မောက္ခမဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ဆောင်းပါးတစ်ပုဒ်ဖြစ်ပါတယ်။
တိုင်းပြည်တခုမှာ ရွေးကောက်ပွဲ ကျင်းပနေလျှင် ဒီမိုကရေစီ ရှိနေပြီးဟု
ယူဆမှုများ ရှိနိုင်ပါသည်၊ အမှန်မှာ ဒီမိုကရေစီသည် တရားဥပဒေ
စိုးမိုးမှုတည်းဟူသော အခြေခံ အုတ်မြစ်ပေါ်တွင် တည်ဆောက်ထားရခြင်းဖြစ်သည်။
အတိအကျဆိုရင်လျှင် ဒီမိုကရေစီ၏ အောက်ခြေတွင် တဦးချင်း လွတ်လပ်မှုနှင့်
တဦးချင်း ပစ္စည်းဥစ္စာပိုင်ဆိုင်မှု လုံခြုံစိတ်ချရမှုတို့အတွက်
ကိုယ်စားပြုမှု ရှိပြီး ဖွဲ့စည်းပုံအရ အုပ်ချုပ်သော
အစိုးရစနစ်ဖြင့်အာမခံထားခြင်းဖြစ်သည်။
လွန်ခဲ့သော နှစ်တရာကျော်ကျော်ကို နောက်ကြောင်း ပြန်ကြည့်လျှင်
ကျွန်ုပ်တို့၏ အဘိုးအဘွားများ၏ ခေတ်တွင် လေယာဉ်ပျံမရှိ။ တယ်လီ ဖုန်း မရှိ။
ယနေ့ခေတ်ကဲ့သို့ ဆေးဝါးများလည်း အဆင်သင့်မရှိ၊ လေအေးပေးစက်၊
ဈေးဝယ်ကုန်တိုက်ကြီးများ၊ ရေဒီယို၊ ရုပ်ရှင် ဘာတခုမျှ မရှိသေး။
စက်ရုပ်နှင့်ကွန်ပြူတာဆို ဝေးရော။ နောက်ထပ် မျိုးဆက်တချို့ကို
ပြန်ဆုတ်ကြည့်လိုက်လျှင် နည်းပညာနှင့် လူနေမှု အဆင့် အတန်းက ပို၍ပင်
နိမ့်ကျသောအခြေအနေတွင် ထိုခေတ်က ဘေးဘိုးများ မည်သို့မည်ပုံ
အသက်ရှင်ခဲ့သည်ကိုပင် မစဉ်းစားတတ်အောင် ဖြစ်နိုင်ပါသည်။
ထို့နောက် သောမတ် အက်ဒီဆင်ကဲ့သို့ စွန့်ဦးတီထွင်သူ သိပ္ပံပညာရှင်များ
ပေါ်ပေါက်လာသည်။ ထိုသို့တီထွင်မှုသည် ပုဂ္ဂလိက ပစ္စည်းဥစ္စာ
ပိုင်ဆိုင်မှုအခွင့်အရေး၊ အခွင့်အရေးတန်းတူရည်တူ
စီးပွားရေးအင်စတီကျူးရှင်းများက မွေးထုတ်ခဲ့ခြင်းဖြစ်သည်။
ယနေ့ခေတ်တွင်လည်း Bill Gate၊ Steve Jobs တို့ကဲ့သို့သော အိုင်တီပညာရှင်၊
နယူးကလီယားပညာရှင်၊ ခေတ်မှီဇီဝပညာရှင်၊ တခြားနယ်ပယ်အသီးသီးမှ ပညာရှင်
များသည် အမေရိကား မြေပေါ်မှ ပေါ်ထွက်လာခဲ့သည်။ Samsung၊ Hyundai တို့ကဲ့သို့
နည်းပညာအဆင့်မြင့် ထုတ်ကုန်များကို ထုတ်လုပ် နေသော နိုင်ငံသည်
မြောက်ကိုရီယား မဟုတ်ဘဲ တောင်ကိုရီးယားဖြစ်နေသည်၊ မက္ကဆီကိုက အက်ဒီဆင်၊
Bill Gate၊ Steve Jobs ကို ဘာကြောင့် မမွေးထုတ်နိုင်သနည်း၊၊
နိုင်ငံရေးနှင့် စီးပွားရေး စနစ်များ၏ ရလဒ်ဖြစ်ပါသည်။ မြောက်ကိုးရီယားက
Samsung၊ Hyundai တို့ကဲ့သို့ နည်းပညာ အဆင့်မြင့် ကုမ္မဏီများမရှိသနည်း၊
နိုင်ငံရေးနှင့် စီးပွားရေး စနစ်များကြောင့်ဆိုသည်မှာ ရှင်းပါသည်။
မြောက်ကိုရီးယားတွင် ၁၉၄၇ ခုနှစ်မှ စ ၍ ပုဂလိက ပိုင်ဆိုင်ခွင့်မှန်သမျှ
ဖျက်သိမ်းခဲ့သည်။ ဈေးကွက်ကို လည်း ပိတ်ထားသည်။ ဈေးကွက် တွင်သာမက
နယ်ပယ်အသီးသီးတွင် လွတ်လပ်မှုမရှိတော့၊ ဖိနှိပ်သော အစိုးရ (ကင်အီဆွန်း၊
ကင်ဂျုံဧ) နှင့် ခရိုနီတစုကသာ နိုင်ငံရေး၊ စီးပွားရေး အထူးအခွင့်အရေးကို
ခံစားကြသည်၊ တခြားသူများ၏ ပုဂလိက ပစ္စည်းဥစ္စာပိုင်ဆိုင်မှုကို အားမပေးချင်၊
ဈေးကွက်စီးပွားရေး နစ်ကို မကျင့်သုံးချင်၊ ပုဂလိက ကဏ္ဍကို အားမပေး၊
ထို့ကြောင့် မြောက်ကိုရီးယားသည် စီးပွားရေးအရ ထိုင်းမှိုင်း
ရပ်တန့်နေခဲ့သည်။
၁၉၅၀ တ၀ိုက်က တောင်ကိုရီယားက ပြောင်းပြန်ဖြစ်သည်။
စီးပွားရေးအင်စတီကျူးရှင်းက ရင်းနှီးမြှုပ်နှံမှုနှင့် ကုန်သွယ်ရေးကို
အားပေးသည်။ စွန့်ဦးတီထွင်သူ လူငယ်လေးတဦးသည် ဘဏ်မှ ငွေချေးနိုင်သည်။
ကိုယ်ပိုင် ကုန်စည်နှင့် ၀န်ဆောင်မှုများကို ထုတ်ရောင်းနိုင်သည်။
အမြော်အမြင်ရှိသော နိုင်ငံရေးသမားများက ပညာရေးကဏ္ဍမှာ ရင်းနှီးမြှုပ်နှံမှု
ပြုလုပ်ကြသည်။ ပညာ တတ်မြောက်မှုနှုန်းမြင့်မားသည်။
တောင်ကိုရီယားကုမ္ပဏီများသည် ပညာတတ်များကို စီးပွားရေး လုပ်ငန်းများတွင်
ပြန်၍ သုံးနိုင်ကြသည်။ ရင်းနှီးမြှုပ်နှံမှု၊ စက်မှုလက်မှု
လုပ်ငန်းထွန်းကားရေး၊ ပို့ကုန်၊ နည်းပညာရေးဖလှယ်ရေးကို အားပေးသော
စီးပွားရေးစနစ်ကြောင့် အကျိုးပိုဖြစ်ကြသည်။ သို့နှင့် တောင် ကိုရီယားသည်
အာရှတွင် စီးပွားရေး ရွှေထီးဆောင်းသော နိုင်ငံ၊ ကမ္ဘာပေါ်တွင် စီးပွားရေး
တိုးတက်မှုနှုန်း အမြန်ဆုံးနိုင်ငံဖြစ်လာသည်။
နောက်ထပ် နှစ် ၅၀ အကြာ (၁၉၉၀ ပြည့်လွန်နှစ်များ) တွင် တောင်ကိုရီယားက
ကြီးပွားချမ်းသာသွားပြီး ဆယ်ဆမကနောက်ကျကျန်ခဲ့သော မြောက်ကိုရီယားတွင်
မြောက်ကိုရီးယားတွင် ပြည်သူ သန်းချီပြီး ဆင်းရဲ ငတ်ပြတ်နေကြသည်။
အကြောင်းရင်းက ရှင်းပါသည်။ မြောက်ကိုရီးတွင် မျိုးဆက်သစ်များသည်
ဆင်းရဲတွင်းထဲမှာ ကြီးပြင်းလာကြသည်။ စွန့်ဦးတီထွင်မှု၊ ဖန်တီးမှု
ဓလေ့များနှင့် ကြီးပြင်းလာကြခြင်းမဟုတ်။ လုံလောက်သော ပညာရေးလည်း မရခဲ့ကြ။
ပညာရေး ဆိုသည်မှာ အစိုးရ သက်ဆိုးရှည်ရေး အတွက်
ဝါဒဖြန့်ချိရေးသက်သက်အတွက်သာ အသုံးချခံဖြစ်နေသည်။ ကျောင်းတွင်
ကွန်ပြူတာမဆိုထားနှင့် စာအုပ်ပင် အပြည့်အစုံမရှိ၊ မစို့မပို့။
ကျောင်းပြီးသောအခါ လူတိုင်း စစ်တပ်ထဲတွင် ၁၀ နှစ် စစ်မှုထမ်းကြရသည်။ ပုဂလိက
ပစ္စည်းပိုင်ဆိုင်ခွင့်၊ လုပ်ငန်းလုပ်ကိုင်ခွင့်နှင့်
ကြီးပွားရာကြီးပွားကြောင်း ကြိုးစားခွင့်လည်းမရှိပေ။
မြောက်ကိုးရီယားကဲ့သို့ နောက်ထပ် ဥပမာများစွာရှိပါသည်။ ဥပမာ ဟေတီ၊
ကွန်ဂို တို့တွင် ကျောင်းမတက်နိုင်သော ကလေးများစွာရှိသည်။ ပညာရေး
အရည်အသွေးကလည်း ညံ့ဖျင်းသည်။ ကျောင်းမှာ စာအုပ် အလုံအလောက်မရှိ။ ဆရာများက
ကျောင်းမှာ စာလာမသင်၊ ထို့သို့ ပညာရေးလောက ချွတ်ခြုံကျနေရသည့် အဓိက
အကြောင်းနှစ်ရပ်ဖြစ်နိုင်သည်။ စီးပွားရေးရူ့ထောင့်မှ ကြည့်လျှင် ကျောင်းက
ပေးသော ပညာရေးက လက်တွေ့ဘ၀မှာ သုံးစားမရသောကြောင့် မိဘများက သူတို့ကလေးကို
ကျောင်းမပို့ချင်။ နိုင်ငံရေးရူ့ထောင့် ကြည့်လျှင် အစိုးရ ကလည်း
ပညာရေးကဏ္ဍကို လျစ်လျူရှုထားသည်။
ထိုအတွက် ပေးရမည့်အဖိုးအခက မနည်းလှ၊ အလားအလာရှိသော ကလေးများကို
လူ့အဖွဲ့အစည်း တိုးတက်စည်ပင်ရေးအတွက် အသုံး မချနိုင်တော့။ ဟေတီ၊
ကွန်ဂိုတို့တွင်လည်း ဘေးဂိတ် ကဲ့သို့ ဖြစ်လာနိုင်သော ပါရမီရှင်များ
ရှိနိုင်သည်။ အိုင်စတိုင်းကဲ့သို့ ပါရမီရှင်များပင် တယောက်စ၊ နှစ်ယောက်စ
ပါကောင်း ပါနိုင်သေးသည်။ သို့သော် ထိုကလေးငယ်များသည် ဆင်းဆင်းရဲရဲ၊
ပညာမတတ်သော လယ်သမား လေးများ ဖြစ်နေနိုင်သည်။ သို့မဟုတ်လည်း စစ်တပ်ထဲကို
မ၀င်ချင်ဘဲ အတင်းဝင် နေရသည်လည်း ဖြစ်နိုင်သည်။
ပြန်ကောက်ရလျှင် အများကို လမ်းဖွင့်ပေးသောစီးပွားရေးအင်စတီကျူးရှင်း
(Inclusive Economic Institution) သည် Inclusive Market ကို ဖန်တီးပေးသည်။
ရေရှည်ခံသော စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် နည်းပညာတိုးတက်မှုမပါဘဲ
မဖြစ်နိုင်။ ဆိုလိုသည်မှာ လူ (လုပ်အား)၊ မြေ၊ နှင့် အရင်းအနှီး (ဥပမာ
အဆောက်အဦး၊ စက်ယန္တယား) များ၏ ထုတ်လုပ်မှုသည် အမြဲတမ်း တိုးတက်နေရန်
လိုအပ်သည်။ ထိုသို့ တိုးတက်နေစဉ်ရန် ပုဂ္ဂလိက ပစ္စည်းပိုင်ဆိုင်မှု၊
တရားဥပဒေစိုးမိုးမှုတို့ မရှိဘဲ မရနိုင်ပေ။
ပုဂလိက ပစ္စည်းပိုင်ဆိုင်မှု အာမခံချက်မရှိဆိုသော အဓိပ္ပါယ်မှာ
လူအများစုကြီးကို စတေးပြီး အခွင့်ထူးခံ လက်တဆုပ်စာလူတစုက
စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ခွင့်၊ မက်လုံးရှိကြပြီး
ရင်းနှီးမြှုပ်နှံမှု လုပ်နိုင်ခဲ့ကြသော စနစ်ကို ဆိုလိုသည်။ မြောက်ကိုရီယား
ဥပမာတွင် ကင်အီဆွန်း၊ ကင်ဂျုံဧ နှင့် ခရိုနီတစုကသာ နိုင်ငံရေး၊ စီးပွားရေး
အထူးအခွင့်အရေးကို ခံစားကြသည့် ပုံစံမျိုးဖြစ်သည်၊ လူသန်းပေါင်းများစွာ
ငတ်ပြတ်နေ၊ တိုင်းပြည်အတွက် အနာဂတ်မဲ့နေသော်လည်း အုပ်ချုပ်သူနှင့်
ခရိုနီတစုအတွက် အခွင့်ထူးရနေသဖြင့် သူတို့က ထိုစနစ်ကို မပြောင်းလဲချင်ကြ။
(ကင်ဂျုံဧကွယ်လွန်သော်လည်း စနစ်ကို မပြောင်းလဲဘဲ ကင်ဂျုံအန်းနှင့် ဆက်စခန်း
သွားနေသည်ကိုကြည့်ပါ) စနစ်ကို မပြောင်းလဲသဖြင့် တိုင်းပြည်က
ကျဆုံးပြီးရင်း ကျဆုံးရင်း အဆိုးသံသရာမှ ရုန်းမထွက်နိုင်ဖြစ်ရသည်။
အာရပ်ဦးဟု လူသိများသည့် အာဏာရှင်စနစ် ဆန့်ကျင်ရေး လူထုအုံကြွမှုများ
တောမီးကဲ့သို့ မပျံ့နှံခင် (၂၀၁၁ ဇန်န၀ါရနီလ ၁၃ ရက်နေ့) တွင် နိုင်ငံတကာ
နျူးကလီးယားထိန်းချုပ်ရေးအဖွဲ့ (IAEA) ၏ ညွန်ကြားရေးမှူချုပ်ဟောင်း
မိုဟာမက် အယ်ဘာရာဒေးက သူ၏ တွစ်တာ စာမျက်နှာတွင် တူနီးရှား အခြေအနေသည်
ပေါက်ကွဲတော့မယ့် ဗုံးတစ်လုံး ဖြစ်နေပြီး ကြိုတင်နိမိတ်ဖတ်ခဲ့သည်။
“Tunisia: Repression + Absence of Social Justice + Denial of Channels for Peaceful Change = a ticking Bomb”
အဓိပ္ပါယ်မှာ ရှင်းလောက်ပါသည်။ ဖိနှိပ်မှုကြီးစိုး၊ လူမှုတရားမျှတမှု
ဆိတ်သုဉ်း၊ ငြိမ်းချမ်းစွာ အပြောင်းအလဲလုပ်ရန် လမ်းပိတ်နေသော တူနီးရှားသည်
ပေါက်ကွဲခါနီး ဗုံးတလုံးနှင့် တူသည်ဟုဆိုခဲ့ခြင်းဖြစ်သည်။
No comments:
Post a Comment