လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

အမျိုးသားသုက်ပိုးတွင် ကလေးရနိုင်ခြင်းရှိ၊ မရှိ ငါးမိနစ်အတွင်းဖုန်းဖြင့်စမ်းသပ်နိုင်မည်

အိမ်ထောင်တစ်ခုတွင် အမျိုးသား၊ အမျိုးသမီးနှစ်ဦးတို့ သားသမီးရရှိနိုင်မည့် အခွင့်အလမ်းများကို စမ်းသပ်နိုင်မည့် တန်ဖိုးအနည်းဆုံး အခွင့်အရေးတစ်ခုဖြစ်သော စမတ်ဖုန်းဖြင့် စမ်းသပ်မှုကို အမျိုးသားတို့၏ သုက်ပိုးဖြင့် ငါးမိနစ်အတွင်း အဖြေဖော်ထုတ်နိုင်မည်ဖြစ်ကြောင်း Science Translational Medicine ဂျာနယ် သတင်းတွင်ဖော်ပြထားသည်။

ဆေးရုံများသို့သွားပြီး အချိန်ကြာမြင်စွာ စောင့်ဆိုင်းရမည့်အစား အမျိုးသားများအနေဖြင့် မိမိတို့အိမ်မှာပင် အထူးပြုလုပ်ထားသည့် ငါးဒေါ်လာခန့်တန်သော ပလတ်စတစ်ခွက်ထဲသို့ သုက်ပိုးကိုထည့်ပြီး ဖုန်းဖြင့် ချိတ်ကာ ဆော့ဖ်ဝဲဖြင့် ချက်ချင်း အဖြေထုတ်ပေးနိုင်ကြောင်း ယင်းသတင်းကဆိုသည်။

အမျိုးသားများ၏ သုက်ပိုးသည် ကလေးရနိုင်ခြင်း ရှိ၊ မရှိဆိုခြင်းကို ပုဂ္ဂလိကဆေးခန်းများတွင် သွားရောက် စစ်ဆေးမည်ဆိုပါက ဒေါ်လာ ၂၅၀ ခန့်ကုန်ကျနိုင်ကြောင်း၊ ယခုအခါ 3D ပရင်တာနှင့် ထုတ်ထားသော စမ်းသပ် ပလတ်စတစ်ခွက်အပါအဝင် ဖုန်းဆော့ဖ်ဝဲနှင့် ငါးဒေါ်လာခန့်သာ ကုန်ကျပြီး ငါးမိနစ်အတွင်း မိမိ ကိုယ်တိုင် အဖြေသိနိုင်ကြောင်း ဂျာနယ်တွင်ရေးသားထားသည်။

ဆေးရုံဆေးခန်းများတွင် ကြီးမားသော စက်ကြီးများကို ရင်းနှီးမြှုပ်နှံထားရခြင်း၊ ကျွမ်းကျင်ဝန်ထမ်းများကို ထားရခြင်းတို့ကြောင့် စစ်ဆေးစရိတ်ကြီးမြင့်ခြင်း ပြဿနာကို Stigma ကုမ္ပဏီက Analyser ဟုအမည်ပေးထား သည့် စမ်းသပ်ပစ္စည်းလေးများဖြင့် အဖြေရှာပေးလိုက်ခြင်းဖြစ်သည်။

Analyser ဟုခေါ်သည့် ပလတ်စတစ်စမ်းသပ်ပစ္စည်းလေးထဲသို့ အမျိုးသား သုက်ရည်အနည်းငယ်ထည့်သွင်းပြီး ဖုန်းနှင့်ချိတ်ဆက်လိုက်လျှင် အထူးပြုလုပ်ထားသောဆော့ဖ်ဝဲက ဖုန်းမှတစ်ဆင့် သုက်ပိုးအရေအတွက်များကို ရေတွက်ကြည့်ပြီးနောက် အဖြေထုတ်ပေးမည်ဖြစ်သည့်အပြင်၊ သန်စွမ်းသော ပိုးများ၏ လှုပ်ရှားနေပုံများ ကိုလည်း ဗီဒီယိုဖြင့် ဖုန်းထဲတွင် ပြသပေးနေမည်ဖြစ်သည်။

အမျိုးသားများ ကလေးရနိုင်စွမ်းရှိ၊ မရှိ စစ်ဆေးသည့် ယင်းပစ္စည်းနှင့် ဆော့ဖ်ဝဲကို အမေရိကန် ပြည်ထောင်စု၊ ဘရစ်ဟမ်အမျိုးသမီးဆေးရုံကြီးမှ ဒေါက်တာ ဟာဒီ ရှာဖီအီနှင့်အဖွဲ့က တီထွင်ခဲ့ခြင်းဖြစ်ပြီး၊ စမ်းသပ်ချက် ရလဒ်များအရ ၉၈ ရာခိုင်နှုန်းအထိ တိကျမှန်ကန်စွာ အဖြေထုတ်ပေးနိုင်ခဲ့ကြောင်း ဂျာနယ်တွင်ရေးသားထား သည်။

အမျိုးသားများသည် ဆေးရုံသို့လာပြီး သုက်ပိုးများကိုစစ်ဆေးရာ၌ ရှက်ခြင်း၊ ကြောက်ခြင်း၊ စိတ်ပျက်ခြင်းများ ဖြစ်တတ်သည့်အတွက် အိမ်သုံးစမ်းသပ်ပစ္စည်းတစ်ခုအဖြစ် တီထွင်ခဲ့ရကြောင်း ဒေါက်တာ ဟာဒီက ပြောကြားသည်။

from: Maukkha.org

No comments:

Related Posts Plugin for WordPress, Blogger...