လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

လက်ချောင်းဖြင့် တစ်လောကလုံးကို ဖန်တီးမည့် နည်းပညာ SixthSense


ဒီနည်းပညာလည်း တော်တော်ကို လေးစား အံ့သြရမယ့် နည်းပညာ ဖြစ်ပါတယ်။ လက်ချောင်း လေးများပေါ်မှာ ယင်း ပစ္စည်းလေး စွတ်ထားရုံနဲ့-

- သတင်းစာပေါ်မှာ ရုပ်လုံးရုပ်ကြွနဲ့ စာများ ဗီဒီယိုများ မြင်တွေ့ရပါမယ်။ 
- လက်ချောင်းလေးချောင်းကို လေးထောင့်ပုံစံ လုပ်ပြီး ဓာတ်ပုံရိုက်နိုင်ပါတယ်။ 
- စာရွက်ပေါ်မှာ ဂိမ်းဆော့နိုင်ပါမယ်။ ရုပ်ရှင်ကြည့်နိုင်ပါမယ်။ ကွန်ပြူတာ အသုံးပြုနိုင်ပါမယ်။ 
- စာကြည့်တိုက်ဝင်တဲ့အခါ ဘယ်စာအုပ်ပဲဖတ်ဖတ် သူ့ရဲ့ အသေးစိတ် အချက်အလက်များကို စာရွက်ပေါ်မှာ အလိုအလျောက် ပေါ်စေပါမယ်။ 

အစရှိသဖြင့် သုံးလို့ကို မကုန်နိုင်တဲ့ Function ပေါင်းများစွာကို ရရှိမှာ ဖြစ်ပါတယ်။ အလွယ်ကူဆုံး ဥပမာ ကတော့ ဒီလို ဖြစ်ပါတယ်။ 

ပထမဆုံး တီထွင်လိုက်တဲ့ နည်းပညာက စာရွက်ကို ကွန်ပြူတာနဲ့ ဆက်ထားပြီး စာရွက်ပေါ်မှာ ဘာပဲ ရေးရေး ကွန်ပျြူတာ မျက်နှာပြင်က Note pad မှာ ရေးသလိုပဲ စာလုံးတွေပေါ်ပါမယ်။ ရုံးအဝင်အထွက် လက်မှတ်ထိုးတာတို့၊ လက်ဗွေနှိပ်တာတို့ကို လုပ်သလိုကစတာ ဖြစ်ပါတယ်။ 

နောက်တော့ ဘာကြိုးမှ ဆက်စရာမလိုပဲ Wireless နည်းပညာနဲ့ Xbox တို့လို ဂိမ်းအတိုင်း ခန္ဓာကိုယ်ရဲ့  လှုပ်ရှားမှုကို အသုံးပြုမှာ ဖြစ်ပါတယ်။ Xbox က လှုပ်ရှားမှုကို အသုံးပြုရုံပါပဲ။ နောက်ထပ်တစ်ဆင့်တပ်လိုက်တာကတော့ လှုပ်ရှားမှုအပင် လက်ညိုးက တစ်ချက် ကွေးဆန့်လုပ်လိုက်ရင် ကွန်ပြူတာ မျက်နှာပြင်မှာ ကလစ်တစ်ချက်ထောင်သလိုပဲ ဖြစ်ပါတယ်။ ဒါတွေက လိုသလို Option ပေးလို့ရပါတယ်။ နောက်ထပ်တစ်ဆင့်ကတော့ ကွန်ပြူတာ တောင် မလိုတော့ပဲ ပရိုဂျက်တာ သေးသေးလေး တစ်လုံး ရှိရင်ရပြီ ဖြစ်ပါတယ်။ 

လက်ချောင်းများရဲ့  လုပ်ရှားမှု sense ကို အသုံးပြုပါမယ်။ အသံရဲ့ တုန်ခါမှု၊ Sound wave လည်းပါဝင်ပါမယ်။ ဒီတော့ ကိုယ့်ရဲ့  လှုပ်ရှားမှုတိုင်းကို Track လုပ်လို့ အလိုအလျောက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဥပမာ အိပ်ကပ်ထဲက ဒီဂျစ်တယ် ကင်မရာကို ထုတ်ဖို့ ပျင်းတယ်ဆိုရင် လက်ချောင်းလေးကို ကင်မရာပုံစံလုပ်ရိုက်ရုံနဲ့ ကင်မရာထဲမှာ အလိုအလျောက်ဝင်သွား မှာ ဖြစ်ပါတယ်။ 

ဒီထက်မကတဲ့ အဆင့်ပေါင်းမြောက်များစွာ ရှိနေပါသေးတယ်။ ဒါကို  SixthSense လို့ခေါ်ပြီး ဖန်တီးသူကတော့ အမေရိကန်က MIT Meida Lab မှ အိန္ဒိယလူမျိုး Phd ကျောင်းသား Pranav Mistr ဆိုသူ ဖြစ်ပါတယ်။ ပုံမှာ မြင်တွေ့နေရတဲ့ ပုဂ္ဂိုလ်ကလည်း သူကိုယ်တိုင်ပဲ ဖြစ်ပါတယ်။ 

Pranav ရဲ့  ရှင်းလင်းပြသမှုကို အောင်ပါ လခ့်မှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။ 


Ref: TechSpaceJournal

အီတလီမှ တိုက်သစ်တော


အီတလီနိုင်ငံ၊ မီလန်မြို့ မှာ ကြိုးစားပန်းစားနဲ့ တည်ဆောက်လျက် ရှိတဲ့ သစ်တော ဖြစ်ပါတယ်။ 
စက်မှုထွန်းကားတဲ့ မြို့ ကြီးပြကြီးမှာ စိမ်းလမ်းတဲ့ သစ်တော တစ်ခု ဖြစ်လာ ဖို့ မြေနေရာ သီးသန့်ရှာမနေတော့ပဲ ၂၇ ထပ်တိုက် နှစ်လုံးနဲ့ သဘာဝ ကျအောင် ဖန်တီးတော့မှာ ဖြစ်ပါတယ်။ ဒီတော့ စုစုပေါင်း အကျယ်အဝန်းက စတုရန်း မီတာ ၁သောင်း ရှိပါတယ်။ ယင်း ပေပေါင်း ထောင်ချီမြင့်မယ့် ၂၇ ထပ် အမွာတိုက်နှစ်လုံးမှာ သစ်ပင်ပေါင်း ၇၃၀၊ မြေဖုံးအပင်သေးပေါင်း ၁၁၀၀၀၊ ချုံပင် ပေါင်း ၅ထောင် မက စိုက်ပျိုးမှာ ဖြစ်ပါတယ်။
နောက်ဆိုရင် အပင်တွေပါ မကတော့ပဲ တိရစ္ဆာန်များပါ နေထိုင်နိုင်အောင် ဖန်တီးအုံးမှာ ဖြစ်ပါတယ်။ ဒီတော့ တိုက်အမြင့်ကနေ ခုန်မချနိုင်ပဲ၊ ခုန်မချ ချင်ဘဲ သားရဲ တိရစ္ဆာန်များ နေထိုင်နိုင်ဖို့ဆိုတာ လွယ်ကူတဲ့ အခြေ အနေ တော့မဟုတ်ပါဘူး။ သို့ပေမယ့် လက်ရှိ ပထမအဆင့်အနေနဲ့ ကတော့ စိမ်းလမ်းစိုပြေတဲ့ တိုက်နှစ်လုံး ဖြစ်အောင် ဖန်တီးမှာ ဖြစ်ကြောင်း သိရပါ တယ်။ 
Ref: International News for Myanamr

ကမ္ဘာ့ အင်တာနက် အမြန်ဆုံးနှုန်းရရှိသည့်နိုင်ငံများ


Bloomberg.com  မှ ထုတ်ပြန်သည့် စာရင်းအရ ယမန်နှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း ကမ္ဘာ့အင်တာနက်ဆက်သွယ်မှု အမြန်ဆုံးနှုန်း ဖြင့်အသုံးပြုနိုင်သည့် နိုင်ငံ ၁၀ နိုင်ငံစာရင်း ထွက်လာပြီဖြစ်သည်။  ကမ္ဘာ့အင်တာနက်အမြန်ဆုံး အသုံးပြုနိုင်သည့် နိုင်ငံများမှာ အစဉ် လိုက်အားဖြင့် ဟောင်ကောင်၊ တောင်ကိုရီးယား၊ ဂျပန်၊ လက်ဗီးယား၊ ရိုမေးနီးယား၊ ဘယ်လ်ဂျီယမ်၊ ဆွစ်ဇာလန်၊ ဘူလ်ဂေးရီးယား၊ အစ္စရေး၊ စင်ကာပူနိုင်ငံများဖြစ်ပြီး၊ အမေရိကန်နိုင်ငံသည် အဆင့် နံပါတ် ၁၄ တွင်ရှိပြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် အဆင့် ၁၂၃ တွင်လိုက်သည်။

ကမ္ဘာ့အဆင့် တစ် အင်တာနက်အမြန်ဆုံး အသုံးပြုနိုင်သည့် ဟောင်ကောင်တွင် လူဦးရေအချိုးအစားအလိုက် အင်တာနက်အသုံး ပြုနိုင်ရေးအတွက် အစိုးရအနေဖြင့် အကောင်းဆုံးဝန်ဆောင်မှုဖြစ်စေ ရန် စီစဉ်ပေးထားပြီး၊ ဆင်ဆာဖြတ်တောက်မှုများလည်း မရှိပေ။
ဟောင်ကောင်နေပြည်သူများ အင်တာနက်အသုံးပြုနိုင်သည့် အမြန်နှုန်းမှာ ပျမ်းမျှ တစ်စက္ကန့်လျှင် ၅၄ ဒသမ ၁ မီဂါဘစ် (54.1 megabits) နှုန်းဖြစ်သည်။ ထိုနှုန်းဖြင့် အဆင့်မြင့် HD ဗီဒီယို ရုပ်ရှင်ဇာတ်ကားတစ်ကားအား အင်တာနက်မှ download  ချယူမည် ဆိုလျှင် အချိန် ၄ မိနစ်သာကြာမည်ဖြစ်သည်။

အင်တာနက်အမြန်နှုန်းအလိုက် တောင်ကိုရီးယားတွင် 48.8 megabits ၊ ဂျပန်တွင် 42.2 megabits ၊ လက်ဗီးယားတွင် 37.5 megabits ၊ ရိုမေးနီးယားတွင် 37.4 megabits ၊ ဘယ်လ်ဂျီယမ်တွင်  32.7 megabits ၊ ဆွစ်ဇာလန်တွင် 29.6 megabits ၊ ဘူလ်ဂေးရီးယား တွင် 32.1 megabits ၊ အစ္စရေးတွင်  30.9 megabits နှင့် 15.9 megabits အသီးသီးဖြစ်ကြသည်။

Ref: Maukkha

ရေအောက်တွင် ပြုလုပ်ခဲ့သော အပြည်ပြည်ဆိုင်ရာ တွေ့ဆုံပွဲ



အိန္ဒိယ သမုဒ္ဒရာအတွင်းက ကျွန်းနိုင်ငံ ဖြစ်တဲ့ မောလဒိုက်နိုင်ငံ မှာ ၂၀၀၉ ခုနှစ်က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

မောလဒိုက်နိုင်ငံမှ ဝန်ကြီးချုပ် အပါအဝင် နိုင်ငံပေါင်း ၃၀ ကျော်က သက်ဆိုင်ရာ အရာရှိများက ပုံမှာ မြင်တွေ့ရတဲ့အတိုင်း ရေအောက် မှာ ဆွေးနွေး နှီးနှောဖလှယ်မှု၊ စာချုပ်ချုပ်ဆိုမှုများ ပြုလုပ်ခဲ့ ပါတယ်။ တော်တော်ခက်ခဲပြီး ကမောက်ကမ နိုင်တဲ့ အခြေအနေ တစ်ခု ဖြစ်ပေမယ့် မဖြစ်ဖြစ်အောင် ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ ဒီအတွက် ရေစိုခံ စာရွက်စာတမ်း၊ စက်ပစ္စည်း၊ ဘောပင်၊ အစရှိသဖြင့်တို့ကို အသုံးပြုခဲ့ကြပါတယ်။

ရည်ရွယ်ချက်ကတော့ ကမ္ဘာကြီးပူနွေးလာမှုကို သတိပြုစေရန် ဖြစ်ပြီး Climate Vulnerable Forum ရဲ့  ပထမဆုံး ဖိုရမ်ဆွေးနွေးပွဲ လည်း ဖြစ် ပါတယ်။

မောလဒိုက်နိုင်ငံဟာ ပင်လယ်ရေ မျက်နှာပြင်အထက် ၇ ပေ သာ မြင့်ပြီး နောင် နှစ်ပေါင်း ၅၀ ဆိုရင် မော်လဒိုက်နိုင်ငံ ဆက်ရှိမရှိဆိုတာ စိုးရိမ်ရတဲ့ အနေအထား ဖြစ်ပါတယ်။ ဒါကြောင့် ရေခဲမြစ်များ အရည်ပျော်ပြီး ပင်လယ်ရေ မြစ်တက်လာမှုကို သတိပြုလာစေရန် ရေအောက်မှာ ယခုလို ထူးထူးခြားခြား စာချုပ်ချုပ်ဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။


Ref: TechSpaceJournal

ခေါင်းကိုက်ခြင်းအတွက်


ခေါင်းကိုက်ခြင်းဟာ အလွန်အဖြစ်များတဲ့ နာကျင်မှုဖြစ်ပြီး လူတိုင်းလိုလို ခေါင်းကိုက်ဖူးကြပါတယ်။ ခေါင်းကိုက်ခြင်းကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေ အများကြီးရှိပြီး ဖိစီးမှုကတော့ အဓိကကျတဲ့ အကြောင်းအရင်း တစ်ခုပါ။ ခေါင်းကိုက်စေတဲ့ နောက်ခံအကြောင်းအရင်း ရောဂါကြီးကြီးမားမား မရှိရင်တောင် နေ့စဉ်ဘဝမှာ သင့်ရဲ့လုပ်ဆောင်မှု အမျိုးမျိုးကြောင့် ခေါင်းကိုက်လာတတ်ပါတယ်။ ဥပမာသင်ဟာ ကွန်ပျူတာရှေ့မှာ အချိန်အကြာကြီး အလုပ်လုပ်နေရင် ခေါင်းကိုက်လာနိုင်ချေ များပါတယ်။


ဒါကြောင့် သင်ခေါင်းကိုက်လာတဲ့အခါ ဘာကြောင့် ခေါင်းကိုက်တာလဲဆိုတဲ့ အကြောင်းရင်းကို ရှာဖွေစစ်ဆေးပြီး သင့်ရဲ့ အနေအထိုင် အပြုအမူတွေကို လိုအပ်သလို ပြုပြင် ပြောင်းလဲသင့်ပါတယ်။ အောက်ပါ အကြံပြုချက်တွေက ခေါင်းကိုက်တာကို သက်သာစေမယ့် အကြံပြုချက် ရိုးရိုးလေးတွေပါ။

၁။ ကိုယ်ဟန်အနေအထား မမှန်ရင် ဖိစီးမှုကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ခြင်း (Tension Headache) ဖြစ်စေပါတယ်။ ဒါကြောင့် ကိုယ်ဟန်အနေအထား မှန်ကန်အောင် ထိန်းသိမ်းဖို့ အရေးကြီးပါတယ်။ လည်ပင်းနဲ့ ပခုံးကကြွက်သားတွေဟာ ကိုယ်ဟန်အနေအထား မမှန်ရင် တင်းတောင့်နေတဲ့အတွက်ကြောင့် အလုပ်ချိန်မှာ ကိုယ်ဟန်နေအထား မှန်ကန်ဖို့ သတိထားသင့်ပါတယ်။ ဒီလိုကြွက်သားတွေ တင်းမာ ဖိစီးမှုကြောင့် ခေါင်းကိုက်တာ အတွက်တော့ ဆွဲဆန့် လေ့ကျင့်ခန်း လုပ်ပေးတာ အကောင်းဆုံး ဖြေရှင်းနည်းပါပဲ။

၂။ စိုစွတ်တဲ့ အပူဟာ ခေါင်းကိုက်တာကို သက်သာစေပါတယ်။ ရေနွေးထဲမှာ တစ်ဘက်တစ်ထည်ကို စိမ်ပြီး ရေညှစ်ပါ။ ပြီးရင် နာကျင်တဲ့နေရာပေါ် အုပ်ထားပါ။

၃။ အမျိုးသမီးတွေဟာ ရာသီမလာခင်ရက်မှာ ခေါင်းကိုက်တတ်ပါတယ်။ ဒီလိုခေါင်းကိုက်တဲ့ ပုံစံကတော့ မျက်စိတွေရဲ့ နောက်ဘက်နားမှာ နာကျင်မှု ခံစားရတာပါ။ ဒီအတွက်တော့ အမျိုးသမီးတွေဟာ ဇင့်ဓာတ်ကြွယ်ဝတဲ့ အစာတွေကို စားသင့်ပါတယ်။ အဆီနည်းတဲ့အသားကို စားနိုင်ပါတယ်။

၎။ ခေါင်းကိုက်တာကို ဖြစ်စေတဲ့ အဓိက အကြောင်းကတော့ ဖိစီးမှုပါ။ ဒါကြောင့် သင်ဟာ ဖြေလျှော့အနားယူဖို့ လိုအပ်ပါတယ်။ လုံလောက်အောင် အိပ်စက်အနားယူဖို့လည်း အရေးကြီးပါတယ်။ အလုပ်ကိုလည်း ဆက်တိုက် အကြာကြီးမလုပ်ဘဲ ခဏတစ်ဖြုတ် နားပေးဖို့လိုအပ်ပါတယ်။

၅။ ဖိစီးမှုကြောင့်ဖြစ်တဲ့ ခေါင်းကိုက်တဲ့အခါ နာကျင်မှုဟာ လည်ပင်းနဲ့ ပခုံးတွေကို ပျံ့နှံ့သွားပြီး တော်တော်လေး မသက်မသာ ခံစားရတတ်ပါတယ်။ ဒီလို ခေါင်းကိုက်ခြင်းမျိုးအတွက်တော့ အနှိပ်ခံရင် သက်သာစေပါတယ်။ ဖိစီးမှုတွေ ပြေပျောက်စေဖို့ ဦးခေါင်းနဲ့ ပခုံးတွေကို ညင်ညင်သာသာ နှိပ်နယ်ပေးပါ။

၆။ အစာမစားဘဲ နေတာဟာလည်း ခေါင်းကိုက်စေနိုင်ပါတယ်။ ဒါကြောင့် အစာကို အချိန်မှန်မှန်စားဖို့ အရေးကြီးပါတယ်။

၇။ ရေများများ သောက်ပါ။ ရေဟာ ခန္ဓာကိုယ်ကို အေးမြစေပြီး ခေါင်းကိုက်တာကို သက်သာစေပါတယ်။ နေ့စဉ် အနည်းဆုံး ရေ (၈) ဖန်ခွက် သောက်ပါ။

၈။ လဲလျောင်ေးနပါ။ ပြီးရင် လည်ပင်း၊ ပခုံးနဲ့ နားထင်တွေမှာ ရေခဲကပ်ပါ။ ဒါဟာ သင့်ကို ဖြေလျှော့အနားရစေပြီး ခေါင်းကိုက် သက်သာစေပါတယ်။

၉။ အကိုက်အခဲ ပျောက်ဆေးတွေက ခေါင်းကိုက် သက်သာစေပါတယ်။ ဒါပေမယ့် ခဏခဏ ခေါင်းကိုက်တိုင်း အကိုက်အခဲ ပျောက်ဆေး အမြဲလိုလို သောက်နေတာဟာ မကောင်းပါဘူး။ သင့်မှာ အစာအိမ်အနာရောဂါ အပါအဝင် တခြားကျန်းမာရေး ပြဿနာတွေရှိရင် ဆရာဝန်ညွှန်ကြားမှသာ အကိုက်အခဲပျောက်ဆေး သောက်ပါ။

၁၀။ ခေါင်းတစ်ခြမ်းကိုက် ရောဂါရှိသူတွေကတော့ သူတို့စားတဲ့ အစာတွေကို မှတ်တမ်းထားဖို့ လိုပါတယ်။ တစ်ချို့ အစားအစာတွေကြောင့် ခေါင်းတစ်ခြမ်းကိုက်တာကို ဖြစ်စေနိုင်တဲ့အတွက် ဘယ်လို အစားအစာတွေကြောင့် သင့်ခေါင်းကိုက်တတ်တယ်ဆိုတာ မှတ်သားပြီး ရှောင်ကြဉ်ဖို့ လိုပါတယ်။

Ref: Myawady News

မိုဘိုင်းဖုန်းနှင့် ဆက်စပ်သော စိတ်ရောဂါသစ် တွေ့ရှိ

ရယ်စရာ မဟုတ်ပါဘူး။ တကယ် ရောဂါ စစ်စစ်ဖြစ်ပါတယ်။ ဟန်းဖုန်း မရှိတော့ တာမျိုး၊ ဟန်းဖုန်း ပါဝါကုန်သွားတာမျိုး၊ ဟန်းဖုန်း ဘေလ်ကုန် သွားတာ မျိုးကျရင် စိတ်ဓာတ်ကျဆင်းမှုနဲ့ အခြား မအီမသာ ခံစားချက် တစ်ခု ဖြစ်ပေါ်ပြီး ယင်းစိတ်ရောဂါကို Nomophobia လို့ အမည်ပေး ထားပါ တယ်။ 

အရှည်ခေါ်ကတော့ no-mobile-phone phobia ဖြစ်ပါတယ်။ ဖုန်း ပါဝါ ကုန်သွားလို့ ဘက်ထရီ အားမဖြည့်ရသေးတာမျိုး၊ ဖုန်းဘေလ် ကုန်သွားလို့ စိတ်ညစ်ရတာမျိုး ကတော့ တော်များများ တွေ့ကြုံရပါတယ်။ နောက် တစ်နေရာရာ သွားတဲ့အခါ ဖုန်းမေ့ခဲ့တာတို့၊ ဖုန်းပျောက်သွားတာ တို့ ဖြစ်ရင် လည်း ပိုဆိုးတဲ့ စိတ်ခံစားချက် တစ်ခုကို ရပါတယ်။ ပြီးတော့ အသံတစ်ခုခု ကြားတာနဲ့ မက်ဆေ့ခ်ျဝင်တယ်၊ ဖုန်းလာ တယ်လို့ ထင်နေရာကလည်း ယင်း Nomophobia စိတ် ရောဂါ အခြေအနေ တစ်ခု ဖြစ်ပါတယ်။ 

ဖုန်းရဲ့ လူ့ဘဝ လုပ်ငန်းဆောင်တာမှာ ပါဝင်တဲ့ အစိတ်အပိုင်းက ကြီးမား လာပြီး စိတ်ပိုင်းဆိုင်ရာ တစ်ခုလုံးကို လွမ်းမိုးလာတာမျိုးတို့ ဖြစ်တတ်ပါ တယ်။ ဖုန်းမရှိရင်၊ ဖုန်းလေးမှ မဆက်ရရင် အထီးကျန်တယ် လို့ ထင်မြင် လာတတ်ကြပြီး ဖုန်းကိုအခြေပြုလို့ နေထိုင်မှုများ ပြုလုပ်ပါတယ်။ Nomophobia ရဲ့ နောက်ဆက်တွဲကတော့ အထီးကျန်တယ်လို့ ခံစားရတဲ့ စိတ်ရောဂါ အခြေအနေ တစ်ခုသို့ ရောက်ရှိနိုင်စေတယ်လို့ လေ့လာသူတို့က ဆိုထားပါတယ်။ 

မခုန်ပဲ လမ်းလျှောက်သော ဖား



Monkey Leaf Frog လို့ခေါ်တဲ့ သစ်ပင်ပေါ်နေ ဖားတစ်မျိုး ဖြစ်ပါတယ်။ ကမ္ဘာ့ ဈေးကြီး အိမ်မွေး တိရစ္ဆာန်စာရင်းထဲမှာလည်း ပါရှိပါတယ်။ 

ပုံစံကလည်း တကယ့် ပညာရှိပုံအတိုင်းပါပဲ။ မျက်လုံးနဲ့ ကိုယ်ဟန် နေထိုင် သွားလာပုံက အလွန်တည်ငြိမ် ပါတယ်။ နေ့ဘက်တွေ မှာ နေပူစာလုံ လို့ အေးအေးဆေးဆေး နေတတ်ပြီး ညဘက်မှာ အင်းဆက် အစာရှာထွက် တတ်တဲ့ ဖား ဖြစ်ပါတယ်။ ရာသီတစ်ခုလုံး မြေအောက် မဆင်းပဲ သစ်ပင်ပေါ် မှာပဲ နေထိုင်နိုင်လောက်အောင် လည်း ထူးခြားတဲ့ ဖား ဖြစ်ပါတယ်။ 

Waxy Monkey Leaf Frog လို့လည်း ခေါ်ပါတယ်။ အရွယ်အစား သေး ပါတယ်။ ၂ လက်မနဲ့ ၃ လက်မ အတောအတွင်းသာ ရှိပြီး အမတွေက အထီးထက် ၂၅ ရာခိုင်နှုန်း ပိုကြီးတတ်ပါတယ်။ တစ်ကမ္ဘာလုံးမှာမှ တောင် အမေရိကနဲ့ အမေရိကတိုက် အလယ်ပိုင်းတွေမှာပဲ မြင်တွေ့ရတဲ့ ဖားမျိုးစိတ် ဖြစ်ပြီး ရှားပါးဖားထဲမှာ ပါဝင် ပါတယ်။ 

ခုန်တတ်ပေမယ့် လမ်းလျှောက်ပြီး သွားတဲ့ အကျင့် ပိုရှိတဲ့အတွက် Monkey Frog လို့ အမည်ပေးထားခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ကမ္ဘာတစ်ဝန်းကနေ လို့ Monkey Leaf Frog ကို အိမ်မွေးတိရစ္ဆာန်အဖြစ် ဝယ်ယူ မွေးလေ့ ရှိကြောင်း သိရပါတယ်။ 

Ref: International News for Myanmar
Related Posts Plugin for WordPress, Blogger...