ဒီဆောင်းပါးလေးက မောက္ခပညာရေးဆိုက်မှာ ဖော်ပြထားတာပါ။ အပြင်လောက မှာလည်း တော်တော် များများ ကြုံတွေ့နေကျ for show ကိစ္စလေးတွေ ဖြစ်ပြီး ပြုပြင်သင့်တဲ့ အရာလေးမို့လို့ ပြန်လည်ဝေမျှလိုက်ပါတယ်။
မကြာသေးမီက ကမ္ဘာကျော် ဘီလျံနာသူဌေးကြီး ဘေလ်ဂိတ်စ်သည်
အနာဂတ် အိမ်သာပြိုင်ပွဲ တစ်ခုကို ငွေကုန် ကြေးကျများ ခံကာ
ကျင်းပပြုလုပ်ပေးလိုက်သည်။ ကမ္ဘာ့နိုင်ငံအသီးသီးမှ တက္ကသိုလ် ကျောင်းများကို
ဆင်းရဲသော နိုင်ငံများအတွက် အသင့်လျော်ဆုံးနှင့်
အကျိုးအရှိဆုံးအိမ်သာများဖြစ်ရေး ဒီဇိုင်းထုတ်ခိုင်းခြင်း ဖြစ်ပါသည်။
ကျောင်းသားများသည် အုပ်စုလိုက်ဝင်ပြိုင်ကြပြီး အနာဂတ်အိမ်သာကို
ပုံဖော်ပြကြသည်။
အနာဂတ်အိမ်သာသည် နေရောင်ခြည် ဆိုလာပြားအမိုးတွေနှင့် ဖြစ်သည်။
စွန့်ပစ်ပစ္စည်းများကို လောင်စာ၊ မြေဩဇာအဖြစ်ပြန် ထုတ်သုံးနိုင်ရန်
ရည်ရွယ်ကြသည်။ အိမ်သာဆိုသည်မှာ စိတ်ပျော်မွေ့စရာ ခေတ္တအနားယူ
အပန်းဖြေနိုင်သည့် နေရာတစ်နေရာဖြစ်အောင် ဖန်တီး ပြသူတွေလည်းရှိသည်။
ဆင်းရဲသောနိုင်ငံများတွင် အိမ်သာစနစ် ကောင်းမွန်စွာ
အသုံးမပြုနိုင်ခြင်းကြောင့် ရောဂါဘယထူပြောကာ မသေသင့်ဘဲ သေဆုံးနေကြရ
သည်ဟုမြင်ပြီး စရိတ်ကျဉ်း၊ အကျိုးရှိ၊ အသုံးတည့်အိမ်သာများကို
တည်ဆောက်နိုင်ရန် ကြိုးစားနေခြင်းဖြစ်ပါသည်။
ကျွန်တော်သည် မကြာမီက နယ်မှ သူငယ်ချင်းတစ်ယောက်၏ ကျောင်းသို့
အလည်ရောက်ခဲ့ပါသည်။ ကားပေါ်မှ ဆင်းဆင်းချင်း တစ်လမ်းလုံး
အောင့်အည်း သီးခံနေရသော ဆီးသွားချင်သည့် ဝေဒနာကို ဖြေရှင်းချင်သဖြင့်
ကျောင်းရုံးခန်းသို့ မတက်မီ အိမ်သာဆီသို့ပြေး ခဲ့ရပါသည်။ ကျောင်းအိမ်သာတွင်
ဆရာများသာဆိုသည့် အိမ်သာ ကြီး ၄ ခန်းတွဲလုံးကို သော့တွေ ခတ်ထားသဖြင့်၊
ကျောင်းသားများ ဆီးသွားရန် ပြုလုပ်ထားသော သေးပေါက်ခန်းသို့
ဝင်လိုက်မိပါသည်။
ကျွန်တော့်နှာခေါင်းထဲသို့ ဆိုးရွားလှသည့် အနံ့အသက်တစ်ခုက
ပြေးဝင်ဆောင့်တော့သည်။ မူးမေ့လုမတတ် နံလှပါသည်။ သေးစီးဆင်းရာမြောင်းထဲတွင်
စက္ကူစတွေက ပြည့်ပိတ်နေသည်။ နီကျင်ကျင် ဆီးအိုင်ကြီးတွေက မြောင်းထဲတွင်
ဟိုတစ်အိုင် သည်တစ်အိုင် ပုပ်အက် နံဟောင်နေသည်။ ကျွန်တော် အသက်အောင့်ပြီး
ကိစ္စပြီး လိုက်ရသည်။
ကြုံတုန်း ကျွန်တော် ကျောင်းသား ကျောင်းသူတွေ အိမ်သာဘက်ကို
လျှောက်ကြည့် မိသည်။ ကျောင်းပိတ်ရက် ဖြစ်သဖြင့် ကျောင်း သားတွေ မရှိ။
တံခါးတွေက ပျက်သည့် အခန်းတွေ ပျက်နေသည်။ မည်သို့မျှ ကျောင်းသား တွေ
ဝင်ထိုင်ပြီး ကိစ္စမပြီးနိုင်။ အိမ်သာ ခွက်တွေက
ပလပ်စတစ် အဖြူရောင်ဟု ဆိုသော်လည်း အရောင်အဆင်း ပျောက်နေပြီ။ အိမ်သာကန်တွင်
ရေမရှိ။ ကျောင်းသားအိမ်သာ များ အတွင်းတွင်လည်း ရေခွက်၊ ရေပုံးမရှိ။
ရေဆင်း အပေါက်တွေ ပိတ်ဆို့ပြီး မည်သို့မျှ အိမ်သာသွားနိုင်စရာ
အကြောင်းမမြင်။ အနံ့ အသက်တွေကလည်း ပြောမကောင်းလောက်အောင် နံဟောင်နေ သည်။
ထိုအရာကို ကျောင်းအိမ်သာဟု ခေါ်ပါသည်။
ကျွန်တော်က သူငယ်ချင်း ကျောင်းအုပ်ဆရာကြီး ရုံးခန်းသို့ ရောက်သောအခါ
ကျောင်းရှိ အိမ်သာများအကြောင်း ပြောပြသည်။ သူက သူ့ရုံးခန်းကို
တက်လာရင် ပြီးရောဆိုပြီး အပြစ်တင်သည်။ သူ့ရုံးခန်းတွင်လည်း အိမ်သာ
သီးသန့်ရှိသည်။ ကျောင်းအုပ်ဆရာကြီး သီးသန့်သုံးရန် ဘိုထိုင်၊
ကြွေပြားကပ်တွေနှင့်ဖြစ်ပြီး အနံ့ကလည်း မွှေးကြိုင် သင်းပျံ့နေသည်။
ကိုယ့်အတွက် ကိုယ်ကောင်းအောင် လုပ်ထားပြီး ကျောင်းသားတွေ အတွက်
ပစ်စလက်ခတ်ထားရက်သော သူငယ်ချင်းကျောင်းအုပ်အပေါ် အတော်လေး အထင်သေးသွားမိသည်။
အိမ်သာပြဿနာကို ကျွန်တော် လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကလည်း
ထူးဆန်းစွာဖြင့် အတွေ့အကြုံတစ်ခု ရှိခဲ့ဖူးသည်။ ကျွန်တော်က
ထိုစဉ်အချိန်တွင် မာလ်တီမီဒီယာ စာသင်ခန်းများအတွက် လိုအပ်သည့်
ကွန်ပျူတာများ လိုက်လံဆင်ပေးခြင်း၊ ကျောင်းသား ကျောင်းသူများကို အမှန်တကယ်
ကွန်ပျူတာ မတတ်သော်လည်း ဌာနဆိုင်ရာ မှတာဝန်ပေးချက်အရ တစ်နေ့ တစ်ညလောက်နှင့်
ကွန်ပျူတာ ဖွင့်တတ်၊ ပိတ်တတ်၊ ပြတတ်စေရန် (တစ်နည်းအားဖြင့် လူကြီးမင်း
များလာကြည့်လျှင် အပြကောင်းစေရန် ရှေ့ပြေးအညာတပ်တွင် ပါဝင် ခဲ့ရသူဖြစ်သည်)။
တစ်နေ့တွင် မြို့နယ်ပညာရေးမှူးက ကျွန်တော့်ကို ရုံးသို့ဆင့် ခေါ်ပြီး
အမှတ် (--) အခြေခံပညာ အလယ်တန်း ကျောင်းသို့ ကွန်ပျူတာများ ယူသွားကာ
သွားတပ်ဆင်ပြီး ကလေးများကို သင်ကြားပေးရန် အမိန့်ပေးလာသည်။ ကျွန်တော်က
ထိုအချိန်တွင် အထက်တန်းကျောင်းကြီးတစ်ကျောင်းတွင် စာမသင်ရသော ကွန်ပျူတာဆရာ
ဘဝဖြင့် ကျင်လည်နေရသည်။ ထိုစဉ်က အလယ်တန်းကျောင်းများကို
မာလ်တီမီဒီယာ စာသင်ခန်းများ တပ်ဆင်ပေးရန် အစီအစဉ်မရှိသေးပေ။ မြို့ပေါ်ရှိ
အထက်တန်းကျောင်းများတွင်သာ မာလ်တီမီဒီယာ စာသင်ခန်းများဖွင့်လှစ်ရန်
ပြင်ဆင်နေကြသောကြောင့် အလယ်တန်းကျောင်းတွင် ကွန်ပျူတာတွေ သွားဆင်ပြီး
သင်ပေးရ မည်ဆိုသဖြင့် ထူးဆန်းနေသည်။
ကွန်ပျူတာသွားဆင်ပေးရသည် ဆိုသည့် အကြောင်းကို ရှင်းပြချင် ပါသည်။
တစ်မြို့လုံးတွင် စုစုပေါင်းလိုက်မှ Apple Macintosh ကွန်ပျူတာ ၁၀
လုံးလောက်ရှိမည် ထင်ပါသည်။ ထိုကွန်ပျူတာများသည် မာလ်တီမီဒီယာ
စာသင်ခန်းများဖွင့်မည့် ကျောင်းတိုင်းကို အလှည့်ကျ သွားရောက်
အသုံးတော်ခံရသည်။ ကွန်ပျူတာတတ်သော ကျွန်တော့်မှာလည်း ကွန်ပျူတာတွေ
ကားနှင့်တင်သွားပြီး ဇာတ်ဆရာလို ဇာတ်ဝင်တိုက်ပေးနေရသည်ကို သဘောမကျသော်လည်း
ဝန်ထမ်း ဖြစ်နေသောကြောင့် ခိုင်းတာ လုပ်နေခဲ့ရသည်။
မာလ်တီမီဒီယာ စာသင်ခန်းဖွင့်မည့် စာရင်းတွင် မပါသေးသည့်
အလယ်တန်းကျောင်းတစ်ကျောင်းကို မာလ်တီမီဒီယာပုံစံလုပ်နေ သဖြင့်
အံ့အားသင့်ပြီး စုံစမ်းကြည့်လိုက်မှ ထိုင်းနိုင်ငံ ဘုရင့်သမီးတော်
သီရိဒုံနှင့် အဖွဲ့ရောက်လာမည်။ ကျောင်းပတ်လည်ရှိ နာမည်ကျော်
တန်ခိုးကြီးဘုရားများကို လာဖူးမည်။ ကျောင်းသို့ ဝင်ကြည့်မည်ဖြစ်သဖြင့်
ပြင်ဆင်နေကြခြင်းဖြစ်ကြောင်း သိရသည်။
ကျွန်တော်က ကိုယ့်တာဝန်ကျရာ ကွန်ပျူတာခန်းတွင် ကလေးတွေနှင့်
အလုပ်ရှုပ်နေသလို၊ သီရိဒုံလာလျှင် ကွန်ပျူတာ ပရိုဂျက်တာဖြင့်
ညွှန်ကြားရေးမှူးချုပ်ကရှင်းပြလျှင် ကွန်ပျူတာမှ PowerPoint
ဖြင့်ပြနိုင်ရန်လည်း တာဝန်ယူထားရသေးသည်။ အခြား စိုက်ပျိုးရေး၊
အိမ်တွင်းလက်မှုလုပ်ငန်း၊ သိပ္ပံခန်း စသည်ဖြင့်လည်း ပြင်ဆင် နေကြ ရသေးသည်။
ကျွန်တော့်သူငယ်ချင်း စိုက်ပျိုးရေးတာဝန်ခံဆရာက စိတ်တွေတိုပြီး
အော်ဟစ်နေသံကို ကွန်ပျူတာခန်းမှ အတိုင်းသား ကြားနေရသည်။
ကျောင်းရှေ့စိုက်ခင်းကို မြက်တွေ ဦးစွာရှင်းရသည်။ မြောင်းဘောင်တွေ ဖော်ပြီး
မုန်လာ၊ ဆလပ်၊ မုံညင်းပင်တွေကို ဈေးမှ သွားဝယ်ကာ နေချင်းပြီး
အပင်ပေါက်စိုက်ပြရသည်။ ဘူးစင်ကိုလည်း လတ်တလော ဆောက်ကာ ဘူးညွန့်၊
ဘူးနွယ်တွေကို စင်ပေါ် တင်ရသည်။ ဘူးသီးကို ဈေးမှသွားဝယ်ပြီး စင်ပေါ် တွင်
သွပ်နန်းကြိုးနှင့် လူမမြင်နိုင်အောင်တွဲရသည်။
ဆောင်းဦးပေါက်ဖြစ်သော်လည်း နေရောင်ရှိနေသဖြင့် ယနေ့စိုက်သည့် အပင်တွေက
နွမ်းလျလျ ဖြစ်နေသည်။ သူက ထိုအဖြစ်ကို စိတ်တိုနေသည်။ ရေလောင်းစရာမှာလည်း
ကန်ကအဝေးကြီး သူကိုယ်တိုင် သွားထမ်းနေရ သဖြင့် အဆင်မပြေ။ နောက်ဆုံး
မီးသတ်တပ်ဖွဲ့ထံ အကူအညီတောင်းပြီး မီးသတ်ပိုက်ကြီးဖြင့် စိုက်ခင်းကို
ရေဖြန်း နေရသည်။
မနက်ဖြန် မင်းသမီး သီရိဒုံ ရောက်လာတော့မည်။ ထိုအချိန်တွင်
ရှေ့ပြေးအနေဖြင့် ဗိုလ်ချုပ်တစ်ဦးနှင့်အဖွဲ့ ရောက်လာကာ ဘာတွေ
လုပ်ဆောင်ထားသနည်းဆိုပြီး ကြိုတင်လာကြည့်သည်။ ထိုင်းဘုရင် သမီးတော် ဆိုသည့်
အရှိန်အဝါကလည်း ရှိနေသည်။ ပြဿနာတစ်ခုခု ဖြစ်မည်ကို စိုးရိမ်နေပုံလည်း ရသည်။
ဗိုလ်ချုပ်က ရှင်းလင်းဆောင်တွင် တာဝန်ရှိသူများကို
“ဒါနဲ့ နေစမ်းပါဦး။ ခင်ဗျားတို့ အိမ်သာကောင်းကောင်း ရှိသလား” ဟုမေးသည်။
ကျောင်းအုပ်ဆရာမကြီးက အဝေးမှ ဆရာအိမ်သာကို လက်ညှိုးထိုးပြသည်။
စစ်ဗိုလ်တစ်ယောက်က သွားကြည့်ပြီး ခေါင်းခါကာ ပြန်လာ သည်။
“မင်းသမီးက မင်္ဂလာဒုံလေဆိပ်ကနေ မိုင် ၅၀ ဝေးတဲ့နေရာကို
တောက်လျှောက်လာမှာ။ ဒီရောက်လို့ အိမ်သာ ဝင်ချင်ပါပြီတဲ့ ခင်ဗျားတို့
လေးတိုင်စင်အိမ်သာမှာ မင်းသမီးကို သွားခိုင်းရမှာလား။ ဘယ်မှာလဲ အင်ဂျင်နီယာ
ခေါ်စမ်း” ဟုဆိုကာ ခေါင်းချင်းရိုက်ကြတော့သည်။
ရှင်းလင်းဆောင်ဘေးတွင် ၁၀ ပတ်လည် အုတ်စီ၊ သွပ်မိုး၊ ကြွေ ပြားကပ်၊
ဘိုထိုင်အိမ်သာကြီးကို ချက်ချင်း တစ်ညလုံးဆောက်ကြသည်။ အင်္ဂတေတွေ
မခြောက်သည်ကိုပင် မီးတွေအပူပေးကြရသည်။ မနက်မိုးလင်းလျှင်
အိမ်သာအသင့်ဖြစ်သွားသည်။ အိမ်သာတစ်လုံး ကြေးက ကွန်ပျူတာ ၁၀
လုံးဖိုးလောက် ကုန်သွားသည်။
နောက်တစ်နေ့တွင် မင်းသမီး သီရိဒုံအလာကို ကြိုဆိုကြသည်။ မနက် ၁၀
နာရီခန့်တွင် မင်းသမီးနှင့်အဖွဲ့ ကားသုံးစီးဖြင့် ရောက်လာကြသည်။ ယမန်နေ့က
ရှေ့ပြေးအဖွဲ့မှ ဗိုလ်ချုပ်၏ ကြိုတင် မှန်းဆထားချက် အတိုင်း မင်းသမီးသည်
ကားပေါ်မှ ဆင်းဆင်းချင်း သူ့အတွင်းရေးမှူးလားမသိ အမျိုးသမီးကို
အနား ကပ်ပြောသည်။ ထို အမျိုးသမီးက ကျောင်းအုပ်ဆရာမကြီးကို ဘာသာပြန်မှတစ်ဆင့်
ကပ်ပြောသည်။ တွေးထင်ထားကြသည့် အတိုင်း မင်းသမီးကို အိမ်သာတော်ဆီသို့
ဦးစွာ ခေါ်သွားကြရသည်။ ကျွန်တော်ကတော့ မီးဖြင့် အခြောက်ခံ ထားသည့်
ဘိုထိုင်ကြီး မင်းသမီးဝိတ်ဖြင့် ဝုန်းခနဲအသံ မကြားရပါစေနှင့်ဟု
ဆုတောင်းနေမိသည်။
မင်းသမီးက ရှင်းလင်းဆောင်တွင် နားနေပြီး ရှင်းပြသည်များကို
စကားပြန်မှတစ်ဆင့် နားထောင်သည်။ ပြီးတော့ ကျောင်းကို လှည့်ကြည့်သည်။
မင်းသမီးကျောင်းပေါ်တက်ကြည့်နေစဉ်တွင် မင်းသမီး နှင့်ပါလာသည့် အဖွဲ့ဝင် ထဲမှ
သုံးဦးက စိုက်ခင်းဆီသို့သွားသည်။ လူကြီးတွေ မျက်လုံပြူးပြီး
တစ်ယောက်မျက်နှာ တစ်ယောက်ကြည့် ကြသည်။ တစ်ယောက်က ဘူးစင်သို့သွားပြီး
ဘူးသီးကို သေသေချာ ချာကိုင်ကြည့်သည်။ နောက်တစ်ယောက် က
စိုက်ခင်းသို့သွားပြီး မုန်လာပင်ကိုနုတ်ကြည့်သည်။ သူတို့အချင်းချင်း
ဘာတွေပြောကြသည် မသိ။ သဘော တွေကျပြီး ခေါင်းတွေညိမ့်ကြသည်။ မနက်ကတည်းက
ရေတစ်ကြိမ်ဖြန်းပြီး နေအပူဒဏ်ကြောင့် အပင်တွေက ဦးကျိုးနေကြသည်။
ကျွန်တော် အိမ်သာအကြောင်း ပြန်ဆက်ပါမည်။ မကြာမီက
ထိုင်းနိုင်ငံမှ ပြန်လာသော မောက္ခပညာရေးအဖွဲ့နှင့် ကျွန်တော် တွေ့ဆုံရသည်။
သူတို့က ထိုင်းနိုင်ငံကျောင်းများတွင် သန့်ရှင်းသော အိမ်သာ စနစ်၊ လမ်းဘေး
အများသူငါ အသုံးပြုရသော နေရာများတွင် သန့်ရှင်းသည့် အိမ်သာစနစ်တွေအကြောင်း
အားရပါးရ ပြောကြသည်။ ကျွန်တော် တောကျောင်းများတွင် နှစ်ပေါင်း ၁၀
နှစ်ကျော်ကျော် တာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်ပါသည်။ အိမ်သာမရှိ၊ ကျင်းပေါ်တွင်
ဝါးလုံး နှစ်တန်းပစ်ကာ တုတ်တံဖြင့် အသုံးပြုသောစနစ်၊ ချောက်ထဲ၊ ဝါးတောထဲ
ကျင်ကြီး ကျင်ငယ်စွန့်စေသည့်စနစ်များကို ကျွန်တော်တို့ ခေတ်က
ပြုပြင်ရန်မည်သို့မျှ မတတ်နိုင်ခဲ့ ပါ။ အိမ်သာဆိုသည်မှာ
ဘုန်းကြီးကျောင်းများတွင် ဆရာတော်အတွက် ဆောက်လုပ်လှူဒါန်း ရသည့် အဆောက်
အအုံဟု ခံယူထားပုံရသည်။ အိမ်ထောင်စု ၁၀ လုံးတွင်ပင် အိမ်သာတစ်လုံးမရှိသည့်
ခေတ်တွင် ကျွန်တော်တို့ ကျေးရွာ၌ အမှုထမ်းခဲ့ကြရသည်။
နောက်ပိုင်း ယင်လုံအိမ်သာစနစ်၊ ပလပ်စတစ်ခွက်စနစ်များဖြင့်
ကျေးရွာများတွင် ထွန်းကားလာရန် ကြံဆောင် ကြသည်ဆိုစေ၊ ရေအမြဲ ပြည့်ကာ
ပုပ်ဟောင်နေသော ကျင်းစနစ်ကြောင့် ယခင်ခြင်ကြားကြီးတွေ မရှိသော ရွာများတွင်
ထူးဆန်းစွာခြင်ကြားကြီးတွေ ရောက်လာသည်ကိုလည်း ရွာသားတွေပါးစပ်ဖြားတွင်
ပြောစမှတ် ဖြစ်ကြရသည်။ အိမ်တိုင်း၊ ကျောင်းတိုင်းတွင် ယင်လုံအိမ်သာများကို
အကောင်အထည်ဖော်ကြသည်မှန်စေ၊ ရေလောင်းအိမ်သာစနစ်သည် ရေပေါ များမှသာ
အဆင်ပြေနိုင်ပါသည်။ ကျောင်းတွင် သောက်သုံးရန် သောက်ရေတစ်အိုးကိုပင်
နာရီဝက်လောက် လျှောက်ရသော ရွာဦး ကျောင်းမှ သွားခပ်နေရသော ရွာကျောင်းရှိ
အိမ်သာအဖြေမှာ တုတ် မစင်များဖြင့်ပြည့်ပြီး အိမ်မသာနိုင်မှာကတော့ သေချာသည်။
ရုပ်မြင်သံကြား ပညာပေးအစီအစဉ်မှ “လက်ဆေးပြီးပြီလား”ဆိုသည့်
ဇာတ်လမ်းတိုလေးကို ကြိုက်ပါသည်။ သို့သော် လက်ဆေး စရာနေရာမရှိ၊ ရေမရှိ၊
ဆပ်ပြာမရှိသည့် ကျောင်းများ၊ ထိုသို့ လုပ်ဆောင်နိုင်ရန် ပါးစပ်က ပြောပြီး
လက်တွေ့မပါသည့် စေတနာများ၊ အိမ်သာကို အလေးထားရကောင်းမှန်း မသိသော
ပညာရေးဌာနမှ ပုဂ္ဂိုလ်များဖြင့် စံပြုလောက်သည့် ကျောင်းတစ်ကျောင်းကို
ထူထောင် နိုင်မည် မဟုတ်ပါ။ မြန်မာ့ပညာရေးတွင် ဘက်စုံပြုပြင်စရာတွေက
များလှ ပါသည်။ အထူးသဖြင့် အိမ်သာကို အလေးထားရကောင်းမှန်း မသိသော၊ အိမ်
သာမှထွက်လာလျှင် လက်ဆေးရမည်ကို လူကြီးလာမှ ဟန်ပြလုပ်တတ်သော၊ လက်ဆေးပွဲကို
အခမ်းအနား ဖြင့် တစ်ခမ်းတနားလုပ်ပြကာ တီဗွီထဲတွင် အရှက်မရှိ လက်ဆေးပြနေသော
လူကြီးများ၊ ကျောင်းအုပ်ကြီးများ ကို ကျောင်းအိမ်သာများတွင်
ရေ အလုံအလောက် ရအောင် လုပ်ပေးပြီးမှ လက်ဆေးပြကြပါ ဟု မေတ္တာရပ်ခံချင်ပါသည်။