လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ပညာရွှေအိုး ဘယ်သူခိုးသလဲ

မောက္ခပညာရေးဆိုက်မှာ တင်ထားတဲ့ တရုတ်နိုင်ငံရဲ့ လက်ရှိပညာရေး အခြေအနေလေးတွေကို ဖော်ပြထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ဖြစ်ပါတယ်...။

တရုတ်မိဘများ ပညာရေးတွင် သည်းသည်းလှုပ်ဖြစ်နေသည်မှာ ကာလကြာခဲ့ပြီ။ တရုတ်တွေက ဂုဏ်တု ဂုဏ်ပြိုင်တွေ သိပ် မလုပ်ကြ။ ဤသည်မှာလည်း ကွန်မြူနစ်လောင်းရိပ်က လွှမ်းမိုးနေဆဲကြောင့် ဖြစ်မည်ထင် သည်။ တရုတ်တွင် ကလေးနှစ်ယောက်ထက် ပိုမယူရေး စီမံချက်တွေကလည်း ရှိနေသည်။ ယောက်ျားလေးမွေးမှ မြတ်သည်ထင်သော တရုတ် လူနေမှုစနစ်ကြောင့်လည်း မိန်းကလေးမွေးထားသူတွေ အခက်တွေ့နေကြရသည်။ သို့သော် တရုတ်တို့ သားသမီးချင်း ပညာရေးတွင် ပြိုင်ဆိုင်အားကတော့ ကြောက်စရာကောင်းလှသည်။ တရုတ် လူ့ဘောင်တွင် ငွေရှိရင်ရှိ၊ မရှိရင် အာဏာရှိရမည်ဟု ခံယူကာ အစိုးရ၀န်ထမ်းဖြစ်ရေး သို့မဟုတ် စီးပွားရေး လုပ်ငန်းရှင်ကြီးဖြစ်ရေးတို့အတွက်လည်း ဦးစားပေးပြီး သားသမီးများကို ခွင်ချလာကြသည်။ သို့ဖြစ်ရာ မိမိတို့ သားသမီးများကို အစိုးရကျောင်းများသို့ပို့ကတည်း မိဘများ၏ ပြိုင်ဆိုင်အားသည် ကြောက်မက် ဖွယ်ရာဖြစ်လာ သည်။

တရုတ်ပြည်တွင် ပညာရေးအတွက် ငွေပေးမှ ပညာရနိုင်သည်ဆိုသောစကားကို မိဘတိုင်း၊ ဆရာတိုင်း ပါးစပ် တွင် ပြောစမှတ်ဖြစ်နေကြသည်။ ကွန်မြူနစ်လူငယ်ဟု အမည်ခံထားသည့် အုပ်စု အတွင်းမှာပင် ခေါင်းဆောင် ပိုင်းနေရာရရန် ငွေလိုသည် ဟုဆိုသည်။ ထို့ပြင်ကျောင်းကောင်းကောင်း ၀င်ခွင့် ရရေးအတွက် ငွေဘယ်လောက် ပေးနိုင်သလဲဆိုသည့် ပြဿနာများကလည်း ရှိနေဆဲဖြစ်သည်။ မိမိတို့သားသမီးကို ရှေ့ဆုံးတန်းတွင် ထိုင်နိုင် ရေးနှင့် အတန်းခေါင်းဆောင် (မော်နီတာ) ဖြစ်ရေး တို့အတွက်ပင် သူ့ကြေးနှင့်သူရှိနေကြောင်း သိရသည်။

တရုတ်ကျေးလက်မှ ဘေကျင်းတွင် လာရောက်နေထိုင်သည့် ဇောင်ဟွားဆိုသူ၏ ရင်ဖွင့်သံကလည်း နားမခံသာ စရာ။ သူမသည် ဘေကျင်းသို့ရောက်လာပြီး အီလက်ထရောနစ် ဆိုင်လေးတစ်ဆိုင် ဖွင့်ထားသည်။ သူမသမီးကို ဘေကျင်းမူလတန်းကျောင်း သို့ပို့ချိန်တွင် ကျောင်းက ဘဏ်ငွေစာရင်းထဲသို့ ဒေါ်လာ ၄၈၀၀ အတင်း ထည့်ခိုင်း သည်။ ဘဏ်သို့ ရင်နာနာနှင့် သွားပြီး ငွေထည့်ချိန်တွင် ဒေသဆိုင်ရာ ပညာရေးကော်မတီက တရားဝင်ထုတ် ပြန်ထားသည့် ကျောင်းသားစာရင်းနှင့် ထိုကျောင်းသားများအတွက် မိဘများ ဘဏ်သို့ လာသွင်းကြရသည့် ငွေစာရင်းကို တွေ့လိုက်ရသောအခါ ဇောင်ဟွားတစ်ယောက် မူးမေ့လုနီးပါး ဖြစ်သွားခဲ့ရသည်။ ဘဏ်သို့ ငွေသွင်းပြီး ပြန်လာချိန် ကျောင်းသို့ ပြန် အရောက်တွင် ကျောင်းအာဏာပိုင် များက သူမကို ထိုငွေပမာဏအား “လှူဒါန်းပါသည်” ဆိုပြီး အတင်း လက်မှတ် ထိုးခိုင်းသည်။

“ဒီလုပ်ရပ်က တရားမ၀င်မှန်း ကျွန်မလည်း သိပါတယ်။ ဒါပေမယ့် ရှင်တို့ မပေးရင်၊ ရှင့်ကလေးတွေအတွက် တက်စရာ ကျောင်းမရှိဘူး” ဟု ၀မ်းနည်းစွာပြောရှာသည်။

တရုတ်ပြည်တွင် လာဘ်ပေး လာဘ်ယူမှုများ ထူပြောလာသည်နှင့်အမျှ ကွန်မြူနစ်ပါတီ ၏ ခေါင်းဆောင်သစ် ဖြစ်လာသူ ရှီ ကျင်ပင်း ကိုယ်တိုင်က ယခုလတွင် ပေါ်လစ်ဗြူရိုအဖွဲ့အား သတိပေးလာရသည် အထိ ဖြစ်လာ သည်။ အကယ်၍ စစ်ဆေးအရေးယူမှုများ မပြုလုပ်လျှင် ကွန်မြူနစ်ပါတီကြီး တစ်ခုလုံး ပျက်စီးသွားလိမ့်မည်ဟု သူကဆိုသည်။ တရုတ်ပြည်တွင် သာမန်ပြည်သူ တစ်ယောက်အနေဖြင့် အကျင့်ပျက် လာဘ်စားရန် မဖြစ်နိုင် သလို နိုင်ငံရေးနှင့် စီးပွားရေး တို့တွင်လည်း ပြဿနာရှာရန် မ၀ံ့မရဲဖြစ်ကြသည်ကများသည်။

သို့သော် ပညာရေးအပိုင်းတွင် ဆရာနှင့် ကျောင်းအုပ်ချုပ်ရေး အပိုင်းတို့ ပူးပေါင်းပျက်စီးလာခြင်းက စိတ်ပျက် စရာကောင်းလာသည့် အနေအထားဖြစ်သည်။ ဤအကြောင်းနှင့် ပတ်သက်ပြီး ဘေကျင်းမှ ပညာရေး အတိုင်ပင်ခံ တစ်ဦးဖြစ်သူ လီမော်ဆိုသူက

“ဆရာလောကမှာ ဒီလိုအကျင့်ပျက်တာတွေ ဖြစ်လာတာကတော့ စိတ်ပျက်စရာပဲဗျ။ ကျွန်တော်တို့က ဆရာ တွေကို မျှော်လင့်ထားတာ အကြီးကြီးတွေ။ ခု သူတို့လုပ်နေတာက…” ဟု စိတ်ပျက်စွာ ပြောရှာသည်။

အမေရိကန်ပြည်ထောင်စုတွင် ချမ်းသာသည့် မိသားစုများသည် မိမိတို့ သားသမီးများ ပညာရေးအတွက် သောကပွားကာ ကျောင်းကောင်းကောင်းတွင် ထားခြင်း၊ ကျူရှင်ထားခြင်း၊ စာမေးပွဲအတွက် ပြင်ဆင်သည့် အကြို စမ်းသပ် စစ်ဆေးမှုများကို ငွေကုန်ကြေးကျ ခံကာ ပြုလုပ်ခြင်းများ သည် မိမိတို့ သားသမီး အဆင့် (အမှတ်) နိမ့်မည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။

သို့သော် တရုတ်ပြည် ပညာရေးစနစ်တွင် နိုင်ငံတော်က ချမှတ်ပေးထားသည့် ပညာရေးလမ်းစဉ်အတိုင်း သွားနေသော်လည်း တစ်နည်းအားဖြင့် ပြောရလျှင် ကွန်မြူနစ် လမ်းစဉ်ဖြင့် လူတော် လူကောင်းမွေးထုတ်ရေး များကို ဆက်လက် လုပ်ဆောင်နေဆဲဖြစ်သော်လည်း လာဘ်ပေး လဘ်ယူမှုများနှင့် ခရိုနီတွေကောင်းစား၊ သူတို့သားသမီးများ မျက်နှာသာရမှုများ ရှိနေဆဲဖြစ်ကြောင်းတွေ့ရသည်။ သို့ဖြစ်ရာ ငွေကြေး တတ်နိုင်သူနှင့် မတတ်နိုင်သူများကြားတွင် ပညာတတ် သားသမီးများ မွေးထုတ်နိုင်ရေး သည် ကွာဟချက် များလွန်းနေသည်ဟု ဆိုသည်။ ထို့ကြောင့် မစ္စတာလီက

“အကျင့်ပျက်ခြစားမှုတွေ၊ လာဘ်ပေး လာဘ်ယူမှုတွေက နေရာအနှံ့ရှိနေတယ်။ ပညာရေးလောကမှာတောင် မကျန်တော့ဘူး” ဟုထောက်ပြဝေဖန်သွားသည်။

တရုတ်လူ့ဘောင်တွင် သားသမီးများကို ကျောင်းထားမည့် ပထမဆုံးအချိန်မှာပင် သောကတွေ များနေကြရ သည်။ မိမိတို့ကလေးများ ကျောင်းကောင်းကောင်းတွင် ၀င်ခွင့်ရနိုင်စေရေးအတွက် ကျောင်းဝင်ခွင့်တွေကို နည်း၏အမျိုးမျိုးဖြင့် ကြိုးစားကြရသည်။ အဆက်အသွယ် ဘယ်လောက်ကောင်းကောင်းရှိသလဲ၊ ဘယ်အာဏာပိုင်နဲ့ သိသလဲဆိုခြင်းက ကျောင်းအပ်ရာတွင် ပိုပြီးအခွင့်အလမ်းများနိုင်သည်။

နွေဦးရာသီရောက်တိုင်း နာမည်ကြီးတက္ကသိုလ်ကျောင်းကြီးများနှင့် ချိတ်ဆက်ထားသည့် မူလတန်း ကျောင်းများတွင် ၀င်ခွင့်ရရေးကို မိဘတွေ စတင်ကြိုးပမ်းကြရသည်။ ထိုကျောင်းတွင် တက္ကသိုလ်က ဆရာတွေ လာသင်ကြပြီး၊ အောင်လျှင်လည်း ထိုတက္ကသိုလ်သို့ရောက်ရန်များသဖြင့် မိဘတွေ အသည်းအသန် ဖြစ်နေကြရသည်။ ဥပမာ ဘေကျင်းရှိ ဆင်းဟွာတက္ကသိုလ်မှ ဖွင့်ထားသော CCK (Clean China Kindergarten) မူလတန်းကျောင်း မျိုးဖြစ်သည်။ ထိုကျောင်းဝင်ခွင့်အတွက် ပေါက်ဈေးမှာ ဒေါ်လာ ၂၄၀၀၀ ခန့်ရှိသည်။ ၀င်ခွင့်လျှောက်လွှာများကို စိစစ်ရွေးချယ်သူက ဆင်ဟွာ တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သည်။

မိဘများသည် မိမိသားသမီး ကျောင်းဝင်ခွင့်ရရေးအတွက် ၀င်ခွင့်လက်ခံရန် မည်သူမျှ တိုက်ရိုက် လာဘ်ပေး၍ မရပေ။ “အဆင့်တွေများတော့ ငွေပိုကုန်တာပေါ့” တက္ကသိုလ် ၀န်ထမ်းတစ်ဦးက ထောက်ပြသည်။ ကျောင်းဝင်ခွင့် လျှောက်လွှာကိုပင် သူ့ထုံးစံအတိုင်း အဆင့်ဆင့်ရောက်မလာလျှင် ပယ်ချခြင်း ခံရနိုင်သည်ဟု ဆိုသည်။

ကျောင်းဝင်ခွင့်သည် တက္ကသိုလ်ဝင်တန်းနှင့် နီးလာလေ ကြေးပိုကြီးလာလေဖြစ်သည်။ ယခုဆိုလျှင် နာမည်ကြီး တက္ကသိုလ် တစ်ခုဖြစ်သည့် ရန်မင်းတက္ကသိုလ်ဝင်ခွင့်သည် ဒေါ်လာ ၈၀၀၀၀ မှ ဒေါ်လာ ၁၃၀၀၀၀ အတွင်းဖြစ်သွားပြီဟု မီဒီယာတစ်ခုတွင် တွေ့လိုက်ရသည်။

အစိုးရတာဝန်ရှိသူများကိုယ်တိုင် ထိုစနစ်ကို ဂိမ်းတစ်ခုကဲ့သို့သဘောထားကာ ကစားနေကြသည်။ နိုင်ငံပိုင် သတင်းစာကြီးတစ်စောင်ဖြစ်သည့် ၂၁ ရာစုစီးပွားရေးသံတော်ဆင့်တွင် နိုင်ငံအတွင်းရှိ စီးပွားရေး ကုမ္ပဏီကြီး များနှင့် နိုင်ငံတော်မှ ပိုင်ဆိုင်သည့် လုပ်ငန်းကြီးများသည် ထိပ်တန်းကျောင်းကြီးများသို့  “ဖွံ့ဖြိုးရေးပူးပေါင်း ဆောင်ရွက်ချက်” ဆိုသည့် အစီအစဉ်ဖြင့် ငွေများ မကြာခဏ လှူဒါန်းနေကြရသည်ဟု သိရသည်။ ထိုသို့ ပူးပေါင်းသည့် အကျိုးဆက်မှာ ထိုကုမ္ပဏီများမှ ၀န်ထမ်းများ၏ သားသမီးများသည် ကျောင်းကောင်းကောင်း တွင် တက်ခွင့်ရခြင်းဖြစ်သည်။

အလားတူ ပုဂ္ဂလိက ကုမ္ပဏီများအနေဖြင့် “ပူးပေါင်းဆောင်ရွက် အထောက်အပံ့” ပေးခြင်းဖြင့် ကျောင်းကောင်းကောင်း တွင် သားသမီးများကို ထားနိုင်မည်ဆိုခြင်းက မက်လုံး တစ်ခုလိုဖြစ်နေစေသည်။

တရုတ်ပြည်တွင် အလယ်တန်း ပညာရေးသည် အခမဲ့ဖြစ်သည်။ သို့သော် သတ်မှတ်ထားတာက တစ်ခြား၊ ကုန်ကျမှုတွေက များနေသေးသည့် အပိုင်းတွေ ရှိနေဆဲဖြစ်သည်။ မိမိတို့ သားသမီးတစ်ယောက် အရွယ်ရောက် လူလားမြောက်လာလျှင် ပညာရွှေအိုးနောက်သို့ ငွေအိုးထမ်းကာ စတင်လိုက်ကြရပြီဖြစ်သည်။ ပေးနိုင်သူ ကျောင်းကောင်းကောင်း တက်ရသဖြင့်၊ အခမဲ့ဆိုသည်မှာ မပေးနိုင်သူများအတွက်တော့ ဟုတ်ကောင်း ဟုတ်နိုင်သည်။ ဥပမာ ပေးနိုင်လျှင် ကိုယ့်ရပ်ကွက်ဒေသမဟုတ်သည့်ကျောင်းသို့လည်း ကျော်ပြီးတက်နိုင် သည်။ မပေးနိုင်လျှင် ရပ်ကွက်ထဲကျောင်းမှလွဲပြီး တစ်လှမ်းမျှ ရွှေ့နိုင်ရန် လမ်းမမြင်ပေ။

ကျောင်းကောင်းသို့ဝင်ချင်လျှင် ပိုက်ဆံကောင်းကောင်းပေးရသဖြင့် နယ်များမှတက်လာပြီး ကြုံရာကျပမ်း လုပ်နေကြရသည့် မိဘများမှာ သောကပွေကြရသည်။ ထို့ကြောင့် ကျောင်းကောင်းကောင်းရှိသည့် ရပ်ကွက်တွင်ပင် မနေ၀ံ့အောင် ဖြစ်ပြီး မြို့စွန်ရပ်ဖျား အလကားကျောင်း ရပ်ကွက်များသို့ ပြောင်းရွှေ့ နေကြရသည်အထိဖြစ်လာသည်။ ပညာရေးဝန်ကြီးနှင့် နိုင်ငံတော်ကောင်စီ၊ တစ်နည်းအားဖြင့် တရုတ်လွှတ်တော်က “ကျောင်းရွေးချယ်ခွင့်” ကိုကန့်သတ်ပိတ်ပင်ထားသည်။ ၂၀၀၅ ခုနှစ်ကတည်းက စည်းကမ်းမလိုက်နာလျှင် ဒဏ်ငွေရိုက်မည်ဟု ဆိုထားသည်။ သို့သော်ကျောင်း အာဏာပိုင်များနှင့် အစိုးရ ဌာနများက ပညာပြကြသဖြင့် ငွေပေးလျှင် ကျောင်းတွေ၊ ရပ်ကွက်တွေ အမျိုးမျိုးပြောင်း၍ ရနေသည်။

နာမည်ကျော် အထက်တန်းကျောင်းကြီး တစ်ကျောင်းတွင် ကျောင်းဝင်ခွင့်ကို စစ်ဆေးပြီးမှ အမှတ်ဖြင့် လက်ခံသည်။ သို့သော် အမှတ်ဆိုသည်မှာ ငွေပေးသလောက် ရနိုင်သည်။ နာမည်ကျော် ဘေကျင်းရှိ အထက်တန်းကျောင်း တစ်ကျောင်းတွင် ကျောင်းသို့ ဒေါ်လာ ၄၈၀၀ ခန့်ပေးလိုက်လျှင် ၀င်ခွင့်အလိုလို အောင်သွားသည်။ အသက် ၁၅ နှစ်အရွယ် အထက်တန်းကျောင်းသား တစ်ယောက်ဖြစ်သူ ပေါ်လီ ၀မ်းက “ကျွန်မတို့အတန်းထဲကအားလုံး ဒီနည်းနဲ့ ၀င်လာခဲ့ကြ တာ” ဟုပြောရှာသည်။

ငွေရှိမှ ပညာရသလိုဖြစ်နေသဖြင့် ဆရာတွေကလည်း ပညာပြကြသည်။ လစာကိုအကြောင်းပြပြီး ကျူရှင်သင်ကြသည်။ ကျောင်းတွင်နည်းနည်း ဆရာစားချန်၊ ကျန်တာကို ကျူရှင်လာမှသင်နေကြကြောင်း ပညာရေးဆောင်းပါးများ ရေးနေသည့် မစ္စကျင်းက ထုတ်ဖော်ထားသည်။ မစ္စကျင်းက

“ဘာလုပ်လုပ် ပိုက်ဆံပေးနေရတာ ဘယ်မှာလဲ အခမဲ့ပညာရေး” ဟုဆိုထားသည်။ ကျူရှင်လာမထားသည့် ကျောင်းသားကို ပြဿနာရှာတတ်သည့်ဆရာတွေ တိုးပွားလာနေသဖြင့် မိဘတွေကလည်း ကျောင်းပြီးလျှင် နောက် ကျူရှင်သို့ ငွေထုပ်ပိုက်ပြီး ပြေးနေကြရပြန်သည်။

တရုတ်တွင် “ဆရာ့ကျေးဇူးနေ့” ဆိုသည့်နေ့ကို မိဘတွေကရောက်မှာ ကြောက်နေရသည်။ ထိုအချိန်မှာ စက်တင်ဘာလတွင်ဖြစ်သည်။ နိုင်ငံတော်မှ ပိတ်ရက်အဖြစ် သတ်မှတ်ပေးထားသည်။ ဆရာများကို ကျေးဇူးဆပ်ရသည် ထိုနေ့ထူး နေ့မြတ်တွင် ကျောင်းသားတိုင်း၊ ကျောင်းသားဟောင်းတိုင်း ဆရာများကို ကန်တော့လက်ဆောင်ပေးကြရသည်။ ရှေးခေတ်တစ်ချိန်က ထိုနေ့မျိုးတွင် ဆရာများကို ပန်းတစ်စည်း၊ သစ်သီးတစ်ခြင်းလောက်ဖြင့် ကန်တော့လျှင်ပြီးသည်။ ယခုခေတ်သစ်တွင် ဆရာတွေက ဒီဇိုင်းလှလှ လက်ပတ်နာရီ၊ ဈေးကြီးသည့် လဖက်ခြောက်၊ လက်ဆောင်ကတ်နှင့် ခရီးသွားခွင့်ကတ်များကို တပည့်များ၏ထံမှ ဗြောင်ကျကျ တောင်းကြသည်။ မွန်ဂိုးလီးယား အတွင်းပိုင်းရှိ ကျောင်းများမှ ဆရာများသို့ မိဘများသည် ဘဏ်သို့ငွေထည့်ပေးထားသည့် ဘဏ်စာအုပ်များကို ကန်တော့နေကြရကြောင်း ကြားရသည်။

အသက် ၁၀ နှစ်သမီးလေး၏ မိခင်ဖြစ်သူ မစ္စစ် ဇောင်ဆိုသူက

“အတော်လေး ကြောက်စရာကောင်းပါတယ်။ အဲဒီ ကျေးဇူးဆပ်တဲ့ပွဲမှာ သူများတွေလို ပစ္စည်းကောင်းကောင်းနဲ့ မကန်တော့နိုင်လို့ကတော့ ရှင့်ကလေးကို လှည့်တောင်ကြည့်တော့မှာ မဟုတ်ဘူး” ဟုဆိုသည်။

ဆင်းရဲသည့်ကလေးများသည်ပင် ထိုကျေးဇူးဆပ်ပွဲကို ရှိတာလေးတွေနှင့် တက်ရောက် ကန်တော့ကြရသည်။ အသက် ၃၃ နှစ်အရွယ် ဘိုဟောင်းဆိုသူက အသက် ၇ နှစ်အရွယ် သူ့သမီးလေးအတွက် လက်ဆောင်ပစ္စည်း မပေးနိုင်သဖြင့် လက်ချည်းသက်သက် သွားကန်တော့တောင်းပန်ရာတွင် ဆရာများ၏ ပက်ပက်စက်စက် အပြောခံလိုက်ရသည်ဟုဆိုသည်။

“မနှစ်က ကျွန်မသမီးလေးကို ရက်ရက်စက်ရိုက်ပြီး ငတုံးမလို့လည်း ကလေးတွေ အများကြီးရှေ့မှာ ခေါ်ပါတယ်” ဟု ဘိုဟောင်းက မျက်ရည်စက်လက်ဖြင့် ပြောပြရှာသည်။

ယခုနှစ် နွေဦးတွင် ဘိုဟောင်း၏သမီးကို အတန်းလည်းမတင်ပေး၊ အိမ်ကိုလည်း ဘာအကြောင်းမှမပြန် ဒီအတိုင်း ပစ်ထားလိုက်ကြောင်း သိရသည်။

“ကျွန်မသမီးလေးကို သူတို့က ခွဲခြားပြီးဆက်ဆံကြတယ်။ ကျွန်မက ပိုက်ဆံမှ မတတ်နိုင်တာပဲ” ဟုရင်နင့်စွာပြောပြသည်။ သူမထိုသို့ပြောနေချိန် သူမဘေးတွင် လမ်းသန့်ရှင်းရေးဝန်ထမ်းလုပ်သည့် သူ့ခင်ပွန်းက အဝေးကိုငေးကြည့်နေသည်။

ပညာရေးတွင် မိမိတို့ သားသမီးကို ကျောင်းအမျိုးမျိုး၊ ဆရာအဖုံဖုံက ပညာပြမည်ကို မိဘတွေ သောကရောက်နေကြရသည်။ ထို့ကြောင့် အနည်းငယ်တတ်နိုင်သည့် မိဘတစ်ဦးက သူ့သားကို နိုင်ငံရပ်ခြားသို့ပို့ပြီး ကျောင်းထားရန် ဆုံးဖြတ်လိုက်သည်ဟုဆိုသည်။ မကြာမီ အိုင်အိုဝါသို့ သားသမီးများကိုခေါ်ပြီး အလုပ်ပါပြောင်းတော့မည်ဟု အသက် ၃၃ နှစ်အရွယ်ရှိ အရက်ဆိုင်ပိုင်ရှင် ၀မ်ပင်းကပြောသည်။

“တရုတ်ပညာရေးစနစ်က တရားမျှတမှုမရှိပါဘူး။ ဟိုး ငယ်ငယ်လေးကတည်းက ကလေးတွေစိတ်မှာ ခံစားချက်တွေ အများကြီးဖြစ်သွားနိုင်တယ်။ ကျွန်မသားကို ဒီလိုမျိုးကြားထဲမှာ မထားနိုင်ဘူး” ဟုဆိုသည့် ၀မ်ပင်း၏ဆုံးဖြတ်ချက်ကို မှားသည်ဟုဆိုနိုင်မည်လော။

A Chinese Education, for a Price
By DAN LEVIN


No comments:

Related Posts Plugin for WordPress, Blogger...