လူးဝစ် ပက်စ်ချာဆိုသူက
“အခွင့်အရေးဆိုတာ ပြင်ဆင်ထားမှရတယ်” လို့ဆိုဖူးတယ်။ ဒါကြောင့် မတော်တဆ
တွေ့ရှိတယ်လို့ ပြောပေမယ့် နောက်ကွယ်မှာ စိုက်ထုတ်ထားရတဲ့ အင်အားတွေ၊
ရင်းနှီးမှုတွေ အများကြီး ရှိနေတတ်ပါတယ်။ သိပ္ပံပညာရှင်တွေ
မတော်တဆတွေ့ရှိတယ်ဆိုတာလည်း လုပ်ဆောင်နေရင်းက
တိုက်ဆိုင်ပြီးတွေ့တာတွေရှိပေမယ့် အဲဒီတိုက်ဆိုင်မှုတွေဟာ
ပြင်ဆင်ထားလို့ရတဲ့ အခွင့်အရေးမျိုးသာ ဖြစ်ပါတယ်။
1. Penicillin
ပင်နီဆီလင်လို့ခေါ်တဲ့ဆေးကြောင့် အသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့တာ
သိကြပါလိမ့်မယ်။ ၂၀ ရာစု တီထွင်မှုတွေထဲမှာ အထင်ရှားဆုံးနဲ့
အဓိကအကျဆုံးဖြစ်လို့ ထိပ်ဆုံးကတင်ထားရတာဖြစ်ပါတယ်။ ၁၉၂၈ ခုနှစ်လောက်က
ဆေးပညာရှင် ဒေါက်တာ အလက်ဇန္ဒား ဖလီးမင်းဆိုသူက အလုပ်တွေကို တစ်ရက်လောက်
ထားပစ်ခဲ့ပြီး ခရီးထွက်သွားပါတယ်။ လုပ်ငန်းခွင်ကို ပြန်လာချိန်မှာ
သူလုပ်ဆောင်ထားခဲ့တဲ့ စမ်းသပ်ချက် တွေမှာ မှိုတွေတက်နေတာတွေ့လိုက်ရတယ်။
ဘက်တီးရီးယားပိုးတွေကတစ်ဆင့် အသက်ကယ်ဆေးကို ထုတ်ယူနိုင်ခဲ့တယ်။
ပင်နီဆီလင်လို့ခေါ်တဲ့ အဲဒီဆေးကြောင့် အသက်ပေါင်းများစွာ ကယ်တင်နိုင်ခဲ့ပြီး
သူလည်း ကမ္ဘာကျော်သွားခဲ့ရတယ်။
2. Peacemaker
မတော်တဆတွေ့ရှိမှုမှာ ပါမောက္ခတစ်ဦးရဲ့တွေ့ရှိချက်ကိုလည်း မေ့ထားလို့
မရပါဘူး။ ဆေးလောကမှာ အသက်ကယ်နိုင်တဲ့ ပစ္စည်းတစ်ခုကို
တီထွင်နိုင်ခဲ့သူဖြစ်လို့ပါ။ တီထွင်ခဲ့သူက အမေရိကန် အင်ဂျင်နီယာ
တစ်ယောက်ဖြစ်တဲ့ ဝီလ်ဆင် ဂရိတ်ဘက်ခ်ျ ဖြစ်ပါတယ်။ သူပထမဦးဆုံး တီထွင်ခဲ့တာက
နှလုံးခုံသံကို နားထောင်ဖို့ပစ္စည်းဖြစ်ပါတယ်။ သူတီထွင်တဲ့ resistor လေးက
1-megaohm ရှိပြီးတော့ ဆားကစ်ပြား ကလည်း 1.8 milliseconds
လောက်သေးအောင်ထုတ်နိုင်ခဲ့တယ်။ စထွင်တုန်းက နှလုံးခုံသံကို နားထောင်ဖို့
ဖြစ်ပေမယ့် သူ့စက်လေးနဲ့ ဘက်ထရီကို နှလုံးထဲထည့်ပြီး နှလုံးခုန်ဖို့
အားပေးတဲ့ စက်ပြောင်းလဲလိုက်နိုင်တာ ကတော့ မတော်တဆတွေ့ရှိမှုလို့ ဆိုပေမယ့်
လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်။
3. Mauve
အသက် ၁၈ နှစ်သား ဆေးဝါးပညာရှင် ဝီလျှံ ပါကင်ဆိုသူဟာ ပထမထွင်တုန်းက
ငှက်ဖျားဆေးပါ။ နောက်တွေ့ရှိသွားတာက ကင်ဆာပျောက်တဲ့ဆေးဖြစ်လို့
လိုင်းပြောင်းသွားရပါတယ်။ ၁၈၅၆ ခုနှစ်မှာ ကွီနိုင်ဆေးအတုတစ်မျိုးကို
စမ်းသပ်ခဲ့ပါတယ်။ ငှက်ဖျားဆေးကို တီထွင်နေစဉ်ရင်း မမျှော်လင့်ပဲ
ဆိုးဆေးအရောင်တစ်မျိုးကိုသွားတွေ့လိုက်ပါတယ်။ လှပတဲ့ ပန်းခရမ်းရောင် ဆေးက
ကင်ဆာရောဂါကို ကုသပျောက်ကင်းစေနိုင်ပါတယ်။ သူက ပန်းခရမ်းရောင်ဆိုးဆေးကို
ဂျာမန်ပိုးမွှားပညာရှင် ပေါလ် အားလစ်ခ်ျနဲ့ ပူးပေါင်းတီထွင်ရင်း
ကင်ဆာပျောက်ဆေးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။
4. Radioactivity
ရေဒီယိုသတ္တိကြွမှုကို ပထမဆုံးတွေ့ရှိခဲ့သူဟာ ရူပဗေဒပညာရှင် ဟင်နရီ
ဘက်ကာရယ်ဖြစ်ပါတယ်။ သူလည်း မမျှော်လင့်ပဲ တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၁၈၉၆
ခုနှစ်လောက်တုန်းက ဘက်ကာရယ်ဟာ မီးချောင်းလို လင်းလက်တဲ့ သဘာဝအလင်းနဲ့
ဓာတ်မှန်ကထွက်လာတဲ့ အလင်းတန်းတွေကို စိတ်ဝင်စားပြီး စူးစိုက်လေ့လာ ခဲ့တယ်။
သူက အလင်းတန်းတွေကို နေရောင်ထဲမှာ စမ်းသပ်ကြည့်ချင်လို့
နေရောင်ကိုစောင့်ပေမယ့် ဆောင်းတွင်းဆိုတော့ နေကထွက်မလာဘူး။ သူ့ပစ္စည်းတွေကို
အပြင်မှာထုတ်ထားပြီး အခန်းထဲပြန် အလုပ်လုပ်နေတယ်။ အပြင်ကိုပြန်ထွက်လာတော့
သူစားပွဲအံဆွဲထဲမှာ ထည့်ထားတဲ့ ယူရေနီယမ် ကျောက်တုံးလေးဟာ စားပွဲပေါ်က
ဖလင်ပလိပ်ပြားမှာပုံရိပ်လာထင်နေတာ တွေ့လိုက်ရတယ်။ နေရောင်မရှိ လည်း
ပုံရိပ်ကိုဖမ်းနိုင်တဲ့ ရေဒီယိုသတ္တိကြွမှုကြောင့်
ဒီလိုရိုက်ကူးနိုင်တယ်ဆိုတာကို သိရှိလိုက်ပါတယ်။
5. Plastic
၁၉၀၇ ခုနှစ်လောက်တုန်းက ပရိဘောဂတွေမှာ သုတ်တဲ့ အရောင်တင်ဆီကို
အီလက်ထရောနစ်ပစ္စည်းတွေမှာ လျှပ်စီးမှုကာကွယ်ဖို့ သုတ်လေ့ရှိတယ်။
ဒီအရောင်တစ်ဆီတွေကို ချိပ်ပိုးကောင်တစ်မျိုးကထုတ်ပြီး အရှေ့တောင်အာရှ
နိုင်ငံတွေက တင်သွင်းရတာကြောင့် ကုန်ကျစရိတ်ပိုများခဲ့တယ်။ ဓာတုဗေဒပညာရှင်
ဟန်းဒရစ် ဘေကယ်လန်းဆိုသူဟာ အဲဒီ အရောင်တင်ဆီအတုကို ထုတ်နိုင်ရင်
အကျိုးများမယ်ဆိုတာ သိခဲ့တယ်။ သူတီထွင်တဲ့ အရောင်တင်ဆီက အမြဲတန်းအပူပေး
ထားမှရတယ်။ အေးသွားရင် ခဲသွားတာကြောင့် သုတ်လို့မရဘူး။ သူ့တီထွင်မှုဟာ
ချိပ်ဆေးဖြစ်မသွားဘဲ ဓာတ်ပြားတွေ ထုတ်လုပ်ရာမှာ အကျိုးရှိသွားတယ်။
ယနေ့ခေတ်စားနေတဲ့ ပလပ်စတစ်ဆိုတာလည်း ဓာတ်ပြားထုတ်တဲ့ (Bakelite) ကနေ
ထပ်ဆင့်တီထွင်ထားတာဖြစ်ပါတယ်။
6. Vulcanized Rubber
ချားလ်စ် ဂွတ်ရီးယားဆိုသူဟာ ပျော်ရွှင်စွာ စံစားနိုင်မယ့်အရေးကို
နှစ်ပေါင်းများစွာ စောင့်စားလာခဲ့ရသူ တစ်ယောက် ဖြစ်ပါတယ်။ သူက အပူဒဏ်နဲ့
အအေးဒဏ်ကို ကြံ့ကြံ့ခံနိုင်မယ့် ရာဘာတစ်မျိုးကို
ဆယ်နှစ်လောက်တီထွင်နေခဲ့ပါတယ်။ သူလိုချင်တဲ့ရာဘာမျိုးကို စိတ်တိုင်းကျ
မရခဲ့ပါဘူး။ တစ်နေ့တော့ သူတီထွင်နေတဲ့ ရာဘာတွေက မတော်တဆ ဆာလ်ဖာနဲ့
ခဲတွေရောကျိုထားတဲ့ အိုးထဲကို ကျသွားတယ်။ ရာဘာရယ်၊ ဆာလ်ဖာရယ်၊
ခဲတွေရယ်ပေါင်းစပ်ပြီး မီးကျွမ်းသလိုဖြစ်ကာ အတုံးကြီးဖြစ်သွားတယ်။
ဂွတ်ရီးယားက အဲဒီမီးကျွမ်းတုံးကြီးကို ကောက်ယူလိုက်ပြီး စမ်းသပ်ကြည့်တော့
သူလိုချင်တဲ့ ရာဘာမျိုးဖြစ်နေတာ အံ့သြစွာတွေ့လိုက်ရတယ်။
အဲဒီဒြပ်ပေါင်းရာဘာနဲ့ သူက တာယာ၊ ဘိနပ်စတာတွေထုတ်ပြီး သူဌေးဖြစ်သွားတယ်။
7. Teflon
လူတွေက အိုဇုန်းလွှာပျက်စီးတာကို စိုးရွံ့နေကြတယ်။
အိုဇုန်းလွှာပေါက်အောင်လုပ်တာ ကလိုရိုဖလော်ရိုကာဗွန် (CFC)
တွေကြောင့်ဖြစ်ပါတယ်။ ၁၉၃၀ ဝန်းကျင်လောက်က သိပ္ပံနည်းစနစ်တွေနဲ့ ထွင်ထားတဲ့
ရေခဲသေတ္တာတွေကြောင့် အိုဇုန်းလွှာ ပျက်စီးလာရတယ်လို့ သတိထားလာမိတယ်။
ဒူးပွန့်ကုမ္ပဏီက လူငယ်ဓာတုဗေဒပညာရှင် ရွိုင်း ပလန့်ကက်ဟာ CFC အသစ် ကို
တီထွင်နေပါတယ်။ သူက အိုဇုန်းလွှာပျက်စီးမှုနည်းစေမယ့် TFE ကိုတီထွင်ချင်တယ်။
ဟိုက်ဒြိုကလိုရစ် အက်စစ်တစ်မျိုး ကို တီထွင်နိုင်ရင်
အေးခဲမှုအသစ်ကိုရနိုင်မယ်လို့ သူယူဆထားတယ်။ TEF ဆိုတာက
တက်ထရာဖလောရိုသိုင်လင်း ဓာတ်ငွေ့ကိုပြောတာပါ။ တီထွင်စမ်းသပ်တုန်းက
ဓာတ်ငွေ့ဆိုပေမယ့် အဲဒါတွေကို သတ္တုမှာထည့်ထားလိုက်ရင် အပူပေးပေးပေမယ့်
အခြားပစ္စည်းတွေ သတ္တုမှာ ကပ်မနေစေတာတွေ့ရတယ်။ ဒါကြောင့် အိုးမကပ်တဲ့
သံဒယ်ပြားတွေ ပေါ်လာတယ်။ သံတွေပေါ်မှာ PTFE ဓာတုဒြပ်ပေါင်းကို
သုတ်ထားလိုက်ရင် အိုးမကပ်စေနိုင်ဘူးဆိုတဲ့အချက်ဟာ ယနေ့အိမ်ရှင်မတွေကို
အများကြီး အထောက်အကူဖြစ်စေပါတယ်။
8. Coke
အစားအစာနဲ့ပတ်သက်တဲ့ မတော်တဆတွေ့ရှိချက်တွေများပါတယ်။ ဥပမာ ဂျော့
ခရမ်ဆိုသူက အာလူးကျော်ကိုတီထွင်ပြီး ယနေ့အထိ တစ်ကမ္ဘာလုံး စားသုံးနေကြတယ်။
ရေခဲချောင်းကို ဖရန့် အက်ပါဆင်ဆိုသူက အပြင်မှာ တစ်ညလုံးပစ်ထားခဲ့ပြီး
အေးခဲသွားတဲ့ နို့ခွက်ကနေ မတော်တဆတွေ့ရှိခဲ့တာဖြစ်တယ်။ ရေခဲမုန့်ကို
ခွက်ချွန်လေးတွေနဲ့ထည့်ရောင်းတာကို ၁၉၀၄ ခုနှစ် စိန့်လူးဝစ်ပွဲတော်တစ်ခုမှာ
စတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကုတ် (Coke) လို့ခေါ်တဲ့ အချိုရည်လောက်
အောင်မြင်မှုတွေ ဘယ်သူမှ မရခဲ့ပါဘူး။ အတ္တလန္တာမြို့က ဆေးဆရာ ဂျွန်
ပမ်ဘာတန်ဆိုသူဟာ ခေါင်းကိုက်ပျောက်ဆေးဖော်ရောင်းဖို့ကြံဆနေ ပါတယ်။ သူက
ဆေးအမျိုးပေါင်းများစွာကို စပ်ပြီးဆေးဖော်ခဲ့တယ်။ သူ့ဟာသူတောင်
ဘာမှန်းပြောလို့မရလောက်အောက် အောင် ဆေးတွေကများတယ်လို့ဆိုရမယ်။
အဲဒီဆေးရည်ထဲမှာ ဘာတွေထည့်ထားတယ်ဆိုတာ သူကလွဲပြီး ဘယ်သူမှလည်း
မသိနိုင်ပါဘူး။ ဒါပေမယ့် သူ့ဆေးကို သောက်လိုက်ရင် ခေါင်းကိုက်ပျောက်ရုံမက
လန်းဆန်းသွားတာကြောင့် လူတွေနှစ်သက် သဘောကျပြီး နှစ်ပေါင်းများစွာ
သောက်သုံးခဲ့ကြတယ်။ အဲဒါကတော့ ကုတ်အချိုရည်ဖြစ်ပါတယ်။ ယနေ့အထိ
ကမ္ဘာ့အရောင်းရဆုံးစာရင်လည်း ဝင်ခဲ့ပါတယ်။
9. Smart Dust
သေးသေးဖွဲဖွဲအလုပ်လေးတွေခိုင်းရင် ကျောင်းသားတွေက စိတ်ပျက်လေ့ရှိတယ်။
ဂျမေးလင့်ကတော့ အဲဒီအထဲမှာ မပါဘူး။ ဂျမေးလင့်ဟာ ကာလီဖိုးနီးယားတက္ကသိုလ်မှာ
ဓာတုဗေဒ ဘာသာရပ်အတွက် ဒေါက်တာဘွဲ့ယူဖို့ပြင်ဆင်နေတယ်။ တစ်နေ့တော့
သူစမ်းသပ်နေတဲ့ ဆီလီကွန်ချစ်ပ်လေးဟာ စမ်းသပ်နေရင်း ပေါက်ကွဲသွားတယ်။
ပေါက်ကွဲလွင့်စင်သွားတဲ့ အပိုင်းအစလေးတွေဟာ တစ်စစီဖြစ်သွားပေမယ့် ဆက်ပြီး
အလုပ် လုပ်နေတာတွေ့လိုက်ရတယ်။ ရလဒ်ကတော့ Smart Dust ဆိုတဲ့
အနီအောက်ရောင်ခြည်နဲ့ပါ အာရုံခံနိုင်တဲ့ စနစ်ကိုမတော်တဆတွေ့သွားခဲ့တယ်။
ဆီလီကွန်ဒြပ်ပေါင်းတစ်ခုဟာ သေးငယ်တဲ့ အစိတ်အပိုင်းလေးတွေဖြစ်သွားပေမယ့်
အာရုံခံ တုံ့ပြန်နိုင်စွမ်း ရှိတယ်ဆိုတာ ထူးခြားတဲ့ တွေ့ရှိမှု တစ်ခုဖြစ်ပါတယ်။
ဂျမေးရဲ့တွေ့ရှိချက်ဟာ ၂၀၀၃ ခုနှစ် CIC ပွဲမှာ ထိပ်တန်းအကောင်းဆုံးဆုကို
ရရှိခဲ့ပါတယ်။ ရေထဲ၊ လေထဲအပြင် ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဆဲလ်တွေကိုပါ
အာရုံခံနိုင်စေတဲ့စနစ်ကို ရရှိသွားတာကြောင့်
ထူးခြားတဲ့တွေ့ရှိမှုလို့ဆိုနိုင်ပါတယ်။
10. Saccharin
ဆေးသကြားဆိုတာလည်း အစားအသောက်တွေထဲကို ထည့်တဲ့ဆရာကြီးလို့တောင်
တင်စားခေါ်ဝေါ်ရတဲ့ သကြားတစ်မျိုး ဖြစ်ပါတယ်။ ဓာတုဗေဒပညာရှင် ကွန်စတန်တင်
ဖောဘတ်ဟာ တစ်နေ့တော့ အလုပ်ပြီးပေမယ့် လက်မဆေးဖြစ်ခဲ့လို့ ဆေးသကြားကို
တွေ့ရှိခဲ့တာဖြစ်ပါတယ်။ ၁၈၇၉ ခုနှစ်လောက်တုန်းက ဖောဘတ်ဟာ
ကတ္တရာရဲ့အသုံးဝင်မှုကို စိတ်ဝင်စားပြီး လေ့လာ သုတေသနပြုနေပါတယ်။
တစ်နေ့စမ်းသပ်အပြီး လက်မဆေးဖြစ်ဘဲ အိမ်ပြန်သွားမိတယ်။ အိမ်ရောက်တော့
သူတစ်ခုခုကို ကောက်စားလိုက်တာ ထူးခြားစွာ ချိုနေတာကို တွေ့လိုက်ရတယ်။ သူက
ဇနီးဖြစ်သူကို ဘယ်လိုအချိုမျိုးတွေ ထည့်ထားသလဲလို့ လှမ်းမေးလိုက်တယ်။
သူ့ဇနီးကလည်း ဘာမှမထည့်ထားကြောင်းပြောလိုက်တော့ အချိုဓာတ်ဟာ
သူ့လက်ကလာနေတယ်ဆိုတာ သတိထားလိုက်မိတယ်။ နောက်တစ်နေ့ သူ့ရုံးကိုပြန်သွားပြီး
နောက်ဆုံးလုပ်ခဲ့တာကို ပြန်စပြီး စမ်းသပ်ခဲ့တယ်။ အဲဒီကနေ ဆေးသကြားကို
တီထွင်နိုင်သွားတယ်။
Maukkha.org မှ ပြန်လည်ဖော်ပြပါသည်။
No comments:
Post a Comment