လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ထေရ၀ါဒ ဟူသည်

ထေရ၀ါဒ ဆိုသည့်စကားလုံး ဖြစ်ပေါ်လာသည်ကို ပြန်ကြည့်လျှင် ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်ပြုပြီး နှစ်ပေါင်း တစ်ရာကျော်တွင် ပြုလုပ်သော ဒုတိယ သင်္ဂါယနာတင်ပွဲမှ စတင်သုံးစွဲခဲ့သည်။ ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန်စံပြီး နှစ်ပေါင်းတစ်ရာကျော်အတွင် ဗုဒ္ဓဟောကြားခဲ့သော ဓမ္မနှင့် ၀ိနယပေါ်တွင် မိမိတို့စိတ်ကြိုက် ဖြည့်စွက်ကျင့်သုံးလိုသော ရဟန်းများ ပေါ်ပါက်ခဲ့သည်။ ထိုသို့ပေါ်ပေါက်မှုကို အကြောင်းပြုပြီး ဗုဒ္ဓအဆုံးအမကို တသွေမတိမ်း လိုက်နာကျင့်ကြံလိုသည့် မထေရ်ကြီးများ၏ အလိုနှင့်အညီ အတည်ပြုလိုက်သည့် အယူအဆကို "ထေရ၀ါဒ" ဟု ခေါ်ဝေါ်ခဲ့ကြသည်။
"ထေရ" = ရဟန်းသက် ၁၀ ၀ါရပြီးသော မထေရ်
"၀ါဒ" = ခံယူချက်
ထို့ကြောင့် ရဟန်းသက် အနည်းဆုံး ၁၀ ၀ါရှိသော မထေရ်ကြီးများ၏ ခံယူချက်ဟု ဖွင့်ဆိုနိုင်သည်။

"ထေရ၀ါဒ" နှင့် "မဟာယန" ဟု ဗုဒ္ဓဘာသာဆိုင်ရာ အဓိက ဂိုဏ်း နှစ်မျိုးရှိသည်။ ရှေးအခါက အခြားဂိုဏ်းများလည်း ရှိခဲ့ကြပါသည်။ သို့သော် ထိုနှစ်မျိုးကသာ အိန္ဒိယပြင်ပရှိ အဆက်အနွယ်များထိအောင် လက်ဆင့်ကမ်းပျံ့နှံ့ခြင်းဖြင့် ယနေ့ကာလထိရှင်သန်လာသည်။ မယာယနသည် အဓိကအားဖြင့် အိန္ဒိယမြောက်ပိုင်း၊ တရုတ်၊ တိဘက်၊ ဂျပန်၊ မွန်ဂို၊ ကိုရီးယား ၊ ဗီယက်နမ် စသည့် နိုင်ငံများတွင် ရှင်သန်ခဲ့သည်။ ထေရ၀ါဒမှာ ပင်မအားဖြင့် အိန္ဒိယတောင်ပိုင်းနှင့် အရှေ့ပိုင်း၊ သီရိလင်္ကာ ၊ မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအို တို့တွင် ရှင်သန်ခဲ့သည်။ ထို့ကြောင့် ရံဖန်ရံခါ မဟာယနကို မြောက်ပိုင်းဂိုဏ်းဟုဆိုပြီး ထေရ၀ါဒကို တောင်ပိုင်းဂိုဏ်းဟု ဆိုကြသည်။

ထိုဂိုဏ်းနှစ်မျိုးတွင် ကွဲလွဲချက်များရှိသော်လည်း သစ္စာလေးပါး၊ မဂ္ဂင်ရှစ်ပါး၊ ကမ္မ၀ါဒ၊ အစရှိသော အခြေခံတရားများမှာ အတူတူပင်ဖြစ်ကြသည်။ အဓိကမတူညီမှုမှာ မတူညီသော ဦးစားပေးမှုများနှင့် သမိုင်းဆိုင်ရာ ဖြစ်ထွန်းမှုများပင်ဖြစ်သည်။ ဗုဒ္ဓမြတ်စွာ အဆုံးအမကို လိုက်နာပြီး လွတ်မြောက်အေးချမ်းခြင်း နိဗ္ဗာန်မျက်မှောက်ပြုရေးတို့မှာ နောက်ဆုံး အတူတူပင်ဖြစ်သည်။
ထေရ၀ါဒဟူသည် ဗုဒ္ဓအဆုံးအမများကို မူလအတိုင်း ထိန်းသိမ်းထားသော ပိဋကတ်သုံးပုံအတိုင်း အစဉ်တစိုက် လက်ခံသည်။ ထေရ၀ါဒဂိုဏ်း၏ အလေးထားမှုမှာ ဗုဒ္ဓအဆုံးအမများကို စစ်မှန်သော မူလအခြေအနေအတိုင်း ထိန်းသိမ်းခြင်းနှင့် အနာဂတ်မျိုးဆက်အဆင့်ဆင့် လက်ဆင့်ကမ်းခြင်းဖြစ်သည်။ 

ဗုဒ္ဓဘာသာတိုင်းအတွက် လိုက်နာရမည့် စည်းကမ်း ၅ မျိုးရှိသည်။
(၁) သူ့အသက်သတ်ခြင်းမှ ရှောင်ကြဉ်ခြင်း
(၂) ခိုးယူလုယက်ခြင်းမှေ၇ှာင်ကြဉ်ခြင်း
(၃) ကာမဂုဏ် အိမ်ထောင်ရေး ဖောက်ပြန်မှုမှေ၇ှာင်ကြဉ်ခြင်း
(၄) မဟုတ်မမှန် ပြောဆိုခြင်းမှ ရှောင်ကြဉ်ခြင်း
(၅) မူးယစ်ဆေး သုံးစွဲရောင်းဝယ်ခြင်းမှ ရှောင်ကြဉ်ခြင်း တို့ဖြစ်သည်။

ထေရ၀ါဒ စစ်စစ်ဖြစ်ရန် ဥပဒေသ မူ ၅ ရပ်ကို စံပြုသတ်မှတ်ထားခဲ့သည်။
(၁) ယုံကြည်မှု သဒ္ဓါတရားရှိရမည်။
(၂) စောင့်ထိန်းမှု သီလရှိရမည်။
(၃) ကောတုဟလ မင်္ဂလာကို မယုံကြည်ရ။
(၄) ကံတရားကို ယုံကြည်သူဖြစ်ရမည်။
(၅) သာသနာတော်ပြင်ပတွင် ကိုးကွယ်မှုမရှာရ။

(၁) ယုံကြည်မှုသဒ္ဓါတရားရှိရမည် - ရတနာသုံးပါးအပေါ် ယုံကြည်လက်ခံရမည်။

(၂) စောင့်ထိန်းမှုသီလရှိရမည် - ငါးပါး၊ ရှစ်ပါးသီလ တို့အပြင် စာရိတ္တသီလဟုခေါ်သော မိဘကျင့်ဝတ်၊ သားသမီးကျင့်ဝတ်၊ လင်၊ မယား၊ ဆရာ၊ တပည့်၊ အထက်လူကြီး၊ အောက်လက်ငယ်သားကျင့်ဝတ် စသည်တို့ကို စောင့်ထိန်းတတ်ရမည်။

(၃) ကောတုဟလမင်္ဂလာကို မယုံကြည်ရ - ရက်ရာဇာ၊ ပြဿဒါး ၊ အိမ်မြောင်စုတ်ထိုး၊ နေကြတ်၊ လကြတ်၊ အစရှိသည်တို့၏ နိမိတ်၊ ကောင်းကျိုးဆိုးကျိုး စသည်တို့ကို လက်မခံရပါ။

(၄) ကံတရားကို ယုံကြည်ရမည် - ကောင်းတာလုပ်ရင် ကောင်းကျိုးခံစားရ၊ မကောင်းတာလုပ်ရင် မကောင်းကျိုးခံစားရမည်ဟု လက်ခံရမည်။

(၅) သာသနာပြင်ပကိုးကွယ်မှုမရှာရ - လောဘ၊ ကြောက်စိတ်၊ စသည်တို့ကြောင့် ဘိုးတော်၊ မယ်တော်၊ နတ် ၊ အင်း/အိုင် ၊ ဗေဒင်၊ လက်ဖွဲ့ စသည်တို့ကို အားထားမှု မပြုရပါ။

မြန်မာနိုင်ငံရှိ ထေရ၀ါဒ ဗုဒ္ဓဘာသာ ဂိုဏ်းကြီး ၉ ဂိုဏ်း
၁။ သုဓမ္မာဂိုဏ်း။
၂။ ရွှေကျင်ဂိုဏ်း။
၃။ ဓမ္မာနုဓမ္မ(မဟာဒွါရ) နိကာယဂိုဏ်း။
၎။ ဓမ္မ၀ိနယာနုလောမ(မူလဒွါရ) ဂိုဏ်း။
၅။ အနောက်ချောင်းဒွါရဂိုဏ်း။
၆။ ဝေဠုဝန်နိကာယဂိုဏ်း။
၇။ စတုဘုမ္မိက မဟာသတိပဌာန်(ငှက်တွင်း)ဂိုဏ်း။
၈။ ဂဏ၀ိမုတ်(ကူးတို့)ဂိုဏ်း။
၉။ ဓမ္မယုတ္တိနိကာယ(မဟာရင်)ဂိုဏ်း တို့ဖြစ်ကြပါသည်။

No comments:

Related Posts Plugin for WordPress, Blogger...