လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ဇီဝပရင်တာဖြင့် လူသားအရေပြားအတုထုတ်

စပိန်နိုင်ငံ၊ မက်ဒရစ်တက္ကသိုလ်မှ ပညာရှင်များသည် အရေပြားအစားထိုးရန် လိုအပ်သူများအတွက် ကွန်ပျူတာ ပရင်တာကို ဇီဝအရေပြားထုတ်နိုင်သည့် အသွင်ပြောင်းပြီး အရေပြားတုတစ်မျိုးကို ထုတ်လုပ်နိုင်ခဲ့ကြောင်း Biofabrication ဂျာနယ်တွင် ဖော်ပြထားသည်။

မက်ဒရစ်တက္ကသိုလ်မှ Carlos III ဟုအမည်ပေးထားသည့် အဖွဲ့တစ်ဖွဲ့သည် BioDan Group ကုမ္ပဏီ၏ အထောက်အပံ့ဖြင့် သုတေသနပြုလုပ်လျက်ရှိပြီးနောက် အရေပြားတုကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခြင်းဖြစ် ကြောင်း ယင်းသတင်းကဆိုသည်။

3D ပရင်တာများဖြင့် အရာအားလုံးကို စကေးကိုက် ပုံဖော်ဆောင်ပြီး ထုတ်နိုင်သည့်ခေတ်တွင် ဇီဝပရင်တာ (Bioprinter) တစ်မျိုးကို လူသားတို့၏ အသွေးအသားများဖြင့် ပေါင်းစပ်ပြီး ပကတိအရေပြားအတိုင်း ထုတ်လုပ်နိုင်စေရန် ပညာရှင်များက ကြိုးပမ်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ဇီဝမင် (Bio-ink) ဟုခေါ်သည့် မင်တစ်မျိုးကို ပလာစမာ (plasma)၊ ပရိုတိန်း (proteins)၊ အရေပြားဆဲလ်နှင့် အခြား ဇီဝပစ္စည်းများဖြင့် ပေါင်းစပ်ပြီးမှ ကွန်ပျူတာ ထိန်းချုပ်မှုဖြင့် အရေပြားအတုကို ထုတ်လုပ်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း ပညာရှင်များက ပြောကြားသည်။

လူသား၏ ပျက်စီးသွားသည် ဆဲလ်အရေအတွက် ပမာဏအလိုက် ကွန်ပျူတာက တွက်ချက်ပြီးမှ လိုအပ်ချက် အတိုင်း အရေပြားကိုတည်ဆောက်ရခြင်းဖြစ်ကြောင်း သုတေသီ ဖရန်စစ္စကို ကာနီဇိုကပြောကြားသည်။

Collagen ဟုခေါ်သည့် အရေပြားတုသည် ဆွဲဆန့်နိုင်သည့်အပြင် စုတ်ပြဲခြင်းလည်းမရှိ ခံနိုင်ရည်ရှိကာ မူလအရေပြားနှင့် ပေါင်းစပ်ရာတွင်လည်း ပိုပြီး မြန်ဆန်စေနိုင်ကြောင်း ယင်းကဆိုသည်။

အရေပြားအစားထိုးရန်အတွက် လုပ်ပြီးသား အရေပြားများကို ကြုံသလို အစားထိုး၍မရနိုင်ကြောင်း၊ အရေပြား အစားထိုးရန် လိုအပ်သည့်သူထံမှ ဆဲလ်ကို ဦးစွာထုတ်ရကြောင်း၊ ဆဲလ်များကို ဓာတ်ခွဲခန်းအတွင်း မွေးမြူ ထားပြီးမှ အတုကို ထုတ်နိုင်ကြောင်း၊ စုစုပေါင်း အစားထိုးနိုင်ရန်အတွက် ပြင်ဆင်ချိန် နှစ်ပတ်ခန့်အထိ ကြာမြင့်နိုင်ကြောင်း၊ ဇီဝပရင်တာဖြင့် ပြင်ဆင်ပြီးသော ပစ္စည်းများကို အတုထုတ်ချိန်ကိုပင် နှစ်ရက်ခန့် အချိန်ယူ ရမည် ဖြစ်ကြောင်း Carlos III အဖွဲ့ကပြောကြားသည်။

တိုရွန်တိုတက္ကသိုလ်မှ သုတေသီများကလည်းလူနာ၏ ကိုယ်ပိုင်ဆဲလ်များဖြင့် အရေပြားအတုထုတ်ခြင်းကို ဇီဝပရင်တာအားအသုံးပြုကာ စမ်းသပ်ခဲ့ဖူးကြောင်း New Atlas သတင်းတွင် ရေးသားထားသည်။

No comments:

Related Posts Plugin for WordPress, Blogger...