လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အသုံးတွင်ကျယ်နေသော ဝါကျပျက်များ (၁)

ပုဒ်ထားပြောင်းပြန်ဝါကျ

မြန်မာဝါကျဖွဲ့ရာ၌ ဝါကျတစ်ခုကို တိုရာမှ ရှည်သွားအောင် လုပ်နိုင်သော နည်းနှစ်နည်း ရှိကြောင်း၊ အဆာသွတ်နည်းနှင့် တွဲဆက်နည်းတို့ဖြစ်ကြောင်း တင်ပြဖူးပါသည်။

ပုဒ်တစ်ခုကို အထူးပြုများဖြင့် အဆာသွတ်ရာတွင် ပြောင်းပြန်အဆာသွတ်သည့် ဝါကျပျက်များ တွင်ကျယ်နေသည်မှာ တော်တော်ကြာပြီဖြစ်ပါသည်။ သတင်းစာ၊ ဂျာနယ်များတွင် အဆာသွတ်ပုံ ပြောင်းပြန် ဖြစ်နေသော ထိုဝါကျများကို မကြခဏတွေ့နေရပါသည်။ ဘယ်လိုပြောင်းပြန် ဖြစ်တာပါလဲ။

မြန်မာဘာသာစကား၏ သွင်ပြင်လက္ခဏာကိုကြည့်လျှင် ပုဒ်တစ်ခုကို အထူးပြုရန်အတွက် အထူးပြုပုဒ် များဖြင့် တွဲစပ်သောအခါ အထူးပြုပုဒ်များကို အထူးပြုခံပုဒ်၏ ရှေ့ကထား၍ အထူးပြုကြောင်း တွေ့ရပါသည်။ 'စာအုပ်' ဆိုသော ပုဒ်ကို အထူးပြုမည်ဆိုပါက 'အနီရောင်စာအုပ်'၊ 'ဆရာ့စာအုပ်'၊ မနေ့ကဝယ် လာသော အနီရောင်စာအုပ်' စသည်ဖြင့် အထူးပြုပုဒ်များကို 'စာအုပ်' ၏ရှေ့က ထားရသည် မဟုတ်ပါ လား။ 'မနေ့က ဝယ်လာသော အနီရောင်စာအုပ်'၊ 'ဆရာမနေ့ကဝယ်လာသော အနီရောင်စာအုပ်' ဟသည်ဖြင့်လည်း အထူးပြုပုဒ်တစ်ခုထက် ပိုနိုင်ပါသည်။ ထို့အတူ 'ငွေစင်ရော်စာအုပ်တိုက် မန်နေဂျာ ဦးသိန်း'၊ သာသနာရေး ဦးစီးဌာန၊ လက်ထောက်ညွှန်းကြားရေးမှူး ဒေါ်မြမြ' စသည်ဖြင့် 'ဦးသိန်း'၊ 'ဒေါ်မြမြ' တို့၏ ဝိသေသများကို ရှေ့ကဖော်ပြ၍ အထူးပြုရပါသည်။ ဤသို့ဖြင့် 'အထူးပြုပုဒ် (အရေအ တွက်တစ်ခု သို့မဟုတ် အများ) + အထူးပြုခံ ပုဒ်' ဟူသော ပုံစံဖြင့် ရေးသားခြင်းသည် မြန်မာဘာသာ စကား၏ ဖွဲ့ထုံးအမှန်ဖြစ်ပါသည်။

ထို့ကြောင့် 'သာသနာရေး ဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြမြသည် ဗုဒ္ဓစာပေကျမ်းစာ များကို ရိုက်နှိပ်ရေး အစည်းအဝေးသို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားသည်' ဟူသော အရေးအသားသည် မြန်မာဝါကျဖွဲ့ထုံး မှန်ကန်သော အရေးအသား ဖြစ်ပါသည်။ သို့သော်…………

'ဒေါ်မြမြ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာနသည် ဗုဒ္ဓစာပေကျမ်းစာများ ရိုက်နှိပ် ရေး အစည်းအဝေးသို့ တက်ရောက်ရန် အိန္ဒိယနိုင်ငံသို့ ထွက်ခွာသွားသည်' ဟူသော အရေးအသားမျိုး ယနေ့တွင် ကျယ်နေပါသည်။ ဤဝါကျကို မြန်မာဝါကျဖွဲ့ထုံးစနစ်အတိုင်း အဓိပ္ပာယ်ကောက်မည်ဆို လျှင် အစည်းအဝေးတက်ရောက်သူမှာ 'သာသနာရေးဦးစီးဌာန' ဆိုသော ဌာနကြီးက ဖြစ်နေပါသည်။ 'ဒေါ်မြမြ' ဆိုသော လူပုဂ္ဂိုလ်မဟုတ်ပါ။

ထိုထက်ဆိုးတာ ရှိသေးသည်။ 'ဓားပြမှုကျူးလွန်သော ခွေးညို၊ အဘဦးပေတိုးကို အလုပ်နှင့် ထောင် ဒဏ် ၅ နှစ်ကျခံစေရန် အမိန့်ချမှတ်လိုက်ကြောင်း သတင်းရရှိသည်' ဆိုသော အရေးအသားမျိုးကို လည်း သတင်းစာ၊ ဂျာနယ်များတွင် တွေ့နေရပါသည်။ တရားခံအကြောင်းကို သတင်းတွင် တစ်ကြိမ်မ က ရေးရသောအခါတွင်လည်း 'ခွေးညို၊ အဘဦးပေတိုးက ဝန်ခံသဖြင့်' ဆိုတာမျိုးတွေ ပါသေးသည်။ ဤဝါကျကို ဖတ်လိုက်သည်နှင့် 'ဓားပြတိုက်သူက ခွေးညို၊ ထောင်ကျသူက ဦးပေတိုး' ဟူ၍ အဓိပ္ပာယ် နားလည်မည် ဖြစ်ပါသည်။ မြန်မာဝါကျ ဖွဲ့ထုံးအမှန်အတိုင်းရေးလျှင် 'ဦးပေတိုး၏သား ခိုးမှုကျူးလွန် သော ခွေးညို' ဟူ၍ ရေးရပါမည်။ သို့မဟုတ် 'ဦးပေတိုး၏ သားခွေးညိုသည် ဓားပြမှုကျူးလွန်ကြောင်း ထင်ရှားသဖြင့်' ဟူ၍ ရေးရပါသည်။ ဤဝါကျများကို 'ပြောင်းပြန်အဆာသွတ်ဝါကျ' သို့မဟုတ် 'ပုဒ်ထားပြောင်းပြန်ဝါကျ' ဟု ခေါ်နိုင်ပါသည်။

ဘာကြောင့်၊ ထိုပြောင်းပြန်အသုံးကျဝါကျ တွင်ကျယ်လာပါသလဲ။ အင်္ဂလိပ်ဝါကျဖွဲ့နည်းကို လိုက်၍ ရေးသောကြောင့် ဖြစ်နိုင်ပါသည်။ အင်္ဂလိပ်လိုရေးလျှင် 'Khwe Nyo, Son of U Pe Toe' ဟု ရေးရ ပါလိမ့်မည်။ နောက်ဖြစ်နိုင်ခြေတစ်ခုက ရုံးစာများမှာ ရေးသည့်ပုံစံမျိုး 'ခွေးညို (အဘ ဦးပေတိုး)' ဟု ဖခင်အမှန်ကို ကွင်းဖြင့်ရေးရာမှ ကွင်းပြုတ်သွားတာမျိုးလည်း ဖြစ်နိုင်ပါသည်။

ရုံးစာများမှာ ကာယကံရှင်ကို သေချာကွဲပြားစေရန် ဖခင်နာမည်ကို နောက်က ကွင်းဖြင့်ထည့်သည်ကို ဘာမပြောလိုပါ။ ပုံစံဖြည့်ရာတွင် ကာယကံရှင် နာမည် ဖြည့်လျှင် ဤပုံစံအတိုင်း ဖြည့်လေ့ ရှိပါသည်။ မြန်မာဝါကျအဖြစ်ရေးလျှင်တော့ ဤသို့ ပုဒ်ထားပြောင်းပြန်ပုံစံဖြင့် မရေးသင့်ပါ။ 'ဦးပေတိုး၏သား ခွေးညို' ဟုရေးမှ ဖွဲ့ထုံးမှန်ပါလိမ့်မည်။

နောက်ဆုံးပြောရစေတော့ 'ခွေးညို (အဘဦးပေတိုး) ကိုပြစ်မှုထင်ရှားသဖြင့်' ဟူ၍ ဖခင်နာမည်ကို နောက်က ကွင်းစကွင်းပိတ်ဖြင့် ရေးလျှင်ပင် လက်ခံနိုင်ပါသေးသည်။ ယခုတွေ့နေရသည်မှာ ကွင်းစကွင်းပိတ်မပါပဲ 'ခွေးညိုအဘ ဦးပေတိုးကို' ဟူသော ပုံစံမျိုး ဖြစ်နေပါသည်။

ပုဂ္ဂိုလ်တစ်ယောက်တည်း အမည်၊ ရာထူး၊ လုပ်ငန်းဌာနတို့ကို ဖော်ပြရာတွင်လည်း ရှေ့တွင် ဖော်ပြ သကဲ့သို့ 'ဒေါ်မြမြ၊ လက်ထောက်ညွှန်ကြားရေးမှူး၊ သာသနာရေးဦးစီးဌာန' ဟူသော ရေးပုံမျိုးကို ရုံးစာ များတွင် လိပ်စာတပ်ရာ၌ ရေးလျှင်သင့်လျော်ပါသည်။ လိပ်စာတပ်လျှင်လည်း ဤပုံစံအတိုင်း လိပ်စာ တပ်ခြင်းကို လက်ခံနိုင်ပါသည်။ အင်္ဂလိပ်ဘာသာဖြင့် ရေးလျှင်လည်း ဤပုံစံအတိုင်းပင် အမည်၊ ရာထူး၊ ဌာနဟူသော ပုံစံဖြင့်ရေးရပါသည်။ သက်ဆိုင်ရာ ပုဂ္ဂိုလ်မည်သူမည်ဝါဖြစ်ကြောင်း ချက်ချင်း လည်း သိနိုင်သည်အတွက် ကောင်းပါသည်။ သို့သော် ဤသို့ ရုံးစာများ၊ လိပ်စာများရေးခြင်းမှာ ဝါကျ ဖွဲ့ ခြင်း မဟုတ်ပါ။ မြန်မာဝါကျထဲတွင် ဤပုံစံအတိုင်းထည့်ပြီး 'ဒေါ်မြမြ လက်ထောက်ညွှန်ကြားရေး မှူး၊ သာသနာရေးဦးစီးဌာနသည်' ဟု ရေးလျှင်တော့ အဆာသွတ်ပုံ၊ ပုဒ်ထားပြောင်းပြန်ကြီး ဖြစ်နေ ပါလိမ့်မည်။

အခမ်းအနားတွင် "အလှူငွေများကို ဦးထွန်းထွန်း၊ ဥက္ကဋ္ဌ၊ ကုဋေကုဋာကုမ္ပဏီက ပေးအပ်ပေးပါရန်နှင့် ဦးကျော်ကျော်၊ ညွှန်ကြားရေးမှူး၊ မီးသတ်ဦးစီးဌာနက လက်ခံပေးပါရန် ဖိတ်ကြားအပ်ပါတယ် ခင်ဗျား" ဟူသော ကြေညာပုံမျိုးကို ကြားရတတ်ပါသည်။ အလှူငွေပေးအပ်သူနှင့် လက်ခံသူတို့မှာ ဦးထွန်းထွန်း နှင့် ဦးကျော်ကျော်တို့ မဟုတ်တော့ဘဲ ကုဋေကုဋာကုမ္ပဏီနှင့် မီးသတ်ဦးစီးဌာနတို့ ဖြစ်သွားသည်ကို သတိထားမိကြဟန်မတူပါ။ 'ကုဋေကုဋာ ကုမ္ပဏီ ဥက္ကဋ္ဌဦးထွန်းထွန်း'၊ 'မီးသတ်ဦးစီးဌာန ညွှန်ကြားရေး မှူး ဦးကျော်ကျော်' ဟု ကြေညာမှသာ လိုသောအဓိပ္ပာယ်ရမည် ဖြစ်ပါသည်။

သတင်းစာထဲတွင် 'လေးဘာသာဂုဏ်ထူးရှင် မောင်ညွန့်သိန်း၊ အဘဦးလှဟန် ဆုယူနေစဉ်' ဟု ဓာတ်ပုံအောက်မှာ စာတန်းထိုးထားသည့်အတွက် ဓာတ်ပုံသာမပါလျှင် သားကိုယ်စား အဖေက ဆုယူနေသလို အဓိပ္ပာယ် သက်ရောက်နေပါသည်။ အမှန်မှာ ကာယကံရှင် မောင်ညွန့်သိန်းကိုယ်တိုင် ဆုယူနေခြင်းဖြစ်ပါသည်။ 'အဘ ဦးလှဟန်' ဝင်ရှုပ်နေသည့်အတွက် ထင်ယောင်ထင်မှား ဖြစ်ရခြင်း ဖြစ်ပါသည်။ 'ဦးလှဟန်၏ သားလေးဘာသာဂုဏ်ထူးရှင် မောင်ညွန့်သိန်း ဆုယူနေစဉ်' ဟု ဖြောင့် ဖြောင့်တန်းတန်းမရေးဘဲ ယခုလို ပြောင်းပြန်ရေးခြင်းမှာ မသင့်လျော်ပါ။

တစ်ခုတင်ပြချင်ပါသေးသည်။ မြန်မာဝါကျဖွဲ့နည်းများကို သဒ္ဒါကျမ်းအမျိုးမျိုးတွင် တွေ့နိုင်ပါသည်။ ဆရာကြီး ဦးဖေမောင်တင် ပြုစုသော မြန်မာသဒ္ဒါကျမ်း၊ မြန်မာဝါကျ ဖွဲ့ထုံးကျမ်းတို့မှသည် ယနေ့ မြန်မာစာအဖွဲ့က ပြုစုထားသော ကျောင်းသုံးမြန်မာသဒ္ဒါများအထိ ဘယ်သဒ္ဒါစာအုပ်တွင်မှ ယခုဖော်ပြ ခဲ့သော ပုဒ်ထားပြောင်းပြန် ဝါကျဖွဲ့နည်းကို ဖော်ပြမထားပါ။ ဖော်ပြစရာလည်း မလိုပါ။ ဝါကျဖွဲ့ပုံအမှား ကြီး ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

မြန်မာဝါကျ ဖွဲ့ထုံးနှင့် သွေဖည်နေသော ပုဒ်ထားပြောင်းပြန် ဝါကျပျက်များကို မဖွဲ့သင့်ကြတော့ပါ။

 ပေါ်ပြူလာ စာပေအနုပညာဂျာနယ်
 အတွဲ ၁၇၊ အမှတ် ၁၅၊ (၂၃-၄-၂၀၁၃)၊

No comments:

Related Posts Plugin for WordPress, Blogger...