တော်တော်အောင်မြင် လာပါတယ်။
သူနဲ့အတူ ထုတ်လိုက်တဲ့ဖုန်းတွေကတော့= Samsung Galaxy S2, Motorola Droid Razr/Razr Maxx
Android Version 3.0/3.1(Honeycomb)
ဒီ version လေးကလည်း ထူးခြားပြန်ပါတယ် ဘာကြောင့်လဲဆိုတော့ ဖုန်းတွေမှာဒီ version လေးကို အသုံးမပြုနိုင်ပါဘူး။ Tablet တွေ သီးသန့်အတွက်သာ ရည်ရွယ်ပြီး ထုတ်ခဲ့လို့ပါ။ ဒါပေမယ့် သိပ်နာမည်မကြီးလိုက်ပါဘူး။ မိုဘိုင်းဖုန်းသုံးမရတဲ့အတွက်အကြောင့်ပါ။ သူကတော့ 22 February 2011 မှာ ထွက်ပေါ်လာတာပါ။
Android Version 4.0 _ 4.0.x (Ice Cream Sandwich)
စတင်ပွဲထုတ်ခဲ့တဲ့ အချိန်ကတော့ 19 October 2011 နေ့ပါ။ ဒီ version ကတော့ အခု စာဖတ်သူတော်တော်များများ သိနေကြပါပြီ ဒီဇိုင်လေးကလန်းတယ်လို့ လူအများပြောကြတဲ့ ICS ပါ။ သူ့ကိုတော့ Google က Galaxy Nexus ဖုန်းနဲ့အတူ ပွဲထုတ်ခဲ့ပါတယ်။ အောင်မြင်တဲ့ version လေးတစ်ခုဆိုလည်း မမှားပါဘူး။
Android Version 4.1 (Jelly Bean)
9 July 2012 မှာထုတ်ခဲ့တဲ့ version လေးပါ ။ ဂျယ်လီကျွေးမယ်ဆိုတဲ့ version လေးပါ။ Samsung ရဲ့ ထုတ်ကုန် အများစုနဲ့ ထွက်ပေါ်လာတဲ့ version လေးပါ။ အတော်ပြီးပြည့်စုံတဲ့ version လေးလည်း ဖြစ်လာပါတယ် setting ပိုင်းတွေမှာ အရမ်းကို powerful ဖြစ်လာတာတွေ့ရပါတယ်။
ဒီလောက်ဆို Android Version အမျိုးမျိုးကိုသိကြပြီပေါ့။ ဒါလေးသိရုံနဲ့ မပြီးသေးပြန်ဘူး ထူးခြားတာလေး တစ်ခု ပြောပြအုံးမယ် Android ရဲ့ဆန်းသစ်မှုလေးတစ်ခု ပဲဆိုပါတော့ သူရဲ့ version တွေကို နာမည်ပေးထားတာကလည်း မုန့်နာမည်တွေချည်းပဲ။ နောက်တစ်ခု ကတော့ version က English Alphabet အတိုင်းပါပဲ။ စစခြင်းက
CupCake
Donut
Eclair
Froyo
Gingerbread
Honeycomb
Ice Cream Sandwich
Jelly Bean
အစစာလုံးလေးတွေကိုကြည့်လိုက်ပါ D,E,F,G,H,I,J အစဉ်အတိုင်းပါ။ မကြာခင်က အသစ်တစ်ခု ထပ်ထွက်ပါသေးတယ် နာမည်က Key Lime Pie တဲ့။ ဒါဆို ကျွန်တော်တို့ Android ကို ခန့်မှန်းနိုင်တာတစ်ခုရှိ ပါတယ်။ နောက်ထွက်မယ့်Version name လေးက L နဲ့ စမှာသေချာပါတယ်။ L နဲ့စမယ့် မုန့်နာမည်လေးသာ စဉ်းစားကြပေတော့။ အဲဒါသေချာသလောက် ရှိပါတယ်။ ဒါဆို ထူးခြားတာလေး သိပြီ။
နောက်တစ်ခုကျတော့ Android က ဘာကြောင့် အရမ်းအောင်မြင် လာရသလဲ ဆိုတဲ့အချက်တစ်ခုပါ။ iOS ဆိုရင် သူတို့ရဲ့ Software ကိုရေးသားပြီးရင် သူတို့ itunes မှာသာ တင်ရောင်းခွင့် ၇ှိပါတယ်။ ဒါသူတို့ရဲ့ Market ပေါ့။ နောက်ပြီး developer ဘက်ကရောင်းမယ် ဆိုရင် စစ၀င်ခြင်း $99 ပေးရပါတယ် ။ သူတို့ရောင်းတဲ့ application က $2 ဆိုရင် Developer က $1 သာရရှိပါတယ်။ ကျန် 50% က apple ကိုပေးရပါတယ် ။ ၀ယ်သူအနေနဲ့ကြည့်မယ်ဆို ရင်လည်း itunes တစ်ခုတည်းသာရှိပါတယ် ။ ဘယ်သူမဆို ဈေးဝယ်ရင် ဈေးဆစ်ချင်ကြတာပဲလေ။ နှိုင်းယှဉ်ချင်တာပဲလေ အခြား Market တွေ မရှိတော့ နှိုင်းယှဉ်လို့ မရဘူး ။ ဒါပေမယ့် Android ကျတော့ အဲလိုမဟုတ်ဘူး၊ Google က Google Play ဆိုတဲ့ Market တစ်ခုဖွင့်ထားတယ်။ ဒါပေမယ့် စာဖတ်သူက market တစ်ခုလုပ်ချင်လည်းရပါတယ်။ တားဆီး ထားခြင်း မရှိပါဘူး။ Market ပေါင်းများစွာလည်းရှိပါတယ် အခမဲ့ဆော့ဝဲပေါင်း လည်း မနည်းပါဘူး သုံးမလောက်အောင်များပြားပါတယ်။
Developer ဘက်ကကြည့်မယ် ဆိုရင်လည်း အကယ် ၍ Google Play မှာ မိမိ ရေးသားထားတဲ့ app ကို တင်မယ်ဆိုပါက Registeration fee အနေနဲ့ $25 သာပေးရပါတယ် application တစ်ခု က $10 ဆို ပါက developer က $7 ရပါတယ် 30% ကိုတော့ Google ကကြော်ငြာခ ဆိုပြီးတော့ ယူ ပါတယ်။ နောက်ပြီး Android application တစ်ခုရေးဖို့ Android Device ရှိစရာတောင် မလိုပါဘူး ။ ဒါဆို apple နဲ့ ယှဉ်ကြည့်လိုက် ပါ Open Source ရဲ့ အားသာချက်ပါ ။ ဒီလောက်ဆို စာဖတ်သူဟာ Android နဲ့ ပတ်သက်တာလေးတွေ ကိုတော့ ဗဟုသုတအနေ နဲ့ တော်တော်များများ သိလောက်ပါပြီ။
ဘာတွေဆက်လေ့လာရအုံးမလဲ ဆိုတာကတော့ Advance User တစ်ယောက်ဖြစ်ဖို့ ဆိုရင်တော့ Android ဖုန်းတွေကို Root လုပ် နည်း, Firmware upgrade , Firmware Downgrade စတဲ့ နည်းပညာလေးတွေကို လေ့လာဖို့ လိုအပ်ပါအုံးမယ်။ အပြင်မှာ သင်တန်းတွေ အများကြီး ရှိပါတယ် ဈေးလည်းကြီးပါ တယ်။
ဘာကြောင့်လဲ ဆိုတော့ ဒီ course လေးတစ်ခုနဲ့ ဘ၀အသက်မွေး ၀မ်းကြောင်းပြုနိုင်တယ် ဆိုတော့ သင်တန်းကြေးဈေးကြီးတာကတော့ မဆန်းပါဘူး။ ဒါပေမယ့် သင်တန်းမတက်ဘဲနဲ့လည်း သိတဲ့ နည်းလမ်းတွေ အများကြီးပါ။ ကျွန်တော်ဆိုရင် မိုဘိုင်းသင်တန်းတစ်ခုမှ မတက်ခဲ့ရ ပါဘူး။
ကွန်ပျူတာတောင်မှ အခြေခံနဲ့ ၀င်းဒိုးတင်တာ လေးသိပြီး ကျန်တာတွေကို စာအုပ်တွေ အင်တာနက်တွေကနေ တစ်ဆင့် ကိုယ်တိုင်လေ့လာခဲ့ရတာပါ။ စာဖတ်သူက ငွေကြေးမတတ်နိုင်လို့ ဒါမှမဟုတ် အချိန်မပေးနိုင်လို့ ဆိုရင် မြန်မာလိုရေးသားထားတဲ့ စာအုပ်တွေ ၀ယ်ဖတ်ပါ။ အင်တာနက်မှာ ၀င်ရှာပါ ဖိုရမ်တွေမှာ ဆွေးနွေးပါ၊ စာအုပ်တွေ ကိုလည်း ဒေါင်းပါ လို့ အကြံပေးချင်ပါတယ်ဗျာ။
အောင်ကျော်ခိုင် (ပုသိမ်)
No comments:
Post a Comment