လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

တရုတ်ကျောင်းတွင် ရည်းစား လုံးဝမထားရ

အရှေ့တရုတ်ပြည်နယ်ရှိ ကျောင်းတစ်ကျောင်းတွင် အငြင်းပွားဖွယ်ရာဖြစ်သော ရည်းစား လုံးဝမထားရ ဆိုသည့် အမိန့်ကို ချမှတ်လိုက်သည်။
ယူကင်းယူကိုင်ကျောင်း၏ ထုတ်ပြန်ချက်ထဲတွင် လူငယ်ကျောင်းသားများ အနေဖြင့် ဆန့်ကျင်ဖက်လိင်၊ အခြားကျောင်းသူကိုဖြစ်စေ၊ ကျောင်းသားကိုဖြစ်စေ သစ်ပင်အောက်၊ ကျောင်းထောင့် စသည့် လူမရှိသော နေရာတွင် တစ်ဦးတည်း စကားမပြောရဟု ကန့်သတ်ထားသည်။
လက်တွဲလမ်းလျှောက်ခြင်း၊ ဖက်ပွေ့ခြင်းနှင့် နမ်းခြင်း တို့ကိုလည်း ပြင်းထန်စွာ တားမြစ်ထားသည်။ ကစားကွင်းထဲတွင် လည်း ယောက်ျားလေး- မိန်းကလေး အချင်းချင်း ယှဉ်တွဲပြီး လမ်းမလျှောက်ရဟု ပိတ်ပင်ထားလိုက်သည်။
''ကျွန်ုပ်တို့ ကျောင်းသားတွေ အားလုံးဟာ ကျိုးကြောင်း ဆင်ခြင်တုံတရားရှိပြီး ချုပ်တည်းနိုင်စွမ်းရှိရှိ နေနိုင်ဖို့ မျှော်လင့်ပါတယ်။ အထူးသဖြင့်တော့ ဆယ်ကျော်သက် အချစ်ရေးကိစ္စနဲ့ ပတ်သက်လို့ပါ။ ဒါမှ စာတစ်ခုတည်းကိုပဲ အာရုံစူးစိုက်လေ့လာနိုင်မှာ" ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။
ငယ်ရွယ်စဉ် ရည်းစားထားခြင်းဖြင့် ပညာရေးကို ထိခိုက်နိုင်သည်ဟု သတိပေးထားသည်။ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက် အန္တရာယ် ဖြစ်စေနိုင်သည်ဟုလည်း ကြေညာချက်တွင် ဖေါ်ပြထားရှိသည်။ စည်းကမ်းကို ဖေါက်ဖျက်သော ကျောင်းသားအနေဖြင့် အပြစ်ပေး အရေးယူခြင်း ခံရမည်ဖြစ်ပြီး မိဘများထံသို့လည်း အကြောင်းကြားမည်ဖြစ်သည်။
"ဆယ်ကျော်သက် ရည်စားထားတာကတော့ ဒီခေတ်မှာ သိပ်ပေါများလွန်းလှတယ်။ ကိုင်တွယ်ရ သိပ်ခက်ခဲတာပါ။"  ကျောင်းဒါရိုက်တာ လီချွန်လီယန်က တရုတ်နေ့စဉ် သတင်းစာကို ပြောပြခဲ့သည်။ "ဒီစည်းကမ်းအသစ်ကတော့ ငယ်ငယ်ရွယ်ရွယ် ဖြစ်ပျက်နေတာကို ကာကွယ်ပေးနိုင်မယ်လို့ ကျမတို့က မျှော်လင့်ထားတာပါ။"
မိဘအများစုက ထောက်ခံကြောင်းကိုလည်း ဒါရိုက်တာက ပြောပြခဲ့သည်။
"ဒီစည်းကမ်းတွေ မချထားခင်မှာလည်း ကျောင်းသားတွေနဲ့ တိုင်ပင်ပါတယ်။" မစ္စလီက ရှင်းပြသည်။ "ကျောင်းသားတချို့ ပြောတာကတော့ ကစားကွင်းထဲမှာ လမ်းအတူတူ လျှောက်နေရင်းမှာပဲ ရည်းစား ဖြစ်သွားကြတယ်တဲ့။ ဒါကြောင့်မို့လို ဒီစည်းကမ်းကို ထည့်ထားရတာပါ။"
သို့သော် အချို့ပညာရေးသမားများက သဘောမတူကြပါ။
"ဆယ်ကျော်သက်အရွယ်မှာ ရည်းစား မထားရဘူးဆိုတဲ့ စည်းကမ်းရယ်၊ ပညာရေးကိုထိခိုက်မယ်ဆိုတဲ့ အချက်တွေကတော့ အင်မတန်ပြောင်မြောက်တဲ့ ဟာသပါပဲ။" ဘေဂျင်းတက္ကသိုလ်နှင့် တွဲဖက်ဖွင့်လှစ်ထားသည့် အထက်တန်းကျောင်းမှ ကျောင်းသား မိုဒင်းကဆိုသည်။ "ရည်စားအတွဲ တချို့ကို တွေ့ဖူးပါတယ်။ သိပ်ကိုစာကြိုးစားကြတာ။ နောက်ပြီးတော့ တစ်ယောက်ကို တစ်ယောက် တကယ်ပဲ အားပေးကူညီနေလိုက်ကြပုံများ။"
၂၁ ရာစုပညာရေး သုတေသန အင်စတီကျူ့မှ လက်ထောက်ဒါရိုက်တာ ဇီအွန်ဘက်ကီက လူငယ်များ၏ လှုပ်ရှားဆောင်ရွက်မှုများ အပေါ် တင်းကျပ်သော စည်းကမ်းများထားရှိမည့်အစား အပြုအမူကို လမ်းညွှန်သင့်သည်ဟု ဆိုပါသည်။
"ကျမအနေနဲ့တော့ ဒီသတင်းကို သိပ်မအံ့သြပါဘူး။ ပညာရေးသမားတွေ၊ ကျောင်းဆရာ ဆရာမတွေက ကျောင်းမှာ စာတော်ဖို့ တစ်ခုတည်းကိုပဲ ပညာရေးလို့ (တလွဲ) ထင်နေကြတာလေ။ ဒီလို စည်းကမ်းတွေက မထူးဆန်းလှပါဘူး။"
"ဒီမိဘတွေ၊ ကျောင်းဆရာဆရာမတွေ နားမလည်ထားတာကတော့ ပုဂ္ဂလအကျင့်၊ စာရိတ္တ သိက္ခာရှိမှုနဲ့ စိတ်ကျန်းမာရေးဟာ ကလေးပညာရေးမှာ ပိုလို့ အရေးကြီးတယ်ဆိုတာပါ။"
အငြင်းပွားဖွယ်ရာ ရှိသော်လည်း ကျောင်းဆုံးဖြတ်ချက်မှာ ရည်ရွယ်ချက် ကောင်းသည်ဟု မစ္စလီကဆိုပါသည်။
"အမြင်မတူတဲ့ ရှုထောင့်တွေကို ကြားသိနေရပါတယ်။ နောက်ပြီးတော့ ဒီစည်းကမ်းရဲ့ သက်ရောက်မှုက ရှေ့ဆက် ဘာဖြစ်လာမှာလည်းဆိုတာကိုလည်း မသိသေးဘူး။ ကျမတို့က ကျောင်းသားတွေကို ကူညီဖို့ လုပ်တာပါ။"
လိင်မတူသော ကျောင်းသားနှင့် ကျောင်းသူတို့သည် စကားပြောသည့်အခါ ၆၀ စင်တီမီတာ (၂ ပေ) အကွာအဝေးတွင် (စာသင်ချိန်မှလွဲ၍) နေကြရမည် ဖြစ်သည်။ တွေ့ဆုံသော နေရာသည် လင်းထိန်နေသော လူအများစုရှိရာ နေရာများလည်း ဖြစ်ရမည်။


ဖွံ့ဖြိုးတိုးတက်မှု အနိမ့်ဆုံးနိုင်ငံများအကြောင်း

(Least developed country) ဖွံ့ဖြိုးမှုအနိမ့်ဆုံးနိုင်ငံ (LDC သို့မဟုတ် စတုတ္ထကမ္ဘာ့နိုင်ငံ) များသည် ကုလသမ္မဂ္ဂအဆိုအရ စီးပွားရေး၊ လူမှုရေး ဖွံ့ဖြိုးတိုးတက်နှုန်း အနိမ့်ဆုံးကိန်းညွှန်းများသာ ရှိပြီး ကမ္ဘာ့နိုင်ငံများအား နှိုင်းယှဉ်ပြထားသည့် လူသားဖွံဖြိုးတိုးတက်မှု ညွှန်းကိန်းအဆင့် သတ်မှတ်ချက်တွင် အနိမ့်ဆုံးနိုင်ငံများ ဖြစ်သည်။ မှတ်ကျောက်စံနှုန်း သုံးမျိုးတွင် ပါဝင်ပါက တိုင်းပြည်တစ်ပြည်ကို ဖွံဖြိုးမှုအနိမ့်ဆုံးစာရင်းဝင် အဖြစ် သတ်မှတ်သည်။
  1. ၀င်ငွေနိမ့်ကျခြင်း (တစ်ဦးချင်းတစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၅၀ ထက်နည်းခြင်း)
  2. လူသားအရင်းအမြစ်နည်းခြင်း (အာဟာရ၊ ကျန်းမာရေး၊ ပညာရေးနှင့် သက်ကြီးစာတတ်မြောက်မှုနှုန်း)
  3. စီးပွားရေးအားနည်းမှု (စိုက်ပျိုးထုတ်လုပ်မှု မတည်ငြိမ်ခြင်း၊ ထုတ်ကုန်တင်ပို့မှုနှင့် ၀န်ဆောင်တင်ပို့မှု မတည်ငြိမ်ခြင်း၊ အစဉ်အလာမဟုတ်သည့် စီးပွားရေးလုပ်ငန်းများ၏ အရေးပါခြင်း၊ ထုတ်ကုန်ပစ္စည်း ထုတ်လုပ်မှုစုစည်းခြင်း၊ စီးပွားရေးသေးငယ်မှုကြောင့် အဟန့်အတားဖြစ်ခြင်း၊ သဘာဝဘေးကြောင့် အိုးအိမ်စွန့်ပြေးရသော ဦးရေရာခိုင်နှုန်း)
အဆိုပါ LDC တိုးတက်မှုအနိမ့်ဆုံး စံသတ်မှတ်ချက်ကို ကျော်နိုင်လျှင် နိုင်ငံအဆင့်အတန်း တက်နိုင်သည်။

ဖွံဖြိုးမှုအနိမ့်ဆုံးနိုင်ငံများသည် ယေဘုယျအားဖြင့် အလွန်ဆင်းရဲခြင်းကို ခံစားရပြီး ပဋိပက္ခ (ပြည်တွင်းစစ်၊ လူမျိုးရေးစစ်ပွဲများ)၊ နက်ရှိုင်းသည့် နိုင်ငံရေးခြစားမှုနှင့် နိုင်ငံရေး လူမှုရေး တည်ငြိမ်မှု ကင်းမဲ့ခြင်းများကို တွေ့ရတတ်သည်။ အစိုးရမှာလဲ ထိုတိုင်းပြည်များတွင် ဗဟိုထိန်းချုပ်ပုံစံ၊ အာဏာရှင်အပါအ၀င်နှင့် စစ်ဦးစီးဝါဒ အစိုးရပုံစံမျိုး ဖြစ်နေတတ်သည်။ LDC နိုင်ငံအများစုမှာ ဆာဟာရအတွင်းပိုင်း အာဖရိကနိုင်ငံများတွင် တည်ရှိသည်။

လက်ရှိ LDC နိုင်ငံများ
အာရှ (၁၀ နိုင်ငံ)
  • အာဖဂန်နစ္စတန်
  • ဘင်္ဂလားဒေ့ရှ်
  • ဘူတန်
  • ကမ္ဘောဒီးယား
  • လာအို
  • မောလ်ဒိုက်
  • မြန်မာ
  • နီပေါ
  • တီမော
  • ယီမင်

အာဖရိက (၃၄ နိုင်ငံ)
  • အင်ဂိုလာ
  • ဘီနင်
  • ဘာကီနာဖာဆို
  • ဘူရွန်ဒီ
  • ကိပ်ဗာဒီ
  • ဗဟိုအာဖရိက
  • ချဒ်
  • ကော်မိုရို့စ်
  • ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ
  • ဂျီဘူတီ
  • အီကွေတိုးရီးယဲလ်ဂီနီ
  • အီရစ်ထရီးယား
  • အီသီယိုပီးယား
  • ဇမ္ဘီယာ
  • ဂီနီ
  • ဂီနီဘစ်ဆော
  • လီဆိုသို
  • ဘိုက်ဘေးရီးယား
  • မာဒါဂါးစကား
  • မာလာဝီ
  • မာလီ
  • မောရီတေးနီးယား
  • မိုဇမ်ဘစ်
  • ဆောတီမီနှင့် ပရင်ဆီပီ
  • ဆီနီဂေါ
  • ဆီယာရာလီယွန်
  • ဆိုမာလီယား
  • ဆူဒန်
  • တိုဂို
  • ယူဂန်ဒါ
  • တန်ဇန်နီးယား
  • ဇမ္ဘီယာ

အိုရှင်းနီးယား (၅ နိုင်ငံ)
  • ကီရီဘာတီ
  • ဆာမိုအာ
  • ဆောလ်မွန်ကျွန်းစု
  • တူဗာလူ
  • ဗင်နော့တူ

အမေရိက (၁ နိုင်ငံ)
  • ဟေတီ

အထက်ပါ စာရင်းများသည် ၂၀၁၂၊ ဇန်န၀ါရီလ ၄ ရက်နေ့ နောက်ဆုံး Update ဖြစ်ပါသည်။

တောင်ကိုရီးယားသည် မကြာခင် ဂျပန်ထက် ချမ်းသာလာမည်

နှစ်ပေါင်းအတော်ကြာအောင် ဂျပန်က အာရှမှာ အချမ်းသာဆုံးနှင့် စီးပွားရေးအင်အားအကြီး ဖြစ်ခဲ့သည်။ အာရှစီးပွားရေးမှာ ပထမဆုံး စက်မှုခေတ် ပြောင်းနိုင်ခဲ့တဲ့ နိုင်ငံလည်းဖြစ်သည်။ နောက်မှ အာရှကျားတွေဖြစ်တဲ့ ဟောင်ကောင်၊ ထိုင်ဝမ်၊ စင်္ကာပူ၊ တောင်ကိုရီးယားနှင့် တရုတ်တို့  ဂျပန်လမ်းကြောင်းကိုကြည့်ပြီး လိုက်လာခြင်း ဖြစ်သည်။
ဒါပေမဲ့ အခု ဂျပန်ကို သူ့နောက်က နိုင်ငံတွေ ကျော်တက်စပြုနေပြီ။ တရုတ်စီးပွားရေးအရွယ်အစားက ဂျပန်ထက် ပိုကြီးသွားခဲ့ပြီ။ လူသိနည်းတဲ့ အချက်တစ်ခုက စက်မှုဖွံ့ပြီး အာရှနိုင်ငံသစ်တွေရဲ့ စီးပွားရေးက ဂျပန်ထက် ပိုပြီးချမ်းသာနေခြင်း ဖြစ်သည်။
နိုင်ငံတွေရဲ့ လူနေမှုအဆင့်အတန်းကို နှိုင်းယှဉ်ဖို့ အကောင်းဆုံးနည်းက တစ်ဦးချင်း ၀ယ်ယူနိုင်စွမ်း (purchasing-power parity) ဖြင့် တိုင်းတာတဲ့ နိုင်ငံသားတစ်ဦးချင်း ဂျီဒီပီ (GDP per person) ဖြစ်သည်။ ဤနည်းအားဖြင့် တိုင်းပြည်တစ်ခုချင်းအလိုက် လူနေမှုစရိတ် ကွာခြားမှုတွေကို ကြည့်ကြသည်။ PPP တိုင်းတာမှုအရဆိုရင် စင်္ကာပူက ဂျပန်ကို ၁၉၉၃ ခုနှစ်မှာ ကျော်တက်ခဲ့သည်။ ဟောင်ကောင်က ၁၉၉၇ ခုနှစ်မှာ ကျော်လွန် ခဲ့သည်။ ထိုင်ဝမ်က ၂၀၁၀ မှာ ဂျပန်ကို ကျော်လွန်ခဲ့သည်။
အခုနောက်ဆုံး IMF ရဲ့ ခန့်မှန်းချက်အရ လာမယ့်ငါးနှစ်အတွင်း တောင်ကိုရီးယားက ဂျပန်ထက် ချမ်းသာလာပြီး၊ စီးပွားရေး အင်အားပါ သာလွန်သွားမည်ဟု ဆိုသည်။ ၁၉၈၀ ခုနှစ်ကဆိုရင် တောင်ကိုရီးယား တစ်ဦးချင်းရဲ့ ဂျီဒီပီက ဂျပန်ရဲ့ လေးပုံတစ်ပုံသာ ရှိခဲ့သည်။ ယခုတော့ တောင်ကိုရီးယားက နေရစ်တော့ ဂျပန်ရေ.. ဟု နှုတ်ဆက်ဖို့ ရှိနေသည်။


မူရင်း - Maukkha.org

ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမ္မတများ

  1. စ၀်ရွှေသိုက် (4.1.1948 - 16.3.1952)
  2. ဦးဘဦး (16.3.1952 - 13.3.1957)
  3. မန်းဝင်းမောင် (13.3.1957 - 2.3.1962)
  4. ဦးနေ၀င်း (2.3.1974 - 9.11.1981)
  5. ဦးစန်းယု (9.11.1981 - 25.7.1988)
  6. ဦးစိန်လွင် (25.7.1988 - 12.8.1988)
  7. ဦးအေးကို(ယာယီ)  (12.8.1988 - 19.8.1988)
  8. ဒေါက်တာမောင်မောင် (19.8.1988 - 18.9.1988)
  9. ဦးသိန်းစိန် (4.2.2011 - လက်ရှိ)

မြန်မာနိုင်ငံ ၁၉၄၈၊ ဇန်န၀ါရီ ၄ တွင် လွတ်လပ်ရေးရပြီးနောက် အုပ်ချုပ်ရေးနှင့် နိုင်ငံအကြီးအကဲအဖြစ် သမ္မတရာထူးအဖြစ် သတ်မှတ်ပြဌာန်းခဲ့သည်။ ရာထူးအားဖြင့် သမ္မတသည် အကြီးအကဲဖြစ်သော်လည်း အုပ်ချုပ်ရေးအဖွဲ့အကြီးအကဲမှာ ၀န်ကြီးချုပ်ဖြစ်သည်။ ၁၉၄၇ ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတသည် ဂုဏ်ထူးဆောင်သမ္မတဖြစ်ပြီး အုပ်ချုပ်ရေးအာဏာ အနည်းငယ်သာရှိသည်။ လွှတ်တော်ဖျက်သိမ်းထားချိန်များနှင့် ရွေးကောက်ပွဲကြားကာလများ အတွင်း အုပ်ချုပ်ရေးဆိုင်ရာ လစ်ဟင်းမှုများ မဖြစ်စေရန် သမ္မတမှ ယာယီတာဝန်ယူအုပ်ချုပ်ပေးခြင်းမျိုးသာ ရှိသည်။ ထို ပါလီမန်ဒီမိုကရေစီခေတ်တလျှောက် သမ္မတတာဝန် ယူခဲ့သူများမှာ-
  1. စ၀်ရွှေသိုက်
  2. ဦးဘဦး
  3. မန်းဝင်းမောင်
တို့ဖြစ်သည်။
သို့ရာတွင် ၁၉၆၂ ဗိုလ်ချုပ်ကြီးနေ၀င်း ဦးဆောင်သည့် တပ်မတော်မှာ အာဏာသိမ်းမှုဖြစ်ပြီးနောက် အထက်ပါ ဖွဲ့စည်းပုံအခြေခံ ဥပဒေအား ဖျက်သိမ်းလိုက်သဖြင့် ပါလီမန်ဒီမိုကရေစီ စနစ်နှင့်အတူ သမ္မတရာထူးလည်း တစ်ပါတည်း ဖျက်သိမ်းခံရသည်။ ထို့နောက် ၁၉၇၄ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ တစ်ပါတီစနစ် ကျင့်သုံးပြီး အစိုးရအဖွဲ့အကြီးအကဲသည် သမ္မတဖြစ်ကြောင်း ပြဌာန်းသဖြင့် သမ္မတသည် အာဏာပိုင်ဖြစ်လာသည်။ ထိုဖွဲ့စည်းပုံအရ တာဝန်ယူခဲ့သူသော သမ္မတများမှာ-
  1. ဦးနေ၀င်း
  2. ဦးစန်းယု
  3. ဦးစိန်လွင်
  4. ဦးအေးကို
  5. ဒေါက်တာမောင်မောင်
တို့ဖြစ်ကြသည်။

 ၁၉၈၈ (၈၈၈၈) လူထုအုံကြွမှုအပြီး တပ်မတော်မှ တဖန် အာဏာသိမ်းယူလိုက်ခြင်းဖြင့် ၁၉၇၄ ဖွဲ့စည်းပုံ ပယ်ဖျက်ခံလိုက်ရသည့်နောက်တွင် စစ်အုပ်ချုပ်ရေးကာလများတွင် စစ်ဦးစီးချုပ်များဖြစ်သည့် ဗိုလ်ချုပ်ကြီးစောမောင် နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တို့ကသာ တိုင်းပြည်ကို တိုက်ရိုက်အုပ်ချုပ်ခဲ့ကြသဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေအား လိုက်နာကျင့်သုံးခြင်းမရှိသည့် ကာလဖြစ်သည်။ အစိုးရအဖွဲ့အကြီးအကဲ အဖြစ်သော်လည်းကောင်း၊ နိုင်ငံအကြီးအကဲ အဖြစ်သော်လည်းကောင်း သမ္မတအုပ်ချုပ်ရေးပုံစံ မဖြစ်ခဲ့ပေ။ သို့သော် အစိုးရအဖွဲ့ကို ဦးဆောင်ရန် ၀န်ကြီးချုပ်တစ်ဦးကို ခန့်အပ်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်များအရ နိုင်ငံတော်သမ္မတသည် နိုင်ငံအကြီးအကဲသာမက အစိုးရအဖွဲ့အကြီးအကဲပါဖြစ်သည်။ သို့ဖြင့် ၂၀၁၁၊ ဖေဖော်ဝါရီ ၄ ရက်တွင် ပြည်ထောင်စုလွှတ်တော်မှ ရွေးကောက်ခံကိုယ်စားလှယ်များနှင့် စစ်ဘက်မှကိုယ်စားလှယ်များ ပါဝင်သည့် သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့၏ မဲပေးချက်များအရ ဦးသိန်းစိန် သည် သမ္မတဖြစ်လာသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သမ္မတ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်များ

နိုင်ငံတော်သမ္မတ သည် ပြည်ထောင်စု လွှတ်တော်၏ သဘောတူညီချက်ဖြင့်
  • ပြည်ထောင်စု အစိုးရ ၀န်ကြီးဌာနများကို လိုအပ်သလို သတ်မှတ်နိုင်သည်။ ပြင်ဆင် သတ်မှတ် ဖြည့်စွက်ခြင်း ပြုနိုင်သည်။
  • ပြည်ထောင်စုဝန်ကြီးဦးရေကို လိုသလို သတ်မှတ်နိုင်သည်။ ဦးရေ တိုး/လျှော့ ပြုနိုင်သည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု လွှတ်တော်အား တာဝန်ခံရမည်။ ဒုတိယသမ္မတများသည် နိုင်ငံတော်သမ္မတအား လည်းကောင်း၊ နိုင်ငံတော်သမ္မတမှ တဆင့် ပြည်ထောင်စုလွှတ်တော်အား လည်းကောင်း တာဝန်ခံရမည်။

နိုင်ငံတော်သမ္မတသည်
  • ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့်ရှိသည်။
  • အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ထောက်ခံချက်နှင့် အညီ လွတ်ငြိမ်း ချမ်းသာခွင့် ပေးနိုင်သည်။

နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ
  • ဂုဏ်ထူးဆောင်ဘွဲ့များ၊ တံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်သည်။
  • ချီးမြှင့်ထားသည့် ဂုဏ်ထူးဆောင်ဘွဲ့၊ တံဆိပ်များ ပြန်လည်ရုပ်သိမ်း နိုင်သည်။
နိုင်ငံတော်သမ္မတသည် ပြည်ထောင်စုလွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံခြားတိုင်းပြည်များနှင့် သံတမန်ဆက်သွယ်ခြင်း၊ ဖြတ်တောက်ခြင်း ပြုနိုင်သည်။ သို့ရာတွင် ချက်ချင်းအရေးယူ ဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေမျိုးတွင် သမ္မတသည် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းကာ နိုင်ငံခြားတိုင်းပြည်တစ်ခုနှင့် သံတမန်အဆက်အသွယ် ဖြတ်တောက်နိုင်သည်။ မိမိ၏ အရေးယူဆောင်ရွက်ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်ပြ အတည်ပြုချက် ရယူရမည်။

နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ ၀န်ထမ်းအဖွဲ့အစည်း အကြီးအမှူးများကို ခန့်အပ်ခြင်း၊ ထုတ်ပယ်ခြင်း ပြုနိုင်သည်။


နိုင်ငံတော်သမ္မတသည် ဥပဒေနှင့်အညီ
  • ပြည်ထောင်စုလွှတ်တော် အတည်ပြုချက်ဖြင့် ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ၊ နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နှုတ်ထွက်ခြင်း ပြုနိုင်သည်။
  • ပြည်ထောင်စုလွှတ်တော် အတည်ပြုချက် ရယူရန် မလိုအပ်ဘဲ ဆောင်ရွက်ခွင့်ရှိသော အပြည်ပြည်ဆိုင်ရာ၊ ဒေသဆိုင်ရာ၊ နိုင်ငံအချင်းချင်းဆိုင်ရာ စာချုပ်များကို ချုပ်ဆိုခြင်း၊ အတည်ပြုဆောင်ရွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ စာချုပ်များမှ နှုတ်ထွက်ခြင်း ပြုနိုင်သည်။

နိုင်ငံတော်သမ္မတသည် နိုင်ငံတော် မူဝါဒများနှင့် အခြေအနေအရပ်ရပ်တို့ကို ပြည်ထောင်စု လွှတ်တော် အစည်းအဝေးတွင်ဖြစ်စေ၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် အစည်းအဝေးတွင် ဖြစ်စေ၊ နိုင်ငံတစ်ဝှမ်းလုံးသို့ဖြစ်စေ အခါအားလျော်စွာ မိန့်ခွန်းပြောကြားခွင့်၊ သ၀ဏ်လွှာပေးပို့ခွင့် ရှိသည်။

လိုအပ်လျှင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကိုဖြစ်စေ၊ အထူးအစည်းအဝေး ကိုဖြစ်စေ ခေါ်ယူကျင်းပပေးရန် ပြည်ထောင်စုလွှတ်တော် နာယကအား အကြောင်းကြားနိုင်သည်။

every human must watch this video


မူရင်း Youtube link

မင်းမြောက်တန်ဆာ

မင်းမြောက်တန်ဆာဟူသည် မင်းဧကရာဇ်တို့၏ အဆောင်အယောင်ကို ခေါ်သည်။ ရေမြေသေဌ်နင်း ဘုရင်မင်းတို့ ဘိသိက်မင်္ဂလာအခါတော်တွင် ဆင်ယင်ကိုင်စွဲသော အဆောင်အယောင်ငါးပါးကို မင်းမြှောက်တန်ဆာငါးပါး ဟုခေါ်သည်။ ယင်းတို့မှာ-
  1. သန်လျက်
  2. ထီးဖြူ
  3. မကိုဋ် (သင်းကျစ်)
  4. ခြေနင်း
  5. သားမြီးယပ်
တို့ဖြစ်သည်။
ယင်းတို့သည် ပြည့်ရှင်မင်းတို့၏ ရတနာအပေါင်းတို့ထက် ပြဠာန်းသောရတနာဖြစ်ခြင်းကြောင့် ပဌာနရတနာဟုခေါ်သည်။ မင်းအပေါင်းတို့သည် ထီးဖြူကိုဆောင်းမိုးလျက် ရင်ခွင်ထက် သားမြီးယပ်ပိုက်၍ နဖူးပြင်ဝယ် တင့်တယ်စွာ သင်းကျစ်ကိုဆင်ယင်ပြီးလျှင် ခြေတွင်ခြေနင်းစီးလျက် သန်လျက်စွဲကာ ဘိသိက်မင်္ဂလာ ခံယူကြသည်။ ရဟန်းတွင် သိက္ခာ၊ မင်းတွင် ဘိသိက် ဟုဆိုသောကြောင့် မင်းမြောက်တန်ဆာငါးပါးတို့ကို ဆင်ယင်သုံးစွဲလျက် ရာဇဘိသိက်ခံသောမင်းကိုသာ မင်းဟု သမုတ်အပ်ကြောင်း ရာဇ၀င်များတွင် တွေ့ရပါသည်။

အိုင်းစတိုင်းကို စိန်ခေါ်ခြင်း၊ အလင်းထက်မြန်တာ ရှိသလော

Maukkha.org က ဆောင်းပါးလေးတစ်ပုဒ်ပါ...။ ဗဟုသုတရပါတယ်။

ရီလေတီဗီတီနှင့် အလင်းအလျင်
အဲလ်ဘတ် အိုင်းစတိုင်း ရဲ့ အထူးရီလေတီဗီတီ သီအိုရီ (special relativity) အရ စကြာဝဋ္ဌာတစ်ခွင် အမြန်ဆုံးပြေးလွှားနိုင်တဲ့ အရာဟာ အလင်းရောင် ဖြစ်ပါတယ်။
အလင်းအလျင် (velocity of light) ဟာ လေဟာနယ်နဲ့ လေထဲမှာဆိုရင် တစ်စက္ကန့်ကို မိုင်ပေါင်း ၁၈၆၂၈၂.၃၉၆ ပြေးလွှားနိုင်တယ်။ သိပ်သည်းတဲ့နယ်တစ်ခု၊ ဥပမာ ရေထဲကို ဖြတ်သန်းသွားရင်တော့ အလင်းရဲ့ အလျင်ဟာ အနည်းငယ် နှေးသွားပါမယ်။ လေဟာနယ်နဲ့ လေထဲမှာတော့ အလင်းအလျင်ကို ပိုမြန်အောင် ပြုလုပ်လို့ မရပါ။ အလင်းအလျင်ဟာ သတ်မှတ်ထားတဲ့ ကြားခံနယ်တစ်ခုအတွက် ထာဝရကိန်းသေပါပဲ။
အခြေခံပညာအထက်တန်း  ကျေုင်းသူ ကျောင်းသားတွေဟာ အလင်းအလျင်ကို c=3×108 m/sec ဆိုပြီး ကျက်မှတ်ထားရပါတယ်။ ကျွန်ုပ်တို့ဆီကနေ မိုင်ပေါင်း ၂၃၉၀၀၀ ဝေးတဲ့ လဆီကို အလင်းအလျင်နဲ့ သွားမယ်ဆိုရင် ၁.၂၃၈ စက္ကန့်ပဲ ကြာပါမယ်။ နေဆီကို သွားမယ်ဆိုရင် ၈ မိနစ်ပဲ ကြပါမယ်။ ကျွန်ုတို့နဲ့ အနီးဆုံးကြယ်ဖြစ်တဲ့ တောင်ဘက် မိုးကုပ်စက်ဝိုင်း အထက်နားက အယ်လ်ဖာ စင်တောရီကြယ် (alpha centauri) ဆီကို သွားမယ်ဆိုရင်တော့ ၄.၃ နှစ် ကြာပါတယ်။
ဒါကြောင့်လည်း စကြာဝဋ္ဌာလို ကြီးမား ကျယ်ပြောလွန်းတဲ့ အကွာအဝေးတွေအတွက် အလင်းအလျင်ကို အသုံးပြုပြီး တိုင်းတာကြပါတယ်။ ဥပမာ၊ ကျွန်ုပ်တို့နဲ့ အနီးဆုံးကြယ်ဟာ အလင်းနှစ် ၄.၃ နှစ် ဝေးကွာတယ်။ အလင်းနှစ် (light year) ဆိုတာ အလင်းရောင် တစ်နှစ်ကြာ ပြေးလွှား ရောက်ရှိနိုင်တဲ့ အကွာအဝေးပါပဲ။ အလင်းနှစ် ၁ နှစ်မှာ  မိုင်ပေါင်း ကုဋေ ခြောက်သိန်း ရှိပါတယ်။
ကျွန်ုပ်တို့ရဲ့ နဂါးငွေ့တန်းကြယ်စု (Milky Way galaxy) ဟာ ကြယ်ပေါင်း ကုဋေတစ်သောင်း ပါဝင်ပြီး လက်မောင်းလေးခု ပါဝင်တဲ့ ခရုပတ် အပြားဝိုင်းပုံစံ ကြယ်စုပါ။ အချင်း အလင်းနှစ်တစ်သိန်း ရှိပါတယ်။ စကြာဝဋ္ဌာတစ်ခုလုံးမှာ ကြယ်စုပေါင်း ကုဋေ တစ်သောင်းပါဝင်တည်ရှိနေပါတယ်။
မြောက်ဖက်ကောင်းကင်က ဓူဝံကြယ်ဟာ ကျွန်ုပ်တို့ဆီကနေ အလင်းနှစ် ၁၄၂ နှစ် ဝေးကွာတယ်။ ဒါတွေဟာ အလင်းအလျင် အသုံးပြုပြီး ဖော်ပြချက် ဥပမာတွေပါ။ အိုင်စတိုင်းရဲ့ သီအိုရီအရ အလင်းအလျင်ကို အောက်ပါအတိုင်း ကောက်ချက်တွေ ချနိုင်ပါတယ်။
- လောကတွင် အလင်းအလျင်သာ အမြန်ဆုံး ဖြစ်သည်။
- အလင်းအလျင်ကို ပိုမြန်အောင် ပိုနှေးအောင် ပြုလုပ်၍မရ။
- အလင်းအလျင်နီးပါးဖြင့် ခရီးသွားလျှင် အချိန်နှေးကွေးလာမည်။ ခရီးသည်၏ သက်တမ်း (ကမ္ဘာပေါ်မှ လူတစ်ဦးနှင့် နှိုင်းယှဉ်လျှင်) ပိုရှည်ပြီး နုပျိုနေမည်။
- အလင်းအလျင် တန်ဘိုးအတိအကျဖြင့် ခရီးသွားလျှင် ခရီးသည်၏ သက်တမ်းထာဝရတည်ရှိမည်။ သေဆုံးခြင်းမရှိ။ လက်ရှိ ရုပ်ခန္ဓာအတိုင်းသာ ထာဝရ ရှိနေတော့မည်။
-အလင်းအလျှင်ထက် ပိုမြန်သောနှုန်းဖြင့် ခရီးသွားလျှင် အချိန်နောက်ပြန်ဆုတ်မည်၊ အတိတ်သို့ ပြန်ရောက်မည်၊ ခရီးသည်၏ အသက် ပြန်လည်ငယ်ပြီး ပိုမိုနုပျိုလာမည်။
အဲဒီအယူအဆပေါ် အခြေခံပြီး ‘အမွှာဝိရောဓိ’ ဆိုတဲ့ ဆင်ခြင်စဉ်းစားမှု သိပ္ပံလောကမှာ ပေါ်ပေါက်ခဲ့ပါတယ်။ အသက် ၂၀ အရွယ် အမွှာညီအစ်ကို နှစ်ယောက် ရှိတယ်ဆိုပါစို့။ အစ်ကိုဖြစ်သူက အာကာသာယဉ်မှူးအဖြစ် အသွားလေးနှစ် အပြန်လေးနှစ်၊ စုစုပေါင်းရှစ်နှစ် ခရီးထွက်ရမည် ဆိုပါစို့။ အာကာသယာဉ်မှူးရဲ့ သွားနှုန်းဟာ အလင်းအလျှင်ရဲ့ ၉၉ ရာခိုင်နှုန်းရှိတယ် ဆိုပါစို့။
ရှစ်နှစ်ကြာပြီး အစ်ကိုဖြစ်တဲ့ အာကာသယာဉ်မှူး ကမ္ဘာမြေကို ပြန်ရောက်တဲ့အခါ သူ့အသက်က ၂၈ နှစ် ဖြစ်နေပါပြီ။ အမွှာ အစ်ကို ဖြစ်သူကို လာကြိုဆိုတဲ့ ညီဖြစ်သူဟာ အာကာသယာဉ်ပေါ်က ဆင်းလာတဲ့ သူရဲ့ အစ်ကိုကို အောက်ပါအတိုင်း ပြောပါလိမ့််မယ်။
“အစ်ကို …. အစ်ကိုရဲ့ ရုပ်က နုလိုက်တာ… ဘာမှ သိပ်ပြောင်းမသွားဘူးနော်…”
အစ်ကိုကလည်း ပြောပြောလိမ့်မယ်။
“ဟင် ခင်ဗျားက ကျုပ်ညီလား… ဘယ်လိုဖြစ်လို့ ကျုပ်အဘိုးနဲ့ တူနေရတာလဲ”
အာကာသယာဉ်မှူး အစ်ကိုဖြစ်သူရဲ့ အသက်က ၂၈ နှစ်ပါ၊ အရွယ်ကလည်း ၂၈ နှစ် အရွယ်ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ အမွှာညီရဲ့ အသက်ဟာ ၇၇ နှစ် ရှိနေပါပြီ။ အဘိုးအရွယ်ရုပ်ရည် ဖြစ်နေပါပြီ။
အကယ်၍များ အာကာသယဉ်မှူး အစ်ကိုဖြစ်သူဟာ အလင်းအလျင်ရဲ့ ၉၉.၉၉ ရာခိုင်နှုန်း အမြန်နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ သူဟာ အသက် ၂၈ နှစ်အရွယ်နဲ့ ကမ္ဘာကို ပြန်ရောက်ရှိလာမယ်။ ဒါပေမဲ့ သူ့ရဲ့ ညီဖြစ်သူသာ ရှိနေမယ်ဆိုရင် အသက် ၅၈၇ နှစ် ဖြစ်နေပါတော့မယ်။ ဆိုလိုတာကတော့ သူပြန်ရောက်လာတဲ့ အချိန် ၈ နှစ် အကြာမှာ ကမ္ဘာပေါ်မှာ သူနဲ့သိတဲ့သူ တစ်ယေက်မှ မရှိတော့ပါ။ အလွန်တရာ အပြောင်းလဲကြီး ပြောင်းလဲနေပါလိမ့်မယ်။ ရာစု ၆ ခု နီးပါး ပြောင်းလဲနေပါပြီ။
ဆက်လက်ပြီး တွေးကြည့် စဉ်းစားကြည့် ဆွေးနွေးကြည့်ရအောင်ပါ။ အကယ်၍ အာကာသယဉ်မှူး အစ်ကိုဖြစ်သူဟာ အလင်းအလျင်နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ ကမ္ဘာမြေကို ပြန်ရောက်ရှိလာတဲ့အခါ သူဟာ အသက် ၂၀ အရွယ် ရုပ်ရည် အတိုင်းပါပဲ။ သူရဲ့ သက်တမ်းကို အနန္တတိုင် ဆွဲဆန့်ခဲ့ပါတယ်။ ကမ္ဘာဂြိုဟ်တောင် ရှိချင်မှ ရှိပါတော့မယ်။
ဒါဆိုရင် အလင်းထက်မြန်တဲ့နှုန်းနဲ့ ခရီးသွားခဲ့တယ်ဆိုပါစို့။ အာကာသယဉ်မှူး အစ်ကိုဖြစ်သူဟာ အတိတ်ကို ပြန်ရောက်ခဲ့ပါပြီ။ သူ ကမ္ဘာမြေကို ပြန်ရောက်ရှိတဲ့အချိန်ဟာ၊ သူကမ္ဘာမြေက မထွက်ခွာမှီအချိန်  ဖြစ်နေပါတော့မယ်။
အထက်ပါအချက်တွေကို အမှီပြုပြီး စိတ်ကူးယဉ် သိပ္ပံရုပ်ရှင်တွေ၊ ၀တ္ထုတွေ များစွာ ထွက်ပေါ်ခဲ့ပါတယ်။ လက်ရှိလည်း ထွက်ပေါ် နေဆဲပါ။ ဒါပေမဲ့ ဒီအချက်အလက်တွေဟာ သဘာဝတရားနဲ့တော့ ကိုက်ညီမှုမရှိ၊ လက်ခံနိုင်စရာမရှိပါ။ ဒါကြောင့်လည်း အိုင်းစတိုင်းက အလင်းအလျင်လောက် မြန်တဲ့အရာ စကြာဝဋ္ဌာမှာ မရှိဘူးလို့ ဆိုခဲ့တယ်။ အလင်းအလျင်နဲ့ မောင်းနှင်နိုင်မယ့် အာကာသယဉ်တွေ ဘယ်တော့မှ တီထွင်နိုင်မှာမဟုတ်ဘုးလို့ ဟောကိန်းထုတ်ခဲ့ပါတယ်။
အလင်းရောင်ဟာ ဖိုတွန် (photon) လို့ခေါ်တဲ့ စွမ်းအင်မြင့် အမှုန်တွေနဲ့ ဖွဲ့တည်ပေါ်ပေါက်နေတာပါ။ ဖိုတွန်ဆိုတာ လျှပ်စစ်သံလိုက် ဖြာထွက်ခြင်းရဲ့ ကွမ်တမ်တစ်ခု (a quantum)၊ တစ်နည်း စွမ်းအင်ထုတ်တစ်ခု (an energy packet) ပါပဲ။ နားနေဒြပ်ထု သုည ရှိပါတယ်။

အိုင်းစတိုင်းကို စိန်ခေါ်တဲ့ နယူထရီနို
နယူထရီနို (neutrino) ဟာ အခြေခံအမှုန်တစ်ခုပါ။ နယူထရီနို သုံးမျိုးရှိပါတယ်။ အီလက်ထရွန် နယူထရီနို၊ မျူယွန် နယူထရီနို နဲ့ တောနယူထရီနို တို့ပါပဲ။ အက်တမ်နယူကလိယတ်ရဲ့ ဘီတာယိုယွင်းခြင်း (beta decay) မှာ ပျောက်ဆုံးစွမ်းအင်အဖြစ် ဟောကိန်း ထုတ်ခဲ့ကြတယ်။ ၁၉၅၃ ခုနှစ်မှာ အစမ်းသဘော ဖော်ညွှန်းနိုင်ခဲ့ပြီး၊ ၁၉၅၆ ခုနှစ်မှာ ပိုမို အတည်ပြုနိုင်ခဲ့တယ်။
နယူထရီနိုမှာ လျှင်စစ်မရှိ၊ နားနေဒြပ်ထု သုည အလျင်းအလျင်နဲ့ ရွေ့လျားတယ်။ မဟာပေါင်းစည်းသီအိုရီများ (Grand Unified Theories- GUTs) ရဲ့ ခန့်မှန်းချက်အရ သုညမဟုတ် ဒြပ်ထု ရှိနေပြန်တယ်။ ဒါပေမဲ့ လက်တွေ့အထောက်အထား မရှိသေးပါ။
၂၀၁၁ ခုနှစ် စက်တင်ဘာလမှာ ဥရောပသိပ္ပံပညာရှင် အဖွဲ့တစ်ဖွဲ့ရဲ့ ကြေငြာချက် ထွက်ပေါ်ခဲ့ပါတယ်။ နယူထရီနို အမှုန်အုပ်စု တစ်ခုကို အလင်းထက်မြန်တဲ့ အရိပတ်တန်းတစ်ခုအဖြစ် စမ်းသပ်နိုင်ခဲ့ခြင်းပါ။ အလင်းထက်မြန်ရင် အချိန်နောက်ပြန်ဆုတ်မယ်။
ဒါဆိုရင် အိုင်းစတိုင်း အထပ်ထပ်ပြောဆိုခဲ့တဲ့ ‘ကြောင်းကျိုးဆက်စပ်မှု’ ဆိုတာ ပြိုပျက်ရတော့မယ်။ “သေနတ်မောင်း မဆွဲရသေးဘူး၊ ကျဉ်ဆံက ထွက်သွားပြီ.. ဆိုသလို ဖြစနေပြီ” လို့ ရိုက်ချက်စတာ တက္ကသိုလ် နက္ခတ္တရူပဗေဒ ပညာရှင် အဒမ် ဖရန့်ခ် (Adam Frank) က ဆိုပါတယ်။
အထောက်အထားကတော့ အဆင့်မြင့် ရူပဗေဒဆိုင်ရာ စက်ကြီးနှစ်ခုနဲ့ ပတ်သက်နေပါတယ်။ ဂျနီဗာမှာရှိတဲ့ CERN လို့ခေါ်တဲ့ အမှုန်အရှိန်မြှင့်စက်ကြီးက နယူထရီနိုအုပ်စုတစ်ခုကို ဖန်တီးပြီး အီတလီနိုင်ငံ Apennine တောင်ခြေက ဂရန်းဆက်ဆို (Gran Sasso) သိပ္ပံ စူးစမ်းရေး စမ်းသပ်ခန်းက အမှုန်အာရုံခံ စက်တွေဆီကို ပစ်လွှတ်ခဲ့ပါသတဲ့။ မိုင်ပေါင်း ၄၅၀ ဝေးပါတယ်။ နယူထရီနိုတန်းစုရဲ့ အလျင်ဟာ အလင်းအလျင်ထက် ၀.၀၀၂၅ ရာခိုင်နှုန်း ပိုမြန်နေတယ်လို့ ဓာတ်ခွဲခန်းနှစ်ခုလုံးရဲ့ အာရုံခံ စက်တွေနဲ့ ချိန်မှတ်နာရီတွေက မှတ်တမ်းတင်နိုင်ခဲ့ပါသတဲ့။
မိုင် ၄၅၀ အကွာကို အလင်းအလျှင်ထက်တောင် မြန်အောင် ပြေးလွှားခဲ့တာဆိုတော့ ကြာချိန်ဟာ တစ်စက္ကန့်ရဲ့ အလွန်သေးငယ်တဲ့ အစိတ်အပိုင်း ၀.၀၀၂၄ စက္ကန့်ခန့်သာ ရှိပါတယ်။
ဒါပေမဲ့ ဒီတွေ့ရှိချက်အရ ကမ္ဘာတစ်ဝှမ်း ကျောင်းတော်တွေမှာ ပြဋ္ဌာန်းထားတဲ့ ရူပဗေဒ သင်ရိုးစာအုပ်တွေကို ဆုတ်ဖြဲ လွှတ်ပစ်ရမလို ဖြစ်နေပါတယ်။ ဘယ်သူမှတော့ အိုင်စတိုင်း စည်းမျဉ်းတွေပါဝင်တဲ့ စာအုပ်တွေကို မဆုတ်ဖြဲကြပါ။ ဘာကြောင့်လဲ ဆိုတော့ အံ့ဖွယ်ရလာဒ်တွေဟာလည်း မကြာခဏဆိုသလို မှားနေတတ်တာကို ရူပဗေဒပညာရှင်တွေ ကောင်းကောင်း နားလည်လို့ပါပဲ။
ယခုတွေ့ရှိချက်ကို အထပ်ထပ် ပြုလုပ်ကြရဦးမှာပါ။ အချက်အလက်တွေကို အဖန်ဖန် စစ်ဆေးရဦးမှာပါ။ အီတလီ ဓာတ်ခွဲခန်းရဲ့ ခေါင်းဆောင် ရူပဗေဒပညာရှင် Antonio Ereditato က “သီးခြားလွတ်လပ်တဲ့ စမ်းသပ်ချက်တွေက တူညီတဲ့ အဖြေကိုပဲ ရှာဖွေ တေ့ရှိပြီ ဆိုမှပဲ ကျွန်တော် ယုံကြည်မှာပါ” လို့ ပြောခဲ့ပါတယ်။
ချီကာဂို ဖာမီဓာတ်ခွဲခန်းက Fermilab အမှုန်အရှိန်မြှင့်စက်မှာ သုတေသနပြုနေကြတဲ့ ရူပဗေဒပညာရှင် အုပ်စုကလည်း အဲဒီ တွေ့ရှိချက်ကို အတည်ပြုဖို့ ဒါမှမဟုတ်ပစ်ပယ်ဖို့ စတင် အလုပ်လုပ်နေကြပါပြီ။ ဖာမီ ဓာတ်ခွဲခန်းဟာ ၂၀၀၇ ခုနှစ်တုန်းက နယူထရီနို နဲ့ ပတ်သက်တဲ့ သုတေသနတွေ ပြုလုပ်ခဲ့ဖူးပါတယ်။ နယူထရီနိုဟာ အလင်းဖိုတွန်ထက် မြန်တယ်လို့ ဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ ခိုင်မာတဲ့ အထောက်အထားတွေ မပြသနိုင်ခဲ့ပါ။
ကမ္ဘာတစ်ဝှမ်း ရူပဗေဒပညာရှင် အာလုံးကတော့ ဥရောပ ရူပဗေဒပညာရှင်အဖွဲ့ရဲ့ တွေ့ရှိချက်အပေါ် အကောင်းအဆိုး သဘောတွေနဲ့ အလောင်းအစားပြုကြရင်း လက်တွေ့ သုတေသန စမ်းသပ်မှုတွေ ပြုလုပ်နေကြပါပြီ။
သိပ္ပံပညာဟာ ခိုင်မာမှန်ကန်တယ်လို့ ထင်ခဲ့ရတဲ့ အချက်တွေကို မှားမှန်းသိတဲ့အခါ စွန့်ပစ်ခဲ့ရတဲ့ အကြိမ်ပေါင်း မနည်းပါဘူး။ ယခု တွေ့ရှိချက်လေးတစ်ခု မှန်ပြီဆိုပါစို့။ ကျွန်ုပ်တို့ နားလည်ထားတဲ့ ကျွန်ုပ်တို့ သိရှိထားတဲ့ စကြာဝဋ္ဌာဆိုင်ရာ ဗဟုသုတ အားလုံး ကျွမ်းထိုးမှောက်ခုံ ဖြစ်ကုန်ပါတော့မယ်။

Ref: Maukkha
Related Posts Plugin for WordPress, Blogger...