လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

တက္ကသိုလ်တက်ရောက်မည့် မသန်စွမ်း ကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ဆု

၂၀၁၄ ခုနှစ် တက္ကသိုလ်ပညာသင်နှစ်တွင် တက္ကသိုလ်တက်ရောက်မည့် မသန်စွမ်းကျောင်းသား၊ ကျောင်းသူများအတွက် ပညာသင်ဆုများကို ပေးအပ်သွားမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါ ပညာသင်ဆုအစီအစဉ်ကို နိပွန်ဖောင်ဒေးရှင်းမှ ငွေကြေးပံ့ပိုးပေးခြင်းဖြစ်ပြီး မြန်မာ့ရှေ့ဆောင်ဘဏ်၊ ဧဒင်ဂရုဖ်၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့နှင့် မြန်မာနိုင်ငံ မသန်စွမ်းသူများ ရှေ့ဆောင်အဖွဲ့ တို့ပူးပေါင်းကာ ပြုလုပ်ခြင်း ဖြစ်သည်။ နိပွန်ဖောင်ဒေးရှင်းမှ တက္ကသိုလ်ပညာသင်စရိတ် ၁၀၀ ရာခိုင်နှုန်း၊ ကျောင်းဝင်ကြေးနှင့် အခြားပညာသင် စရိတ်များကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး ဧဒင်ဂရုဖ်မှ အတိုးမဲ့ချေးငွေ အစီအစဉ်ဖြင့် လိုအပ်သော သင်ကြားမှုသင်ထောက်ကူ ပစ္စည်းကိရိယာများ ၀ယ်ယူနိုင်သော ကြိုတင်စရိတ်များကို ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆု လျှောက်ထားသူများသည် မသန်စွမ်းမှု တစ်ခုခုရှိသူများ၊ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားပြီး တက္ကသိုလ် ဆက်လက်တက်ရောက်မည့်သူ (သို့) တက်ရောက်နေသူများ လျှောက်ထား နိုင်မည်ဖြစ်သည်။ ပညာသင်ဆုရရှိပါက တက္ကသိုလ် ကျောင်းလခ၊ ကျောင်းဝင်ကြေး၊ တက္ကသိုလ်သို့ မဖြစ်မနေ ပေးသွင်းရမည့် ကုန်ကျစရိတ်များကို ထောက်ပံ့ကြေးအဖြစ် ရရှိမည်ဖြစ်သည်။ သင်ထောက်ကူပစ္စည်းများ ၀ယ်ယူရန်အတွက် ငွေကြေး အခက်အခဲရှိသူများသည် လိုအပ်သော သင်ထောက်ကူ ပစ္စည်းများဝယ်ယူရန် ဧဒင်ဂရုဖ်၏ အတိုးမဲ့ချေးငွေ အစီအစဉ်ဖြင့် ၀ယ်ယူနိုင်မည်ဖြစ်ပြီး ချေးငွေများကို ဘွဲ့ရပြီး ၅ နှစ်အတွင်း လစဉ် အရစ်ကျ အတိုးမဲ့ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ ချေးငွေပြန်လည်ပေးဆပ်ခြင်းအား ဘွဲ့ရပြီး တစ်နှစ်အတွင်း အလုပ်ရှာဖွေနေချိန်တွင် ခေတ္တစောင့်ဆိုင်းပေးမည်ဖြစ်သည်။

ပညာသင်ဆုလျှောက်လွှာများကို မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ ရုံးခန်း၊ အမှတ် ၁၇/၁၉၊ သာယာအေးလမ်း၊ ၃ ရပ်ကွက်၊ မရမ်းကုန်းမြို့နယ်၊ မြန်မာ့ရှေ့ဆောင်ဘဏ်ခွဲများနှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၊ အမှတ် ၂၉၊ UMFCCI တာဝါ၊ ၈ လွှာ၊ မင်းရဲကျော်စွာလမ်း၊ လမ်းမတော်မြို့နယ် တို့တွင် သွားရောက်ထုတ်ယူကာ အောက်တိုဘာလ ၃၁ ရက်နေ့ နောက်ဆုံးထား လျှောက်ထားနိုင်မည်ဖြစ်သည်။

from Internet

No comments:

Related Posts Plugin for WordPress, Blogger...