သာသနာ့အလံ ဖြစ်ပေါ်လာပုံ
ရှေးနှစ်ပေါင်းများစွာကပင် ကိုးကွယ်လာသော ဗုဒ္ဓသာသနာတော်၏ အခွင့်အရေးများ ယိုယွင်းပျက်စီးလာခြင်းကို ကာကွယ်ရန် သာသနာ့ဝန်ထမ်းရဟန်းတော်များနှင့် လူဒါယကာအပေါင်းတို့ အတူ ပူးတွဲပြီး ဘာသာရေးအဖွဲ့အစည်းတခု ဖွဲ့စည်းရန် ကြိုးပမ်းခဲ့ကြသည်။ ၁၈၈၅ ၊ ဧပြီ ၂၈ တွင် သီဟိုဠ်ကျွန်း ၊ သီရိလင်္ကာနိုင်ငံတွင် ကဆုန်လပြည့်နေ့ကို ခမ်းနားစွာ ကျင်းပရန် အစီအစဉ်နှင့် အခြားဘာသာရေးပွဲတော်များတွင်ပါ အမှတ်တရအဖြစ် အလံတခုလွှင့်ထူရန် စဉ်းစားခဲ့ကြသည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ကိုလံဘိုမြို့သားတို့သည် မိရိုးဖလာကိုးကွယ်မှုအထိမ်းအမှတ်အဖြစ် ဗုဒ္ဓအလံတော် တီထွင်ရန် ကြိုးပမ်းကြသည်။ ထိုအလံကို ၁၈၈၅ တွင် ပြုလုပ်ခဲ့သော်လည်း ကမ္ဘာက အသိအမှတ်ပြုသည်မှာ နှစ် ၁၀၀ ကျော်သာ ရှိသေးသည်။ ၁၉၅၁ မှ ကမ္ဘာတ၀န်းရှိ ဗုဒ္ဓဘာသာဝင်နိုင်ငံများမှ လက်ခံလာခြင်း ဖြစ်သည်။
သာသနာ့အလံစတင်တီထွင်သူကို ဟင်နရီစတီလ်အိုးကော့ (Henry Steele Olcott) ဟု ထင်နေကြပြီး အမှန်တကယ်တမ်းမှာ စီပီဂုဏ၀ဍ္ဎန (C.P Gune Wardene) ဖြစ်သည်။
ပထမဆုံး ဟင်နရီစတီလ်အိုးကော့ အကြောင်း ဖော်ပြပါမည်။ သူသည် အမေရိကန်နိုင်ငံသား အငြိမ်းစားဗိုလ်မှူးကြီးဖြစ်ပြီး ၁၈၃၂၊ သြဂုတ် ၂ တွင် နယူးဂျာစီပြည်နယ်၊ Orange မြို့တွင် ပရိုတင့်စတင့်ခရစ်ယာန်မိဘများမှ မွေးဖွားခဲ့သည်။ အသက် ၂၉ တွင် အမေရိကန်ပြည်တွင်းစစ်အတွင်း ၀င်ရောက်အမှုထမ်းပြီး ဗိုလ်မှူးကြီးအဖြစ် အငြိမ်းစားယူခဲ့သည်။ အတွေးအခေါ်သမိုင်းနှင့် နိုင်ငံရေးနယ်ပယ်တွင် ထင်ရှားပြီး သီအိုဆိုဖီပညာများကိုလေ့လာကာ ဗုဒ္ဓ၀ါစများကို လိုက်စားရင်း ဗုဒ္ဓဘာသာဝင်ဖြစ်လာခဲ့သူဖြစ်သည်။ ၁၈၆၁ အမေရိကန်ပြည်တွင်းစစ်တွင် ငွေဝယ်ကျွန်စနစ်ကို တိုက်ဖျက်လိုသော တပ်မတော်ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ အောလ်ကော့ သီရိလင်္ကာနိုင်ငံတွင် ရောက်နေစဉ်က ဗုဒ္ဓနှင့် ခရစ်ယာန်ဘာသာတို့ စကားရည်လုပွဲကျင်းပနေချိန်တွင် ဗုဒ္ဓဘာသာဘက်မှ အရှင်ဂုဏနန္ဒဆရာတော်နှင့် ခရစ်ယာန်ဘက်မှ ကျမ်းစာတတ်ပုဂ္ဂိုလ်များ ၁၈၇၃ တွင် ပနာဒူရမြို့တွင် ယှဉ်ပြိုင်ခြင်းဖြစ်သည်။ အကဲဖြတ်မှတ်တမ်းများအရ အရှင်ဂုဏနန္ဒက အကိုးအကားခိုင်လုံပြီး အရည်အသွေးသာကြောင်း သိရသည်။ ထိုပွဲပြီးနောက် ဗိုလ်မှူးကြီး အောလ်ကော့သည် သီ၇ိလင်္ကာ၊ ဂေါလေ တွင် တရားဝင်ဗုဒ္ဓဘာသာအဖြစ် ကြေငြာခဲ့သည်။ ၁၈၉၁ တွင် မန္တလေးသို့လာရောက်ပြီး သံဃာတော်များကို ဘာရောက်ဖူးမြော်သေးသည်။
စီပီဂုဏ၀ဍ္ဎန (C. P. Gune Wardene)
စီပီဂုဏ၀ဍ္ဎန သည် ၁၈၅၄ ၊ ဖေဖော်ဝါရီ ၁၆ တွင်ဖွားမြင်သူဖြစ်သည်။ ထိုအချိန်တွင် သီဟိုဠ်၌ ခရစ်ယာန်သာသနာ လွှမ်းမိုးနေချိန်ဖြစ်သည်။ ထို့ကြောင့် ဗုဒ္ဓသာသနာ ပြန်လည်ထွန်းကားရေးနှင့် ဗုဒ္ဓဘာသာဝင်တို့၏ အခွင့်အရေးများ ပြန်ရရေးအတွက် ဗုဒ္ဓသာသနာကာကွယ်ရေးကော်မတီကို ၁၈၈၄ ၊ ဇန်န၀ါရီ ၂၇ တွင် ထူထောင်ခဲ့သည်။ ထိုအသင်းတွင် ဟင်နရီစတီးလ်အိုးကော့က စီပီဂုဏ၀ဍ္ဎန ကို အကျိုးတော်ဆောင်အဖြစ် ခန့်အပ်သည်။ စီပီဂုဏ၀ဍ္ဎန သည် နှစ်ပေါင်း ၄၀ ခန့် အင်တိုက်အားတိုက် ဆောင်ရွက်ခဲ့သည်။ သူက ခရစ်ယာန်များတွင် ကြက်ခြေနီအထိမ်းအမှတ်ရှိသကဲ့သို့ ကမ္ဘာ့ဗုဒ္ဓသာသနာဝင်အားလုံး လိုက်နာကျင့်သုံးနိုင်ရန် ဗုဒ္ဓအလံတော်သည် ရောင်ခြည်တော် ခြောက်ပါး ပါသော အရောင်ကိုသုံးရန် အကြံပေးခဲ့သည်။ သူ့အကြံအတိုင်း ထိုအလံကို ကဆုန်လပြည့်(ဗုဒ္ဓနေ့) တွင် တင်ရန် ကော်မတီဝင်အားလုံး လက်ခံကြသည်။ ၎င်းအလံပုံကို သရသ၀ိသန္ဒေရေသ စာစောင်တွင် အချပ်ပိုထည့်ပြီး ၁၈၈၅၊ ဧပြီ ၁၇ ရက်နေ့တွင် ဖော်ပြခဲ့သည်။ သို့သော် တီထွင်သူအမည်ကို မဖော်ပြခဲ့။ စီပီဂုဏ၀ဍ္ဎန ကွယ်လွန်ပြီး နှစ်နှစ်အကြာ ၁၉၂၈၊ မေလ ၁ နေ့ထုတ် သုဒနမိန စာစောင်နှင့် ကိုလံဘို ဗုဒ္ဓသာသနာ သီအိုဆိုဖီအသင်း ရာပြည့်စာစောင်တွင် မှ ထိုအလံရေးဆွဲသူမှာ စီပီဂုဏ၀ဍ္ဎန ဖြစ်ကြောင်း ဖော်ပြခဲ့သည်။
ထို့အပြင် ဟင်နရီစတီးလ်အိုးကော့ ကလည်း ထိုအလံတီထွင်သူမှာ သူ မဟုတ်ကြောင်း ဖော်ပြ၀န်ခံထားပါသည်။ ထိုအချိန်က သူသည် အိန္ဒိယရောက်နေပြီး ၁၈၈၆ ၊ ဇန်န၀ါရီ ၂၈ တွင် သီဟိုဠ်သို့ပြန်ရောက်မှ သာသနာ့အလံကို မြင်ဖူးခြင်းဖြစ်သည်။ ထိုအခါ များစွာ ကျေနပ်နှစ်သက်မိပြီး အလံမှာ အနည်းငယ်ရှည်လျားနေသဖြင့် အမျိုးသားအလံများကဲ့သို့ အချိုးအစားကျနအောင် ဆောင်ရွက်ရန်သာ အကြံပေးခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံနှင့် သာသနာ့အလံတော်
ထိုအလံတော်ကို သီဟိုဠ်တွင် ရင့်ညောင်းသော ဂိုဏ်းချုပ်ဆရာတော် အရှင်သီရိသုမင်္ဂလာထေရောသည် များစွာ သဘောကျခဲ့သည်။ ၁၉၅၀ တွင် သီဟိုဠ်နိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓသာသနာကွန်ဂရက်၏ ဥက္ကဌ ဒေါက်တာ ဂျီပီမာလာဆေထေရာ ၏ ဆန္ဒအရ ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးကြီးကို ဖိတ်ခေါ်ပြီး ပြုလုပ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ၁၉၅၆ ၊ ဆဌမသင်္ဂါယနာတင်ချိန်မှစပြီး အထက်ပါ ကမ္ဘာ့ဗုဒ္ဓအလံတော်ကို သာသနာ့အလံအဖြစ် အတည်ပြုလွှင့်ထူခဲ့သည်။ ၁၉၈၀ တွင်ကျင်းပသည့် သာသနာတော် သန့်ရှင်းတည်တံ့ပြန့်ပွားရေး ဂိုဏ်းပေါင်းစုံ သံဃာအစည်းအဝေးမှလည်း ထိုအလံနှင့်ပတ်သက်ပြီး အညီအညွတ်ဆုံးဖြတ်ကာ သံဃနာယကလက်စွဲကျမ်းတွင် ပြဌာန်းခဲ့သည်။
အဓိပ္ပာယ်
သာသနာ့အလံတော်သည် ငြိမ်းချမ်းသာယာခြင်း၊ သည်းခံခြင်း၊ စိတ်ထားဖြူစင်ခြင်းတို့၏ အထိမ်းအမှတ်ဖြစ်သည်။ ဘုရားရှင်အား အထူးကြည်ညိုသဖြင့် တရားတော် ဟောကြားနေသည့် ဘုရားရှင်၏ အံ့ဖွယ်ရောင်ခြည်ခြောက်သွယ်သည် အထူးခန့်ညားစွာ ရှိနေသည့် သဘော ယုံကြည်ကြသည်။ ထို့ကြောင့် ထိုအလံတော်ကို ရောင်ခြည်တော်ခြောက်သွယ်မှ အရောင်များကို အသုံးပြုခဲ့ကြသည်။
အရွယ်အစား၊ အရောင်
အကြီး = အလျား ၉ ပေ x အနံ ၅ ပေ
အလတ် = အလျား ၄ ပေ၊ ၆ လက်မ x အနံ ၂ ပေ၊ ၆ လက်မ
အလတ် = အလျား ၂ ပေ၊ ၃ လက်မ x အနံ ၁ ပေ၊ ၃ လက်မ
အသေး = အလျား ၉ လက်မ x အနံ ၅ လက်မ
ရောင်ဖြည်တောင်ခြောက်သွယ်အတိုင်း အလံတော်တိုင်ဘက်မှ စသတ်မှတ်လျှင်-
နီလ = အပြာရင့်
ပီတ = အ၀ါရင့်
လောဟိတ = အနီရောင်
သြဒါတ = အဖြူ
မဥ၀္ဇီဌ = ပန်းနုရောင် ထို ၅ မျိုးကို ဒေါင်လိုက်ထားပြီး-
ပဘဿရ = ပြိုးပြိုးပြက်ပြက် တခဲနက် ထွက်နေသော အရောင်အဖြစ် အလံတော် အစွန်အထက်ပေါ်မှ နေပြီး အပြာ၊ အ၀ါ၊ အနီ၊ အဖြု၊ ပန်းရောင် တို့ကိုပင် အစဉ်အတိုင်း အောက်ဖက်သို့ ထားရှိထားပါသည်။
အသုံးပြုပုံ
(က) အခါကြီးရက်ကြီးများ
- ကဆုန်လပြည့် (ဗုဒ္ဓနေ့)
- နယုန်လပြည့် (မဟာသမယနေ့)
- ၀ါဆိုလပြည့် (ဓမ္မစကြာနေ့)
- ၀ါခေါင်လပြည့် (မေတ္တာအခါတော်နေ့)
- တော်သလင်းလပြည့် (ဂရုဓမ္မအခါတော်နေ့)
- သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့)
- တန်ဆောင်မုန်းလပြည့် (သာမညဖလအခါတော်နေ့ နှင့် သံဃာများနေ့)
- တပို့တွဲလပြည့် (သြ၀ါဒ ပါတိမောက် ဓမ္မနေ့)
(ခ) ပွဲတော်နှင့် အခမ်းအနားများ
- ၀ါဆိုပွဲတော်
- အဘိဓမ္မာအခါတော်နေ့
- ကထိန်ပွဲတော်
- ရဟန်းခံရှင်ပြုပွဲ
- ဆွမ်းကြီးလောင်းလှူပွဲ
- စာပြန်ပွဲနှင့် ဘွဲ့နှင်းသဘင်
- နိကာယစာမေးပွဲ၊ တိပိဋကစာမေးပွဲများ
- ခွင့်ပြုချက်ရပြီးသည့် တရားပွဲ
- ဘုရားထီးတင်ပွဲ
- ဗုဒ္ဓပူဇနိယပွဲတော်
- ပဌာန်းရွတ်ဖတ်ပူဇော်ပွဲ
- သံဃာအစည်းအဝေး
- သံဃ၀ိနိစ္ဆယ အဖွဲ့ စစ်ဆေးဆုံးဖြတ်ရာဌာန
- ဘာသာရေး၊ သာသနာရေး သင်တန်းများ
ရှောင်ကြဉ်ရန်တို့မှာ-
ရဟန်းသံဃာပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ ဘုရားဖူးယာဉ်များတွင် မသုံးစွဲရ။
လမ်းဘေး၊ လမ်းခွ ၊ ယာဉ်ဆိပ်၊ သင်္ဘောဆိပ်များတွင် မသုံးစွဲရ။