လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အင်္ဂါဂြိုဟ်ပေါ်တွင် တစ်ချိန်က စမ်းချောင်းငယ်ကို ရှာဖွေတွေ့ရှိ


အင်္ဂါဂြိုဟ်ပေါ်တွင် တစ်ချိန်က တသွင်သွင်စီးဆင်းခဲ့သော စမ်းချောင်းငယ်တစ်ခုကို အင်္ဂါဂြိုဟ် စူးစမ်းလေ့လာရေးယာဉ် Curiosity ကရှာဖွေတွေ့ရှိခဲ့ကြောင်း အမေရိကန် အာကာသအေဂျင်စီ နာဆာက ထုတ်ပြန်ကြေညာသည်။
တစ်ချိန်က အင်္ဂါဂြိုဟ်ပေါ်တွင် ရေရှိခဲ့ကြောင်း ယခင်ကတည်းက အထောက်အထားများတွေ့ရှိခဲ့ဖူး သော်လည်း ယခုကဲ့သို့ စမ်းချောင်းအောက်ခြေလမ်းကြောင်း ကျန်ရှိခဲ့မှုကို တွေ့ရှိမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်။
တွေ့ရှိခဲ့သော ကျောက်သား ဆန်မြေပြင်မှာ တစ်ဦးတစ်ယောက်က ဖောက်ထားသော လျောက်လမ်းငယ်ဟု ထင်ရသော်လည်း တစ်ကယ်တမ်းတွင် ရှေးခေတ်က စမ်းချောင်းကြမ်းပြင် ဖြစ်ကြောင်း နာဆာမှ ပညာရှင် ဂျွန်ဂရော့ဇင်းဂါးက ထုတ်ပြန်ခဲ့သည်။ယင်းကျောက်သားဆန်သော စမ်းချောင်းနေရာဟောင်းကို Hottah (ကနေဒါရှိကန်ကြီး၏ အမည်) ပေးခဲ့ပြီး အခြားတွေ့ရှိရသည့် စမ်းချောင်းဟောင်းတစ်ခုကို Link ဟုအမည်ပေးခဲ့သည်။
တွေ့ရှိခဲ့သည့် စမ်းချောင်းဟောင်းများ၏ ပုံသဏ္ဌာန်ကြောင့် ရေစီးမှုအမြန်နှုန်းနဲ့ စမ်းချောင်း၏ အနက်ကိုလည်း ခန့်မှန်းနိုင်ခဲ့ကြောင်း နာဆာက ထုတ်ပြန်ခဲ့သည်။
''ဒီပုံသဏ္ဌာန်ကပြောနိုင်တာက ဘယ်လိုစီးဆင်းတယ် ဆိုတာကိုပါပဲ။ လေတိုက်ခတ်မှုနဲ့ စီးဆင်းတာမဟုတ်နိုင်ပါဘူး''ဟု စူးစမ်းယာဉ်၏ သိပ္ပံဆိုင်ရာ ပူးတွဲစုံစမ်းရေးမှူး ရေဗက္ကာဝီလျံက ပြောကြားခဲ့သည်။
တစ်စက္ကန့်လျှင် သုံးပေအကွာဝေး အထိသာစီးဆင်းပြီး စမ်းချောင်း၏ အနက်မှာ ခြေကျင်းဝတ်မှခါးအထိ အချိန်ကာလကိုလိုက်၍ ပြောင်းလဲဖွယ်ရှိကြောင်း ပညာရှင်များက သုံးသပ်ခဲ့သည်။

Ref: Eleven

No comments:

Related Posts Plugin for WordPress, Blogger...