လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေး ကလေးငယ်ဆုအား ဖိလစ်ပိုင် အိုးမဲ့အိမ်မဲ့ ကလေးငယ်တစ်ဦး ရရှိ



နယ်သာလန်နိုင်ငံတွင် ပေးအပ်ချီးမြင့်သည့် ဂုဏ်သိက္ခာကြီးမားသော နိုင်ငံတကာ ငြိမ်းချမ်းရေး ကလေးသူငယ်ဆုအား ဘ၀တူကလေးငယ်များ၏ အခွင့်အရေးအတွက် ကြိုးပမ်းအားထုတ်ပေးခဲ့သူ ဖိလစ်ပိုင်နိုင်ငံမှ အိုးမဲ့အိမ်မဲ့ ကလေးငယ်တစ်ဦးက ရရှိသွားခဲ့သည်။

အသက် ၁၃ နှစ်အရွယ် Cris Kesz Valdez ကို နိုင်ငံတကာ ကလေးသူငယ် ငြိမ်းချမ်းရေးဆုနှင့် ဆုကြေးငွေ ယူရိုတစ်သိန်း(အမေရိကန် ဒေါ်လာ ၁၆၀၀၀၀) အားသည်ဟိတ်ဂ်မြို့တွင်  စက်တင်ဘာလ ၁၉ ရက်နေ့က ပေးအပ်ခဲ့သည်။

နယ်သာလန်နိုင်ငံသို့ ကိုးရက်ကြာ လာရောက်နေသော ၁၉၈၄ ခုနှစ် နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒက်စမွန်တူးတူးက ပေးအပ်ခဲ့ခြင်းဖြစ်သည်။

Valdez သည် ယင်းငြိမ်းချမ်းရေးဆုအတွက် အိန္ဒိယမှ မိန်းကလေးငယ်တစ်ဦး၊ ဂါနာမှ မိန်းကလေးတစ်ဦးနှင့် နောက်ဆုံး ဆန်ခါတင်သုံးယောက်တွင် ရွေးချယ်ခံခဲ့ရခြင်းဖြစ်သည်။ Valdez သည် နေထိုင်ရာ Cavite မြို့တစ်ဝိုက်ရှိ လိုအပ်ချက်ရှိသော ကလေးများအား လက်ဆောင်ပါဆယ်ထုတ်များ ပေးအပ်ရန် ရန်ပုံငွေရှာဖွေကာ Championing Com-munity Children အစီအစဉ်ကို လုပ်ဆောင်နိုင်ခဲ့ခြင်းအတွက်  ဆုချီးမြှင့်ခံခဲ့ရခြင်း ဖြစ်သည်။

ယခုကဲ့သို့ ဆုလက်ခံရရှိခြင်းဖြင့် Valdez သည် ရည်မှန်းချက်ဖြစ်သော ဆရာဝန်ဖြစ်လာရန် ၎င်း၏ ပညာသင်ကြားနိုင်တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

Valdez ၏ "Championing  Children Community" အဖွဲ့အစည်းသည် လိုအပ်ချက်ရှိသော ကလေးငယ်များအတွက် သကြားလုံး၊ အင်္ကျီ၊ ကစားစရာနှင့် ခြေညှပ်ဖိနပ် စသည့် ပစ္စည်းများပါဝင်သည့် လက်ဆောင် ၅၀၀၀ ကျော်ပေးအပ်ခဲ့ပြီးဖြစ်သည်။ ထို့ပြင် အနီးအနားရှိ ကလေးငယ် ၁၀၀၀၀ ၀န်းကျင်၏ ကျန်းမာရေး၊ သန့်ရှင်းရေးနှင့် အခွင့်အရေးတို့ကိုပါ ကူညီပေးနိုင်ခဲ့သည်ဟု KidsRight ဖောင်ဒေးရှင်းမှ ပြောကြားခဲ့သည်။

အခြားသော လမ်းဘေးနေ ကလေးငယ်များနည်းတူ Valdez သည် နှစ်နှစ်သား အရွယ်ကတည်းက အကြမ်းဖက်ခံရမှု၊ အလွဲခိုင်းစေခံရမှု၊ ကလေးလုပ်သားအဖြစ် လုပ်ကိုင်ရမှုတို့နှင့် ကြုံတွေ့ခဲ့သည်။

အသက်ငါးနှစ်အရွယ်တွင် အိမ်မှထွက်ပြေးခဲ့ပြီး ၎င်းအား လူမှုဝန်ထမ်းတစ်ဦးက စောင့်ရှောက်ထားခဲ့သည်။ Valdez ခုနစ်နှစ်ပြည့်မွေးနေ့တွင် လမ်းပေါ်ရှိကလေးများ ကူညီလို၍ ''Championing Community Children" ကို စတင်တည်ထောင်ခဲ့ခြင်း ဖြစ်သည်။ လမ်းဘေးနေကလေးငယ်များ စိတ်အားတက်ကြွစေရေးအတွက်လည်း Valdez က လှုံ့ဆော်ပေးနိုင်ခဲ့သည်။

Valdez ကဲ့သို့ အကြမ်းဖက်ခံရသော ကလေးအလုပ်သမားနှင့် အိမ်ရာမဲ့ကလေးပေါင်း၂၄၆၀၀၀ ခန့် ဖိလစ်ပိုင်တွင် ရှိနေကြောင်း KidsRight ဖောင်ဒေးရှင်းမှ ထုတ်ပြန်ခဲ့သည်။

Ref: Eleven

No comments:

Related Posts Plugin for WordPress, Blogger...