မြန်မာနိုင်ငံ၏ အခြေခံပညာရေးကဏ္ဍတွင် ဘက်ဂျက် ပိုမိုသုံးစွဲသွားရန်
ပထမအကြိမ် ပြည်သူ့လွှတ် တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၇ ရက်နေ့မြောက်
အစီအစဉ်တွင် လွှတ်တော်က အတည်ပြုဆုံးဖြတ်ခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီး ဇလွန်မဲဆန္ဒနယ်မှ ဦးတင်ထွဋ်၏ ဥပဓိရုပ်မကောင်းသော
ကျောင်းများပြုပြင် ရေး၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ
အဆင့်မြှင့်တင်ရေး၊ အဆိုပါကျောင်းများမှာ သတ်မှတ် အရည်အချင်းနှင့်
ကိုက်ညီသည့်ဆရာ၊ ဆရာမများကို အစိုးရခန့်ဆရာ၊ ဆရာမများအဖြစ် ထားရှိပေး
ရေးအရေးကြီးအဆိုကို တင်သွင်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက
သဘောတူခဲ့သည်။
"သွားလာရေးခက်ခဲတဲ့ ဒေသတွေက မိဘပြည်သူတွေဟာ သားသမီးတွေ
ပညာတတ်မြောက်ဖို့အ တွက် ကျောင်းအဆောက်အဦတွေဆောက်လုပ်ပေးတာ၊ သင်ကြားဖို့ဆရာ၊
ဆရာမတွေကို ငှားရမ်းပြီး သင်ကြားနေရတာကို တွေ့ရတယ်။ တချို့ဆိုရင်
ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေနဲ့ မယ်သီ လရှင်ကျောင်းတွေမှာ
သင်ကြားနေရတယ်။ ဒီကျောင်းတွေမှာ ပြင်ပဆရာ၊ ဆရာမတွေကို မိဘတွေရဲ့
ငွေထည့်ဝင်မှုနဲ့ ငှားရမ်းသင်ယူရတဲ့အတွက် ပညာရေးမူဝါဒ အကောင်အထည်ဖော်ရာမှာ
အားနည်းနေ တာတွေ့ရတယ်။ ဒါကြောင့် ရေရှည်တည်တံ့ခိုင်မြဲဖို့
ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်စေတယ်" ဟု ဦးတင်ထွဋ်က ဆွေးနွေးခဲ့သည်။
၂ဝ၁၃-၂ဝ၁၄ ပညာသင်နှစ် ပညာရေးဝန်ကြီးဌာန၏ လုပ်ငန်းစီမံချက်
ရင်းနှီးမြှုပ်နှံမှုတွင် အခြေခံပညာ ကဏ္ဍအတွက် ဖြည့်စွက် လုပ်ငန်းသုံး လျာထားငွေ
ကျပ်သန်းပေါင်း ခြောက်သောင်း ငါးထောင် ခုနှစ်ရာ နှစ်ဆယ်သုံး ဒသမ နှစ်
ရှိကြောင်း သိရသည်။ ထို့ပြင် ရုံးသုံးစက်ကိရိယာ၊ ပရိဘောဂများ အတွက်
ဘက်ဂျက်ငွေ သုံးစွဲမှုမှာ ကျပ်သန်းပေါင်းတစ်သောင်း
တစ်ထောင်သုံးရာနှစ်ဆယ်သုံး ဒသမ နှစ်လေး ရှိကြောင်းသိရသည်။
အခြေခံပညာကဏ္ဍတွင် ပညာရေးကျောင်းများ မွမ်းမံပြင်ဆင်ခြင်းနှင့်
အသစ်ဆောက်လုပ်ရန်အတွက် ကျပ်သန်းပေါင်း ၈၈ ဒသမ ၂ဝ၃ ဘီလီယံ
သုံးစွဲရန်လျာထားကြောင်း သိရသည်။
အဆင့်မြင့်ပညာကဏ္ဍတွင်လည်း အထက်မြန်မာပြည်နှင့် အောက်မြန်မာပြည် စုစုပေါင်း ၁၂၆ ဒသမ ၆၄၃ ဘီလီယံ လျာထားကြောင်း သိရသည်။
ထို့ကြောင့် အခြေခံပညာကဏ္ဍနှင့် အဆင့်မြင့်ပညာကဏ္ဍတို့တွင်
ဘက်ဂျက်လျားထားမှုအားနှိုင်းယှဉ် လျှင် အခြေခံပညာကဏ္ဍသည်
အဆင့်မြင့်ပညာကဏ္ဍထက် ကျပ်သန်းပေါင်း ၃၈ ဒသမ ၄၃၄ ဘီလီယံ လျော့နည်း
သုံးစွဲထားကြောင်း ဦးတင်ထွဋ်က ထည့်သွင်းဆွေးနွေးခဲ့သည်။
"ဥပဓိရုပ်မကောင်းတဲ့ ကျောင်းလေးတွေ ပြိုကျပျက်စီးနေတဲ့ ကျောင်းလေးတွေ
အသစ်ဆောက်လုပ်ရ မယ့် ကိစ္စကိုမလိုလားအပ်တဲ့ ပရိဘောဂ ပစ္စည်းတွေအစား
လွှဲပြောင်းအသုံးပြုဖို့ ကတိပြုပါတယ်" ဟု ပညာရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြအေးက ပြောခဲ့သည်။
ပညာရေးဘက်ဂျက် ခွဲဝေမှုတွင် ၃၁ ဒသမ ၃၆၅ ဘီလီယံမှာ မလိုအပ်သော
ဇိမ်ခံပစ္စည်းများဖြစ်သည့် ဆက်တီခုံများ၊ ၄၂ လက်မ တီဗွီများစသော
နေရာများတွင် အသုံးပြုထားသည် ဟု သဘောသက် ရောက်နေသောကြောင့်
ပြန်လည် စိစစ်ပေး သွားမည် ဖြစ်ကြောင်း လည်း ဒေါက်တာမြအေးက ဆွေးနွေး ခဲ့သည်။
"ဒီကိစ္စကို အများကြီး ကြိုဆိုပါတယ်။ တကယ့် အောက်ခြေအဆင့်တွေက
ဘုန်းတော်ကြီးသင်ကျောင်း တွေကိုပဲ အားကိုးနေရတာ။ ကျေးလက်မှာလည်း
ဒီအတိုင်းပါပဲ။ ဘုန်းတော်ကြီးသင်ကျောင်းတွေက လက်လွတ်လို့မရပါဘူး။
နောက်ပြီးတက္ကသိုလ် ပညာရေးကိုပဲ ဖိလုပ်နေမယ်ဆိုရင် အောက်ခြေပြတ်
သွားပါလိမ့်မယ်။ ဒါကြောင့် အခြေခံပညာကိုပြန်ပြီး အားဖြည့်ပေးတာ
ကောင်းပါတယ်။ တကယ်ဆို အခြေခံကောင်းမှ ကလေးတွေက အထက်ကို ထက်မြက်စွာနဲ့
တိုးတက်သွားမှာပါ။ နောက်တစ်ခုတော့ ယူနက်စကိုရဲ့ အနည်းဆုံးပညာရေး
ဘက်ဂျက်ကိုလေ့လာပြီး တိုးမြှင့် လုပ်ဆောင်ပေးသင့်ပါတယ်" ဟု ဗဟို
သမဝါယမကောလိပ် ကျောင်းအုပ်ကြီး (ငြိမ်း) ဦးရဲမြင့် (စွန့်ဦးတီထွင်)
ကပြောသည်။
မြန်မာနိုင်ငံတွင် ၂ဝ၁၁ ခုနှစ် ဧပြီလမှ ယနေ့အထိ အခြေခံပညာ ကျောင်းပေါင်း လေးသောင်းတစ် ထောင်သုံးရာ ရှစ်ဆယ့်ငါးကျောင်း ရှိကြောင်း သိရသည်။
Maukkha.org
No comments:
Post a Comment