လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ကျန်းမာရေး နဲ. ယုံတမ်းစကား (၉)မျိုး

၁။ ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတချို့ဟာ လူကို ဝစေနိုင်တယ်

ငှက်ပျောသီးဟာ အဆီဓာတ်များတဲ့အတွက် ဝစေနိုင်တယ်လို့ လူတော်တော်များများက ထင်ထားကြပါတယ်။ တကယ်တော့မဟုတ်ပါဘူး။ ငှက်ပျောသီးမှာ အဆီဓာတ် တစ်ဂရမ်ဝက်လောက်ပဲပါရှိပြီး တခြားဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံအများစုဟာ အဆီဓာတ် အင်မတန်နည်းပါး တဲ့အတွက် ကျန်းမာရေးအတွက် အလွန်ကောင်းမွန်ပါတယ်။ ထောပတ်သီးကတော့ ခြွင်းချက်ပါ။ ထောပတ်သီးမှာ ကယ်လိုရီ ၃၀၀ ပါရှိပြီး အဆီဓာတ် ၃၀ ဂရမ်နီးပါးပါရှိတယ်။ ဒါပေမဲ့ ဒီအဆီဓာတ်ဟာ ကောင်းမွန်တဲ့ အဆီဓာတ်ဖြစ်တဲ့ အတွက်ရှောင်ဖို့မလိုပါဘူး။

၂။ လက်ဆစ်ချိုးခြင်းဟာ အဆစ်ရောင်ရမ်းနာ ဖြစ်စေနိုင်တယ်

လက်အဆစ်ချိုးခြင်းဟာ စိတ်အနှာက်အယှက်ဖြစ်စေရုံမျှမက လက်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ ဒါပေမဲ့ အဆစ်ရောင်ရမ်းနာ (arthritis) ကိုတော့ မဖြစ်စေနိုင်ပါဘူး။ လေ့လာချက်တွေအရ လက်ဆစ်ချိုးလေ့ရှိသူတွေဟာ မရှိသူတွေထက်စာရင် အဆစ်ရောင်ရမ်းနာ ပိုဖြစ်တာကိုမတွေ့ရပါဘူး။ ဒါပေမဲ့ လက်ဆစ်ချိုးခြင်းဟာ လက်တွေကို ရောင်စေနိုင်သလို လက်ရဲ့ ဆုပ်ကိုင်မှုအားကိုလည်း လျော့နည်းစေနိုင်ပါတယ်။

၃။ မျိုချမိတဲ့ပီကေ အစာကျေဖို့ ခုနစ်နှစ်တောင်ကြာတယ်
ဒါဟာလည်း ယုံတမ်းစကား သက်သက်ပါပဲ။ ပီကေကို ယောင်ပြီးမျိုချမိတဲ့အခါ အဲဒီပီကေကို အစာချေဖျက်ဖို့ ခုနစ်နှစ်မကြာပါဘူး။ သေးငယ်တဲ့ အရာတစ်ခုစာ သင့် အစာခြေလမ်းကြောင်းတစ်လျှေက် တရွေ့ရွ့နဲ့ ပုံမှန်သွားနေမှာပါ။

၎။ မျက်နှာမသစ်ခြင်းနဲ့ အစာတချို့ စားသုံးခြင်းဟာ ဝက်ခြံပေါက်စေနိုင်ပါတယ်

သင်ဘာစားသလဲ၊ မျက်နှာကို ဘယ်လောက်ကြာမှ တစ်ခါ သစ်သလဲဆိုတာနဲ့ မျက်နှာပေါ်မှာ အဖုအပိမ့်နဲ့ ဝက်ခြံတွေပေါက်တာ ဆိုင်တယ်လို့ အများစုက ထင်ထားကြပါတယ်။ တကယ်တော့ ဝက်ခြံဟာ ဟော်မုန်းထွက်ရှိမှုနဲ့ အဆီဂလင်းတွေပေါ် ဟော်မုန်းတွေရဲ့ အကျိုးသက်ရောက်မှုပေါ်မူတည်ပြီး ထွက်ရှိတာပါ။ လူပျိုဖော်၊ အပျိုဖော်ဝင်စအရွယ်မှာ ဒီဖြစ်စဉ်ဟာ မြင့်တတ်တဲ့အတွက် ဆယ်ကျော်သက်ကောင်လေး၊ ကောင်မလေးတွေမှာ ဝက်ခြံတွေ အထွက်များတာဖြစ်ပါတယ်။ စားတဲ့အစာနဲ့ ဝက်ခြံထွက်ရှိမှု ဘာမှသိပ်မဆိုင်ဘူးဆိုပေမဲ့ တချို့ အစာတွေကြောင့် သင့်မှာ ဝက်ခြံထွက်တယ်လို့ ယူဆပါက အဲဒီအစာတွေကို ရှောင်ရှားခြင်းဖြင့် အန္တရာယ်မရှိနိုင်တဲ့အတွက် ရှောင်လိုကရှောင်နိုင်ပါတယ်။ မျက်နှာအသစ်နည်းခြင်းကြောင့် ဝက်ခြံထွက်ရှိတာ မဟုတ်တဲ့ အပြင် မျက်နှာ မကြာခဏသစ်လွန်းနေရင်တောင် ဝက်ခြံပိုထွက်လာနိုင်ပါသေးတယ်။ ဘာကြောင့်လဲဆိုတော့ မျက်နှာသစ်လိုက်တဲ့အခါ ပြောင်ရှင်းသွားကာ မျက်နှာပေါ်ရှိ သဘာဝအဆီတွေကို အစားထိုးဖို့အတွက် ခန္ဓာကိုယ်မှ အဆီပိုထုတ်ရတဲ့အတွက် ဖြစ်ပါတယ်။

၅။ နှာချေလိုက်တဲ့အခါ နှလုံးခုန်ရပ်သွားတတ်တယ်

နောက်ထပ် ကြားဖူးနားဝရှိတာကတော့ နှာချေလိုက်တဲ့အခါ နှလုံးအခုန် တစ်ချက်ရပ်သွားတယ် ဆိုတာပါဘဲ။ ဒါလည်းအဓိပ္ပါယ်မရှိပါဘူး။ နှာချေလိုက်တဲ့အခါ ရင်ခေါင်းထဲဖြစ်ပေါ်လာတဲ့ ဖိအားဟာ အသက်ရှုသွင်းစဉ် မြင့်တတ်သွားကာ အသက်ရှုထုတ်စဉ် လျော့နည်းသွားတဲ့အတွက် နှလုံးခုန်နှုန်း အနည်းငယ် ပြောင်းသွားပေမဲ့ လုံးဝနှလုံးခုန် ရပ်သွားတာတော့ မဟုတ်ပါဘူး။

၆။ ကြို့ထိုးတာ ပျောက်အောင်ကုသနိုင်တယ်

ဘာကြောင့် ကြို့ထိုးသလဲဆိုတာ ဘယ်သူမှ သေချာမသိပေမဲ့ တချို့ အစားအသောက်နဲ့ ပြုမူလုပ်ဆောင်ချက်တွေဟာ ကြို့ထိုးခြင်းကို ဖြစ်စေနိုင်ပါတယ်။ ကြို့ထိုးတဲ့အခါ ရင်ခေါင်းနဲ့ဝမ်းဗိုက်ကို ခြားထားတဲ့ ကန့်လန့်ကာကြွက်သားတွေဟာ အလိုလိုနေရင်း ရုတ်တရက် ကျုံ့ကျုံ့သွားတတ်ပါတယ်။ လူအများစုဟာ ကြို့ထိုးပျောက်အောင် နှာခေါင်းပိတ်ကာ ရေမော့သောက်ခြင်း၊ ကြောက်လန့်အောင် ခြောက်လန့်ခြင်းစတဲ့ နှစ်သက်ရာနည်းလမ်းတွေကို အသုံးပြုတတ်ကြပေမဲ့ တကယ်တမ်းကျတော့ ကြို့ထိုးခြင်းကို အရှင်းပျောက်အောင် ကုသနိုင်တဲ့နည်း မရှိသေးပါဘူး။ နာရီနဲ့ ချိန်ပြီးကြာတဲ့ ကာလရှည်ကြို့ထိုးခြင်းအတွက် ဆေးတွေရှိပေမဲ့ အကျိုးအာနိသင်စွမ်း မစွမ်းငြင်းခုံနေကြဆဲပါပဲ။ ပုံမှန်ကြို့ထိုးခြင်းဟာ လုံးဝအန္တရာယ်မရှိတဲ့အပြင် အချိန်တန်ရင် အလိုလို ပျောက်သွားတတ်ပါတယ်။

၇။ ဦးနှောက်ရဲ့ ၁၀ ရာခိုင်နှုန်းကိုပဲ အသုံးပြုလေ့ရှိ

ဒီစကား ဘယ်ကနေပေါ်လာမှန်းမသိပေမဲ့ ကျွန်တော်တို့လူသားတွေဟာ တကယ်တော့ ဦးနှောက်ရဲ့ အစိတ်အပိုင်းအများစုကို အသုံးပြုလေ့ရှိပါတယ်။ လေ့လာချက်အရ အိပ်ပျော်နေစဉ်မှာတောင် ဦးနှောက်ရဲ့ ၆၀ ရာခိုင်နှုန်းကို အသုံးပြုနေတာ တွေ့ရပါတယ်။

၈။ မနက်စာမစားလို့ရတယ် မဟုတ်ပါဘူး။

မနက်စာဟာ တစ်နေ့တာအတွက် အရေးကြီးဆုံးအစာပါ။ လေ့လာချက်တွေအရ မနက်ပိုင်းမှာ အစာတစ်ခုခုစားခြင်းဖြင့် သွေးတွင်းသကြားဓာတ်ပမာဏကို ပုံမှန်ဖြစ်စေပြီး မနက်စာမစားပါက နွမ်းနယ်ခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းခြင်းတို့ ဖြစ်ပေါ်လာနိုင်ပါတယ်။ မနက်စာမစားခြင်းဖြင့် ဇိဝရုပ်ဖြစ်ပျက်မှုနှုန်းကိုလည်း နှေးကွေးစေကာ သရေစာတွေ စားချင်စိတ်ကို ပိုပြီးဖြစ်ပေါ်စေနိုင်ပါတယ်။

၉။ ဗိုက်ကိုကြည့်ပြီး ရင်သွေးလေးရဲ့ လိင်အမျိုးအစားခန့်မှန်းနိုင်

ကိုယ်ဝန်ဗိုက်ပေါ်ကို ဖောင်းပြီးချွန်ထွက်နေရင် မွေးလာမယ့်ရင်သွေးလေးက သားသားလေး၊ ဝမ်းဗိုက်ကလုံးနေရင် မီးမီးလေးလို့ ကိုယ်ဝန်ဆောင်စဉ် ဝမ်းဗိုက်အနေအထားကို ကြည့်ပြီး မွေးလာမယ့်ရင်သွေးလေးကို ခန့်မှန်းလေ့ရှိတတ်ကြပါတယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင် ဝမ်းဗိုက်ပုံစံနဲ့ ရင်သွေးရဲ့ လိင်အမျိုးအစား ဘယ်လိုမှ ဆက်စပ်မှုမရှိပါဘူး။ Ultrasound ရိုက်ကြည့်မှသာ သားသားလေးလား၊ မီးမီးလေးလားဆိုတာကို သိရှိနိုင်မှာပါ။
Ref: Good Health

1 comment:

Anonymous said...

it very good

Related Posts Plugin for WordPress, Blogger...