လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အက်ပဲလ်နှင့် ဆမ်ဆောင်းတို့ မူပိုင်ခွင့်များ အပြန်အလှန် ချိုးဖောက်ခဲ့ကြောင်း တောင်ကိုရီးယားတရားရုံး ဆုံးဖြတ်


အက်ပဲလ်နှင့် ဆမ်ဆောင်းတို့သည် မူပိုင်ခွင့်များ အပြန်အလှန်ချိုး ဖောက်ခဲ့ကြောင်း တောင်ကိုရီးယားတရားရုံးတစ်ရုံးက သြဂုတ်လ ၂၄ ရက်နေ့တွင် ဆုံးဖြတ်ခဲ့သည်။ အပြန်အလှန် နစ်နာကြေးများ ပေးအပ်ရန်နှင့် နှစ်ဖက်စလုံးမှ ကုန်ပစ္စည်းအချို့ကို ယာယီပိတ်ပင်ရန် ရုံးတော်က အမိန့်ချခဲ့သည်။
နိုင်ငံတကာတွင် မူပိုင်ခွင့်ဆိုင်ရာ တရားရင်ဆိုင်မှုများ၌ အက်ပဲလ်က အသာရနေသော်လည်း ဆမ်ဆောင်းကုမ္ပဏီတည်ရှိရာ တောင်ကိုရီးယားတွင်မူ ဆမ်ဆောင်းက ဆုံးဖြတ်မှု၌ အသာရခဲ့သည်။ အက်ပဲလ်သည် ဆမ်ဆောင်း၏ ၀ိုင်ယာလက်မူပိုင်ခွင့်နှစ်ခုကို ချိုးဖောက်ခဲ့ပြီး ဆမ်ဆောင်းသည် အက်ပဲလ်၏ Utility မူပိုင်ခွင့်တစ်ခုကို ချိုးဖောက်ခဲ့သည်ဟု တရားရုံးက ဆုံးဖြတ်ခဲ့သည်။ ဆမ်ဆောင်းက အက်ပဲလ်၏ ဒီဇိုင်းများကို ကူးယူခဲ့  သည်ဟု အက်ပဲလ်၏ စွဲချက်ကိုမူ တရားရုံးက ပယ်ချခဲ့သည်။
အက်ပဲလ်၏ iPhone နှင့် ဆမ်ဆောင်း၏ Galaxy ဖုန်းများ နှိုင်းယှဉ်ပါက တူညီမှုအချို့ရှိသော်လည်း သုံးစွဲသူများသည် နှစ်ခုအကြား ကွဲပြားခြားနားမှုကို လွယ်ကူစွာခွဲခြားနိုင်ပြီး ဒီဇိုင်းသဘောအရ ကွဲပြားခြားနားစွာ ခံစားရမှုရှိကြောင်း  ဆိုးလ်အလယ်ပိုင်းခရိုင် တရားသူကြီး ဘေဂျွန်ဟွန်းက သုံးသပ်ခဲ့သည်။
ဆမ်ဆောင်းသည် အက်ပဲလ်၏ နည်းပညာဖြစ်သော ဖန်သားပြင် အစွန်းအထိ လက်ဖြင့်ဆွဲလိုက်ပါက ပြန်ကန်ထွက်ပြီး မြင်တွေ့ရသည့် ဖန်သားပြင် အနေအထား ပုံမှန်အတိုင်း မပျက်မယွင်းဖြစ်စေသည့် နည်းပညာ၊ အက်ပဲလ်စက်များတွင် ပါရှိသည့် Slide to Unlock နည်းပညာတို့ကို ကူးယူခဲ့ကြောင်း တရားသူကြီးက သုံးသပ်သည်။
တောင်ကိုရီးယားတွင် အက်ပဲလ်၏ iPhone 3GS ၊ iPhone 4 ၊ iPad 1  ၊ iPad 2 တို့ ရောင်းချမှု ပိတ်ပင်ရန်နှင့် ဆမ်ဆောင်း၏ Galaxy Series မှ Galaxy S ၊ Galaxy SII ၊ Galaxy Tab ၊ Galaxy Tab 10.1 တို့ ရောင်းချမှု ယာယီပိတ်ပင်ရန်လည်း ဆုံးဖြတ်ခဲ့သည်။ သို့ရာတွင် ကုမ္ပဏီနှစ်ခုစလုံး၏ နောက်ဆုံးထုတ်ပစ္စည်းများဖြစ်သော iPhone 4S ၊ New iPad ၊ Galaxy SIII တို့မှာ ပိတ်ပင်ခံရသည့်အထဲတွင် မပါဝင်ခဲ့ပေ။
ဆုံးဖြတ်ချက်သည် ချက်ချင်းအသက်ဝင်မည်ဖြစ်သော်လည်း အမှန်တကယ် ပိတ်ပင်ရေးအတွက် အချိန်ယူရမည်ဖြစ်သလို အယူခံဝင်ခွင့်လည်း ရှိမည်ဖြစ်သည်။ အက်ပဲလ်က ဆမ်ဆောင်းကို နစ်နာကြေး ၀မ်သန်း ၄၀ (ဒေါ်လာ ၃၅၃၀၀)ပေး ရမည်ဖြစ်ပြီး ဆမ်ဆောင်းက အက်ပဲလ်ကို ၀မ် ၂၅ သန်း (ဒေါ်လာ ၂၂၁၀၀)သာ ပေးရမည်ဖြစ်သည်။

Ref: Eleven

No comments:

Related Posts Plugin for WordPress, Blogger...