လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ကလေးဘဝ ပျောက်ဆုံးခဲ့ရသူများ



ဖိုင့်ဇ် အသက် ၄၀ နှင့်၊ ကလေးသတိုးသမီး အသက် ၁၁ နှစ်အရွယ် ဂူလမ်တို့ လက်ထပ်ပွဲကျင်းပစဉ် ရိုက်ကူးထားသည့်ပုံဖြစ်သည်။ သူတို့ လက်ထပ်ပွဲကို အာဖဂန်နစ္စတန်နိုင်ငံ ဒါမာဒါကျေးရွာတွင် ၂၀၀၅ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။ ဂူလန်က သူမကို လာရောက်စေ့စပ်ခြင်းခံရသည့် အတွက် အလွန်ဝမ်းနည်းမိကြောင်း၊ သူမသည် ဆရာမဖြစ်ချင်ကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီကမှ ပူပူနွေးနွေး သတင်းတစ်ပုဒ်တွင် ယီမင်နိုင်ငံက အသက်ရှစ်နှစ်သမီးလေးသည် သူ့ထက် အသက်ငါးဆကြီးသည့်သူ တစ်ဦးနှင့် လက်ထပ်ထိမ်းမြား ခဲ့ရပြီး ထိုညတွင်ပင် မအင်္ဂါ စုတ်ပြတ်ပေါက်ပြဲကာ သွေးထွက်လွန်ခြင်းဖြင့် ဘဝနိဂုံး ချုပ်သွားခဲ့ရရှာသည်။

ကုလသမဂ္ဂ အစီရင်ခံစာတွင် ယီမင်နိုင်ငံအတွင်း အသက် ၁၈ နှစ်မပြည့်မီ လက်ထပ်နေရသူပေါင်း နိုင်ငံနေ အမျိုးသမီးထု၏ ၁၄ ရာခိုင်နှုန်းဖြစ်သည်ဟု ဆိုသည်။ အမျိုးသမီးတို့ဘဝ လူမှန်းမသိစ အရွယ်ကတည်းက ဗိုလ်ကျအနိုင်ကျင့် ခံနေရမှုများ ကမ္ဘာတွင်ရှိနေဆဲ ဖြစ်သည်။

ကလေးသူငယ်ဆိုင်ရာ လက်ထပ် ထိမ်းမြားခြင်းကြောင့် ဖြစ်ပေါ်လာစေနိုင်သော ပြဿနာပေါင်းများစွာ ရှိနိုင်ပါသည်။ ကျန်းမာရေးရှုထောင့်က ကြည့်လျှင်လည်း မကောင်း၊ အရွယ်နှင့်မလိုက် ကိုယ်ဝန်ဆောင်ထား ရခြင်းကလည်းမကောင်း။ သက်တူရွယ်တူ ကလေးတွေ ကျောင်းသွားနေချိန်တွင် ကိုယ်ဝန်ကြီး တကားကားနှင့် ရိုးသား အပြစ်ကင်းစင်သော မျက်လုံးဝိုင်းလေး များဖြင့် ကြည့်နေသည့် သနားစရာကလေးငယ် များကို ကိုယ်ချင်းစာကြည့်စေချင်သည်။ ပိုဆိုးသည်က အကြမ်းဖက်ခံရခြင်း၊ ခွဲခြားကာ လူလိုသူလို ဆက်ဆံမှု မခံရခြင်းများ ကြောင့် မိန်းကလေးတို့ဘဝ ပိုပြီးနစ်နာလှသည်။

လမ်းပေါ်တွင် ပြေးလွှားဆော့ကစား နေရမည့်အချိန်တွင် မိဘများကိုယ်တိုင်က လက်ထပ်ရန် အတင်းအဓမ္မ တိုက်တွန်းခြင်း ခံနေရသူပေါင်း များစွာရှိသည်။ အရွယ်မတိုင်ခင် လူကြီးဇာတ်သွင်း ခံလိုက်ရသဖြင့် နားမလည်နိုင်သော လောကတစ်ခုထဲတွင် အိမ်ထောင်သားမွေး ဘဝဖြင့် နစ်မွန်းကုန် ကြရသည်။ သူတို့ဘဝအာမခံချက်ကို မည်သူမျှမပေးခဲ့။ အမျိုးသမီးအဖြစ် မွေးဖွား လာရခြင်းကပင် ကံဆိုးမိုးမှောင် ကျခဲ့ရသလို ဖြစ်နေသည်။

ကွယ်လွန်သွားရှာသည့် ၈ နှစ်သမီးလေးအမည်က ရာဝမ်ဖြစ်သည်။ ဟာရတ် နယ်ရှိ ယီမင်နီမြို့ မြောက်ပိုင်းမှ ဖြစ်သည်။ အသက် ၄၀ အရွယ်သတို့သားသည် ကလေး ငယ်သေဆုံးမှုတွင် တာဝန်ရှိသောသူ ဖြစ်သော်လည်း သူ့ကို လူသတ်မှုဖြင့် အရေးယူခြင်း မရှိသကဲ့ သို့ မည်သည့်ပြစ်မှု နှင့်မျှလည်း အရေးယူခဲ့ခြင်း မရှိပေ။

ထိုကိစ္စနှင့် ပတ်သက်ပြီး ယီမင်နိုင်ငံ လူ့အခွင့်အရေးဝန်ကြီး ဖြစ်သူ ဟူးရီးယား မာ့ရှ်ဝါက အလွန်အမင်း ဒေါသထွက်ပြီး "ဒီလောက်ဆိုရင် တော်လောက်ပြီထင်တယ်" ဟု စနစ်ကို ထောက်ပြဝေဖန်သွား ခဲ့သည်။
"ယီမင်မှာ ဒါမျိုးတွေဖြစ်နေတာ ပထမဆုံးလည်း မဟုတ်တော့ဘူး။ နှစ်တိုင်းလိုလို အလားတူ အဖြစ်မျိုးတွေ ဖြစ်နေတာပဲ။ ဒီအလေ့အထကြီး အဆုံးသတ်သင့်ပြီ ထင်တယ်" ဟု ၄င်းက CNN သတင်းဌာန သို့ ပြောကြားသွားသည်။

မာ့ရှ်ဝါက AFP သို့ပြောကြားရာတွင်လည်း သူမအနေဖြင့် ၂၀၀၉ ခုနှစ် ကတည်းက ပါလီမန်သို့ ထိမ်းမြားလက်ထပ်ခွင့်ကို အသက် ၁၈ နှစ်အဖြစ် ပြဋ္ဌာန်းပေးရေး ဥပဒေကြမ်းကို တင်ပြနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ပုံကို ပြန်ပြောင်း ပြောပြသည်။ ယခုဖြစ်ပျက်ခဲ့သော ရှစ်နှစ်သမီးလေး သေဆုံးရသည်ဆိုမှု ကိုလည်း အဖွဲ့ဖွဲ့ကာ စစ်ဆေးနိုင်ရန် ကြိုးပမ်းမည်ဟု သူမက ကတိပေးခဲ့သည်။ သူမကမူ အစိုးရအနေဖြင့် သတင်းမထုတ်ပြန်ခင် ကတည်းက ရာဝမ် သေဆုံးခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန် ပြောဆိုခဲ့သည်။

ယီမင်နိုင်ငံတွင် ချမ်းသာသည့်သူ များက ဆင်းရဲသည့်ကလေးများကို တော်ကောက်သလို ခြေတော်တင်နေခြင်း မှာ အစဉ်အလာဓလေ့ တစ်ခုလိုဖြစ်နေသည်။ 
ရာဝမ်သေဆုံးရမှု နှင့်ပတ်သက်ပြီး ဒေသအတွင်းရှိ ရဲများက သူမ၏ဖခင်ကို ရဲစခန်းသို့ ခေါ်ဆောင်ပြီး ဤအဖြစ်ကို မဟုတ်မမှန် လုပ်ကြံပြောခြင်း ဖြစ်ကြောင်း ဝန်ခံခိုင်းသည်။ ထို့အပြင် မိန်းကလေး တစ်ယောက် ခေါ်လာပြီး သူတို့နှစ်ယောက်ကို တွဲကာ ဓာတ်ပုံရိုက်သွားကြသေးသည်။ ရဲတွေက ပွင့်လင်းမြင်သာပြီး အစစ်အမှန်ကို ဖော်ထုတ်ရဲသည့် သတ္တိမရှိကြောင်း ယီမင်နိုင်ငံ ကလေးသူငယ်ဆိုင်ရာ ရှေ့နေ အာမက်အယ်လ်ကွာရပ်ရှ် ကဆိုသည်။
"အစိုးရက ရာဝမ်သက်ရှိထင်ရှား ရှိနေဆဲ ဆိုတာကို သက်သေထူဖို့ ကြိုးစားနေတယ်။ ရာဝမ်ရဲ့ သူငယ်ချင်း အပေါင်းအသင်း တွေကတော့ ရာဝမ်ကို တိတ်တဆိတ်မြေမြှုပ် လိုက်ပြီလို့ ပြောနေတယ်။ အစိုးရက အခင်းဖြစ်တဲ့နေရာကို ကျွန်တော်တို့ သွားကြည့်ဖို့ ကိုလည်း တားမြစ်ထားတယ်။ ဒါကြောင့် ရာဝမ် ဘယ်လိုဖြစ်နေသလဲ ဆိုတာ အစိုးရကိုယ်တိုင် ပူးပေါင်းပြီး မဖော်ထုတ်ရင်ရနိုင်မှာ မဟုတ်ဘူး" ဟု အာမက်ကဆိုသည်။

၂၀၀၉ ခုနှစ်တွင် ယီမင် ပါလီမန်က အမျိုးသမီးများလက်ထပ်ရမည့် အနည်းဆုံး ပျမ်းမျှအသက်မှာ ၁၇ နှစ်ဖြစ်သည်ဟု ဥပဒေကြမ်း တင်သွင်းနိုင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် အစဉ်အလာကို လက်ခံထားသည့် သဘောထားတင်းမာသော ပါလီမန်အမတ် များက ထိုသို့ဥပဒေဖြင့် ပြဋ္ဌာန်းသတ်မှတ်ခြင်းက အစ္စလာမ်မစ် ဥပဒေကို ချိုးဖောက်ရာ ရောက်သည် ဟုဆိုကာ ကန့်ကွက်ခဲ့ကြသည်။ အစ္စလာမ်မစ် ဥပဒေတွင် အမျိုးသမီးများ၏ လက်ထပ်ရမည့် အနိမ့်ဆုံးအသက်ကို သတ်မှတ်ထားခြင်း မရှိ။ သို့ဖြစ်ရာ ထိုဥပဒေ ကြမ်းကို မည်သူမျှ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့ပေ။

လူ့အခွင့်အရေး လှုပ်ရှားသူများနှင့် နိုင်ငံရေးသမားတို့ကို ဥပဒေ ပြုပြင်ပြောင်းလဲနိုင်ရေး အတွက် လှုပ်ရှားတောင်းဆိုနေ ကြသော်လည်း ဘာသာရေးခေါင်းဆောင် ၁၀၀ ကျော်က ထိုသို့ကန့်သတ်ခြင်းကို အစ္စလာမ်ဥပဒေနှင့်မညီ ဟုဆိုကာ ကန့်ကွက် ခဲ့ကြသည်။
ယီမင်တွင် ထိုဥပဒေကို မပြဋ္ဌာန်း နိုင်ခဲ့ခြင်းကြောင့် ရရှိလာသည့် အကျိုးဆက် တွေကလည်း မကောင်း။

၂၀၀၈ ခုနှစ်တွင် အသက်ရှစ်နှစ် အရွယ် နျူးရွတ်အလီဆိုသူ ကလေးမလေး၏ ရဲဝံ့ပြောင်မြောက်သော ဆောင်ရွက်ချက် ကလည်း ကမ္ဘာကျော်သွားခဲ့ရသည်။ နျူးရွတ် သည် ဆာနားတရားရုံးသို့ ရောက်လာပြီး သူမခင်ပွန်းသည်ဖြစ်သူနှင့် ကွာရှင်းပေးပါ ရန် လာရောက် တောင်းဆိုခဲ့သည်။ အမှုက ဟိုးလေးတကျော် ဖြစ်သွားခဲ့ရပြီး လူထုရှေ့ တွင် အမှုကိုစစ်ဆေးခဲ့ရသည်။ နောက်ဆုံး နျူးရွတ်ကို ကွာရှင်းခွင့် ပေးလိုက်ခြင်းသည် ယီမင်နိုင်ငံတွင် တရားဝင် အောင်ပွဲတစ်ပွဲ အဖြစ် မှတ်တမ်းတင်ရမည်သာ ဖြစ်သည်။

နျူးရွတ်၏ အဖြစ်အပျက်ကလည်း ဆန်းကျယ်လှသည်။ သူမ၏ အဖေက သူမ အသက်ထက် သုံးဆခန့်ကြီးသည့် သူတစ်ဦးနှင့် လက်ထပ်ပေးရန် စီစဉ်ခဲ့သည်။ လက်ထပ် ပြီးသည့်ညတွင် နျူးရွတ်က သူမခင်ပွန်း လောင်းကို တောင်းပန်ခဲ့သည်။ သူမသည် သူနှင့် ဆက်ဆံရန် အဆင်မပြေသေးသဖြင့် အချိန်စောင့်ပေးပါရန် မေတ္တာရပ်ခံခဲ့သည်ကို ထိုသတို့သားက လက်ခံခဲ့သဖြင့် ကံကောင်း သည်ဟု ဆိုရမည်။

နောက်တစ်နေ့နံနက်တွင် သူမ၏ ယောက္ခမနှင့် ယောင်းမဖြစ်သူတို့ သူတို့ အိပ်ရာကို ရောက်လာပြီး စောင်တွေကို အတင်း ခွာကြည့်ကြသည်။ အိပ်ယာခင်းတွင် သွေးစသွေးန မတွေ့သဖြင့် သူမကိုရိုက်နှက်ကန် ကျောက်ကြတော့သည်။ သူမကလည်း ပြန်ပြီးခုခံကာ ထွက်ပြေးခဲ့သည်။
သူမအိမ်သို့ပြန်ပြီး ပြေးလာစဉ် ဖခင် ဖြစ်သူက မိသားစုဂုဏ်သိက္ခာကို ချိုးဖောက်သည် ဆိုပြီး ဆူပူကြိမ်းမောင်းမှု ပြုရုံမက ယောက္ခမအိမ်ပြန်ပြီး တောင်းပန်ရန်ကိုပါ အတင်းအကျပ် တိုက်တွန်းခဲ့သည်။ မိထွေး ဖြစ်သူကလည်း ယောက်ျားကို ကြောက်ရ သဖြင့် ဝင်ပြီး မပြောဝံ့ပေ။ နောက်ဆုံး သမီးနောက်သို့ လိုက်လာပြီး တက္ကစီခ ပိုက်ဆံ ပေးကာ တရားရုံးသို့ သွားခိုင်းခဲ့သူမှာ မိထွေးကိုယ်တိုင် ဖြစ်သည်။

နျူးရွတ်သည် တရားရုံးသို့ ဆိုက်ဆိုက် မြိုက်မြိုက်ရောက်လာပြီး သူမကို ကွာရှင်းခွင့်ပေးပါရန် ဦးတိုက် လျှောက်ထားတော့သည်။ သူမဘက်က ထင်ရှားသည့် ယီမင် ရှေ့နေတစ်ဦးက လိုက်ပါ ဆောင်ရွက်ပေး ခဲ့သည်။ ထိုသတင်းကလည်း တစ်ကမ္ဘာလုံးသို့ ချက်ချင်း ပျံ့နှံ့သွားသဖြင့် မျက်နှာဖုံး သတင်းများ ဖြစ်သွားရကာ နျူးရွတ်ကိုလည်း တစ်ကမ္ဘာလုံးက သိသွားကြပြီး သတ္တိခဲ မလေးအဖြစ် ချီးကျူးဂုဏ်ပြုခဲ့ကြသည်။

နောက်ဆုံးနေ့ ရုံးတော်က ဆုံးဖြတ် ချက်ချမည့်နေ့တွင် ဆာနားတရားရုံးရှေ့ရှိ လူအုပ်ကြီးက သူမကို လက်ခုပ်တီးကာ ဂုဏ်ပြုအားပေး ခဲ့ကြသည်။ သူမကို အမေရိကန်ပြည်ထောင်စု အထိ ဖိတ်ခေါ် ခဲ့ပြီး ဂုဏ်ပြုပွဲများ ကျင်းပပြုလုပ်ပေး ခဲ့သည်။

သူမက သူ့ဖခင်အိမ်တွင် ပြန်နေလိုကြောင်း၊ ကျောင်း ဆက်တက်ချင်ကြောင်း ပြောကြားခဲ့သည်။ ပတ်ဝန်းကျင်နှင့် နိုင်ငံတကာ၏ ပြစ်တင်ဝေဖန်မှုကို ကောင်းစွာ ခံခဲ့ရသည့် သူမ၏ဖခင်မှာလည်း ဦးကျိုးပြီး မနှစ်မြို့သော်လည်း ပြန်လက်ခံလိုက်ရသည်။
နျူးရွတ်က ပြည်သူအားလုံးသို့ သူမ မှတ်စုစာအုပ်လေးထဲတွင် ရေးပေးခဲ့သည့် စာမှာလည်း ကမ္ဘာကျော်သွားခဲ့ရသည်။
"ရှင်တို့ကလေးတွေကို အရွယ်မတိုင်ခင် လက်မထပ်ပေးကြပါနဲ့။ သူတို့ ပညာရေးကို ဖျက်လိုဖျက်ဆီး မလုပ်ကြပါနဲ့။ သူတို့ကို ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ချ ပေးပြီး ကလေးဘဝကို မဖျက်ဆီးချင်ကြပါနဲ့" ဆိုသည့်စကားလေးမှာ ယီမင်နိုင်ငံသားများ အတွက် သတိထားစရာ ဖြစ်သည်။
ယီမင်တွင် ကလေးသူငယ် ထိမ်းမြား လက်ထပ်ပေးမှုများကာ ဆက်ဖြစ်နေဆဲပင်။ ၂၀၁၀ ပြည့်နှစ်ကလည်း အသက် ၁၂ နှစ် အရွယ် မိန်းကလေးတစ်ဦးသည် အဘိုးအရွယ် တစ်ဦးနှင့် လက်ထပ်ခဲ့ရာတွင် သုံးရက်အကြာ၌ အမျိုးသမီးအင်္ဂါ စုတ်ပြတ် ပေါက်ပြဲ သွေးထွက်လွန်ပြီး အသက်ဆုံးရှုံးမှု ဖြစ်ခဲ့ရ သေးကြောင်း ကုလသမဂ္ဂက လေးများ ရန်ပုံငွေအဖွဲ့က ဆိုသည်။

ယခုနှစ်နွေရာသီတွင်လည်း အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦးဖြစ်သူ နာဒါ အယ်လ် အာဒဲလ်၏ ဗီဒီယိုပြကွက်လေး တစ်ခု You Tube ပေါ်တက်လာသည်။ ထို ဗီဒီယိုထဲတွင် သူမ၏မိဘများကို ပိုက်ဆံ ရှိသူထံမှ ငွေကြေးများကို ယူပြီး သူမကို လက်ထပ်ပေးရန် ကြံနေပါသည်ဆိုသည့် ပြောကြားချက် များသည် တစ်ကမ္ဘာလုံး ပျံ့သွားပြီး သန်းပေါင်းများစွာ ကြည့်ခဲ့ကြသည်။ ယခုနောက်ဆုံး ရာဝမ်၏ အဖြစ်ကလည်း ဥပဒေများဖြင့် ထိန်းချုပ်တားဆီး ပေးခြင်းမပြုလျှင် ယီမင်နိုင်ငံ၏ မပြီးဆုံးနိုင်သေးသော ပန်းချီကားတစ်ချပ်ပမာ ဖြစ်နေဦးမည်သာ ဖြစ်သည်။

Maukkha.org မှ ဖော်ပြပါသည်။

No comments:

Related Posts Plugin for WordPress, Blogger...