လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ဘီလ်ဂိတ်ဖောင်ဒေးရှင်းက အိမ်သာကိုပြန်လည်တီထွင်ရန် ငွေကြေးထောက်ပံ့



From - Eleven : ခေတ်မီသည့် သန့်စင်ခန်းများ ကို သုံးစွဲနိုင်ခြင်းမရှိသည့် ကမ္ဘာတစ်ဝန်းမှ လူ ၂ ဒသမ ၅ ဘီလျံခန့်အတွက် အိမ်သာများကို ပြန်လည်ဆန်းသစ်တီထွင်ရန် ဘီလ်နှင့် မယ်လင်ဒါဂိတ် ဖောင်ဒေးရှင်းတို့က ငွေကြေးထောက်ပံ့မှုများ ပြုလုပ်နေသည်။

နေရောင်ခြည်စွမ်းအင်သုံးစွဲပြီး ရေကို ပြန်လည်သုံးစွဲနိုင်သော သန့်စင်ခန်း တီထွင်မှုအတွက် ကာလီးဖိုးနီးယား နည်းပညာသိပ္ပံကို ဒေါ်လာ ၁၀၀၀၀၀ ဆုပေးခဲ့ကြောင်း ဂိတ်ဖောင်ဒေးရှင်းက ပြောကြားခဲ့သည်။ အန္တရာယ်ကင်းပြီး ရေကုန်ခမ်းမှုမရှိသည့် လိုအပ်ချက်များကိုယ်တိုင် ဖြည့်ဆည်းနိုင်သော တစ်ရက်လျှင်  ငါးဆင့်သာကုန်ကျမည့် အိမ်သာဖန်တီးရန်အတွက် ဘီလ်ဂိတ်ဖောင်ဒေးရှင်းသည် တက္ကသိုလ်ရှစ်ခုကို ဒေါ်လာလေးသန်း ထောက်ပံ့ပေးခဲ့သည်။ 

တစ်နှစ်ခန့်အကြာတွင် အချို့သော စိတ်ကူးများမှာ အကောင်အထည်ပေါ်လာပြီး ပြီးခဲ့သည့် သြဂုတ်လ ၁၄ ရက်နေ့က ပြပွဲကျင်းပခဲ့ရာ နည်းပညာသုံး သန့်စင်ခန်းများကို ပြသခဲ့ကြခြင်းဖြစ်သည်။ သန့်ရှင်းသည့် အညစ်အကြေးစွန့်စနစ်ကို မရရှိသူအရေအတွက်သည် ကမ္ဘာတစ်ဝန်းတွင် လူ ၂ ဒသမ ၆ ဘီလျံခန့်ရှိပြီး မိလ္လာစနစ်နှင့် ဆက်နွယ်သည့်ပြဿနာများကြောင့် နှစ်စဉ်အသက် ငါးနှစ်အောက်ကလေး ၁ ဒသမ ၅ သန်းခန့် သေဆုံးနေရသည်။

ဂိတ်ဖောင်ဒေးရှင်းသည် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုကောင်းမွန်ရန်အတွက် အရေးကြီးသည့် အစိတ်အပိုင်းတစ်ရပ်အနေဖြင့် နည်းပညာသစ်အိမ်သာများရရှိရန် အာရုံစိုက် ကြိုးပမ်းနေသည်။ ၁၇၇၅ ခုနှစ်တွင် ရေသုံးသန့်စင်ခန်းစနစ်ကို တီထွင်ခဲ့ပြီး နောက်ပိုင်းမှစ၍ အခြေခံအားဖြင့် မပြောင်းလဲသေးသည့် သန့်စင်ခန်း နည်းပညာကို ပြန်လည်တီထွင်ရန် လိုအပ်နေကြောင်း ဘီလ်ဂိတ်က ပြောကြားထားသည်။ 

ဂိတ်ဖောင်ဒေးရှင်းသည် သန့်စင်ခန်းများ ပြန်လည်တီထွင်ရန်အတွက် ရန်ပုံငွေသစ်ဒေါ်လာ ၃ ဒသမ ၄ သန်း ထပ်မံ ထောက်ပံ့သွားမည်ဖြစ်ကြောင်း ဂိတ်ဖောင်ဒေးရှင်းက သြဂုတ်လ ၁၄ ရက်နေ့တွင် ကြေညာခဲ့သည်။ ဂိတ်ဖောင်ဒေးရှင်းသည် အိမ်သာပြန်လည်တီထွင်ရေးအတွက် သုံးစွဲမှုမှာ ယခုအခါ ဒေါ်လာ ၆ ဒသမ ၅ သန်းထိရှိမည်ဖြစ်သည်။ 

Ref: Eleven 

No comments:

Related Posts Plugin for WordPress, Blogger...