လာရောက်လည်ပတ်သူအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာရွှင်လန်းကြပါစေ ...

ရေကို ဘယ်အချိန်သောက်သင့်ပြီး ဘယ်အချိန် မသောက်သင့်သလဲ ?


ရေကို ဘယ်အချိန်သောက်ရင် အကောင်းဆုံးလဲ ?
၁။ အစာမစားခင် နာရီဝက်ခန့် ရေတစ်ခွက် ကြိုသောက်ထားလျှင် အစာကြေညက်မည်။
၂။ ရေမချိုးခင် ရေတစ်ခွက် အရင်သောက်ပေးလျှင် သွေးခုန်နှုန်းမှန်စေမည်။
၃။ ညဖက် တစ်ရေးနိုးလာသည့်အခါ ရေတစ်ခွက်သောက်ပေးလျှင် ခြေသလုံး ကြွက်သားများ ကြွက်တက်ခြင်းကို ကာကွယ်ပေးစေမည်။
၎။ ညမအိပ်ခင် ရေတစ်ခွက်သောက်ပေးလျှင် နှလုံးရောဂါဖြစ်ခြင်း၊
လေဖြတ်ခြင်းတို့ကို ကာကွယ်ပေးမည်။
၅။ မနက်အိပ်ယာထချိန် ရေတစ်ခွက်(သို့မဟုတ်) နှစ်ခွက်ခန့် သောက်ပေး ပါက တစ်ညလုံး ငြိမ်သက်နေသည့် ၀မ်းတွင်းမှာ ကလီစာများ၊ အူများကို ပြန်လည်သက်ဝင်လှုပ်ရှားစေပြီး အူသိမ်အူမများထဲမှ အညစ်အကြေးများအားလုံးကို ဆေးကျောသန့်စင်ပေးမည်။

ရေကို ဘယ်အချိန်မှာ မသောက်သင့်သလဲ ?
ထမင်းစားနေစဉ်မှာ ရေအေးကိုမသောက်သင့်ပါ။ ရေခဲရေ၊ ရိုးရိုးရေ နှစ်မျိုးစလုံးပါဝင်ပါသည်။ အကြောင်းမှာ ထမင်းဟင်းထဲမှာပါတဲ့ အပူဓါတ်နဲ့ အနွေးဓါတ်တွေကို ရေအေးက ဖျက်ဆီးနိုင်ပြီး ဟင်းထဲမှာပါတဲ့ အဆီများကို ရွံ့ စေးများအဖြင့်ပြောင်းလဲစေကာ ခဲစေပြီး အူကင်ဆာများကို ဖြစ်စေနိုင်လို့ပါပဲ။
ထမင်းစားနေစဉ် အစာအိမ်ထဲက အက်ဆစ်ထွက်ရှိမှုကို ရေအေးသောက်လိုက်သည့်အတွက် အပူအအေးဓါတ်ကို မမျှတမှုဖြစ်စေပြီး အစာကိုခဲပျစ်စေပါတယ်။
ထို့ ကြောင့် ထမင်းစားနေစဉ်မှာ ရေအေးကို မသောက်ပဲ ရေနွေးကြမ်း၊ ရေနွေးဖြူ ၊ ဟင်းချိုပူပူနွေးနွေးများကိုသာ သောက်သုံးကြဖို့ အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှ ကျန်းမာရေးသတင်းများက မကြာခဏ တိုက်တွန်း ဖော်ပြလေ့ရှိပါတယ်။

တက်တူးနောင်တ


တက်တူး (ဆေးမင်ကြောင်) ဟူသည် ခန္ဓာကိုယ် ပေါ်က အလှအပ အနုပညာလား၊ လူတစ်ယောက်ကို လူ့အဖွဲ့အစည်း ဘောင် အပြင်ဘက် ရောက်သွား အောင် တွန်းပို့ လိုက်မည့် အရာလား။ တက်တူးကို မြတ်နိုးသူများ ကတော့ အခြားသူများ မည်သို့ ထင်မြင် သည်ကို တွေးပြီး စိတ်ဆင်းရဲမနေ၊ ကိုယ့်စိတ်ကြိုက် ထိုးလိုက်ရသော တက်တူးကို အရသာခံပြီး ကြည့်နူး ပီတိ ဖြစ်ရတာနဲ့တင် တန်သည်ဟု ဆိုကြသည်။ တက်တူး စတိုင်များ ခေတ် အလျောက် အမျိုးမျိုး ပြောင်း လဲလာ နေသည့်တိုင် မပြောင်းလဲသော အကြောင်းတရားကား တက်တူးသည် ဝေဖန်ချင် သူများ၊ နှာခေါင်း ရှုံ့ချင် သူ များ၏ ထာဝရ ပစ်မှတ် ဖြစ်နေဆဲ ဆိုသော အချက်ဖြစ်သည်။ တက်တူးနှင့် ပတ်သက်ပြီး အကောင်းအဆိုး ဝေဖန်သုံးသပ်မှုများ ကလည်း သမိုင်း တစ်လျှောက် မှသည် ယနေ့ခေတ်ဆီထိ အားပြိုင်နေဆဲ ဖြစ်သည်။

စင်ကာပူ နိုင်ငံမှ တက်တူးထိုး လုပ်ငန်း တစ်ခုဖြစ်သော Familiar Strangers Tattoo Studio မှ မန်နေဂျာ မစ္စတာ ၀ူပါတန်က တက်တူးထိုး တဲ့ လူတွေဟာ လူ့အဖွဲ့အစည်း သမားရိုးကျ အစဉ်အလာ ခံယူချက် တွေက တစ်မျိုးမျိုးနဲ့ ဖောက်ထွက်ချင် သူတွေပဲ။ တက်တူး ချစ်သူတွေဟာ လူ့အဖွဲ့ အစည်းရဲ့ သမားရိုးကျ လမ်းကြောင်း အတိုင်း လျှောက်ရမှာကို ငြီးငွေ့သူတွေ။ လူ့အဖွဲ့အစည်းရဲ့ တွေးခေါ်ပုံ၊ မိသားစု အစဉ်အလာ တွေးခေါ်ပုံ တွေက လွတ်ပြီး တစ်မူ ထူးခြားတာ လုပ်ပြလို စိတ်ရှိသူ တွေပဲ။ တစ်ရွာလုံးနဲ့ တစ်ယောက် ဆိုသလိုမျိုး ဖြစ်နေတဲ့ အတွက် လူ့အဖွဲ့ အစည်းရဲ့ ဖိအား ဒဏ်မခံနိုင် လို့ တက်တူး ထိုးမိတာ နောင်တရတယ် ဆိုသူတွေလည်း ဒုနဲ့ဒေး ရှိပါတယ်။ လူတွေရဲ့ ဘ၀ကို ကြည့်လိုက်မယ် ဆိုရင်လည်း နောင်တရခဲ့ရ တာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒါတောင်မှ တက်တူး ထိုးသူတွေဟာ ဘာကြောင့် ထပ်ပြီး နောင်တရမယ့် အလုပ်ကို လုပ်လိုနေတာလဲ တွေးစရာ ရှိလာ ပါတယ်။ အဖြေကတော့ ရှင်းပါတယ်။ ကိုယ်ဟာ သူများနဲ့မတူ တစ်မူ ထူးခြားအောင် လုပ်နိုင်သူဆိုတဲ့ စိတ်ခံယူ ချက်ရှိ တာကြောင့် တက်တူးထိုး ဖြစ်သွား ကြတာပါ ဟု အကျယ်တ၀င့် ရှင်းပြသွားသည်။

တက်တူးပေါ် လာတာ နှစ်ပေါင်း (၅၀၀၀) လောက်ရှိ ပြီလို့ ဆိုနိုင်ပါတယ်။ တက်တူးထိုး သူတွေဟာ လူ့အဖွဲ့ အစည်း ထဲမှာ နည်းနည်းပိုပြီး ရှေ့ရောက်သူ၊ လူ့ အဖွဲ့အစည်း ရဲ့ ရှေ့စွန်းပိုင်း ရောက်တဲ့ အတွေးအခေါ် မျိုးနဲ့ ဆုံးဖြတ်တတ် သူတွေ ဖြစ်ပါတယ်။ ဒီလို အားသာချက်တွေ ရှိပေမယ့် တစ်ခြား တစ်ဖက်က လှည့်ကြည့် ပြန်တော့ တက်တူး နောင်တရ လာပြီ ဆိုရင်တော့ ခံရတာလည်း ကြီးမားသလို ကုစားဖို့လည်း ခက်ခဲတတ်ပါတယ် ဟု စင်ကာပူ အခြေစိုက် Think Team အဖွဲ့မှ စိတ်ပညာရှင် မစ္စ ပမ်မလာဆီးက ပြောသည်။


ထိုးတာထက် ဖျက်တာ ပိုခက်
-------------------------------
ကျောပေါ်မှာ နဂါးရုပ်၊ တင်ပါးမှာ နှလုံးသားရုပ် ထိုးတုန်းက ကျေနပ်စွာ ထိုးခဲ့သော်လည်း နောင်တွင် အမျိုးမျိုးသော အကြောင်းများကြောင့် ထိုအရုပ် ကိုယ့်ခန္ဓာပေါ်မှာ ရှိနေခြင်းဟာ ကိုယ့်အတွက် စိတ်နာကျင်စရာ ဖြစ်လာလျှင် မည်သို့ လုပ်မည်နည်း။ စင်ကာပူ Clarke Quay အရပ်ရှိ တက်တူး စတူရီယို တစ်ခု၏ အဆိုအရတော့ တက်တူး ပြန်ဖျက်လိုသူတွေ နေ့စဉ်လိုလို လာနေကြကြောင်း သိရသည်။ ပြန်ဖျက်လို ရခြင်း အကြောင်းရင်းကို မစ္စတာ တန် ကလည်း ရှင်းပြသည်။

ဘယ်လို အကြောင်း အရာမျိုးတွေ အများဆုံး တက်တူးထိုး ဖြစ်လည်း လေ့လာကြည့်ရင် ချစ်သူ ကောင်လေး နာမည်၊ ကောင်မလေး နာမည်၊ ကိုယ့် နာမည်၊ သားသမီးတွေ နာမည်။ ကျွန်တော်ဆို ရည်းစားဦး နာမည် ထိုးထား တယ်။ နောက်ပိုင်း သူနဲ့ ကွဲသွားတော့ ရည်းစားဟောင်း နာမည် အနေ နဲ့ ကျွန်တော့် ကိုယ်ပေါ်မှာ ကျန်ရစ်တယ်။ အဲဒီလိုပဲ အိမ်ထောင်ကျတော့ ဇနီးသည် နာမည် ထိုးပြန်တယ်။ အိမ်ထောင်ကွဲ သွားတော့ ဇနီးဟောင်း နာမည် အဖြစ်နဲ့ ကျွန်တော့် ကိုယ်ပေါ်မှာ ကျန်ရစ်တယ်။ အဲဒီ နာမည်တွေကို မြင်တိုင်း တခြားသူ တွေက မေးနေတာကို ဖြေရပါများ လာတော့ ကိုယ့်အတွက် အချိန်လည်းကုန်သလို စိတ်လည်း နာကျင်ရတယ်။ ဒါကြောင့် မထားချင်တော့ တဲ့ တက်တူးတွေကို ပြန်ဖျက်ပစ်ခဲ့ ရတယ်ဟု မစ္စတာ တန်က ကိုယ်တွေ့ ကို ပြောပြသည်။ ထိုသို့ တက်တူး နောင်တ ရခဲ့သူ အများစုကြီး အတွက်ကား တက်တူးကို ခန္ဓာ ကိုယ်ပေါ်က ဖျက်ပစ်လိုက်ရုံနဲ့ လည်း ကိစ္စမပြီးသေး။

ဘလော့ဂါ တစ်ဦး ဖြစ်သော မီရှဲလီယန်း မီဆူးသည် ပြီးခဲ့သည့် ရက်သတ္တပတ် ရှစ်ပတ် နီးပါး တက်တူး ဖျက်သည့် အလုပ်နဲ့ လုံးပန်းေ ရ သည်။ သူ အသက် (၁၇) နှစ်မှာတင် ရင်ဘတ်မှာ လိပ်ပြာပုံလေး တက်တူးထိုးသည်။ နောက်တော့ ပခုံးနဲ့ ကျောမှာ အရုပ်ငါးခု ထပ်ထိုး ဖြစ်ပြန်သည်။ ခါးမှာလည်း တစ်ရုပ်ထိုး ဖြစ်သည်။ ထို့နောက်ပိုင်း တက်တူးနောင်တ စိတ်ဝေဒနာသူ စတင်ခံစားလာရသည်။

တက်တူးနဲ့ မိန်းကလေး ဆိုရင် လူတွေက အမြင် မကြည်ဘူး။ အထင်သေးတဲ့ မျက်လုံးနဲ့ ကြည့်ကြတယ်။ ဒီ မိန်းကလေးဟာ မိန်းမကောင်း လေး မဖြစ်နိုင်ဘူး ဆိုတဲ့ မျက်နှာထားမျိုးတွေ မြင်ရတယ်။ ပိုဆိုးတာက ကိုယ့်ကို ခပ်လွယ်လွယ်ရမယ့် မိန်းကလေးမျိုးလို့ သတ်မှတ်ပြီး မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာသူတွေ ရှိလာတာပဲ ဟု မီဆူးက သူ စိတ်ကုန် နောင်တရခဲ့ပုံကို ရင်ဖွင့်သည်။ အလုပ် လျှောက်ထားရာတွင် တက်တူး ထိုးထား သူများ ငြင်းပယ်ခံရနှုန်း များခြင်းသည်လည်း တက်တူး နောင်တ စိတ်ဝင်လာ စေသည့် တစ်ချက် ဖြစ်သည်။ အထူးသဖြင့် မြင်သာ ထင်သာသော တက်တူး များသည် အလုပ်အကိုင် တံခါးပေါက်ကို ပိတ်သွားစေသည့် သက်ရောက်မှု ရှိသည်။

အတွေးအခေါ် အကြံဉာဏ်သစ် အမျိုးမျိုး လက်ခံပြီး တီထွင် ဖန်တီးမှုရှိရှိ လုပ်တဲ့ အလုပ်ခွင်မျိုး မှာက သိပ်ပြဿနာ မရှိဘူး။ အဲဒီလို ၀န်းကျင်မျိုးက သမားရိုးကျ လမ်းကြောင်းကနေ ဖောက်ထွက် သူတွေများတဲ့ အတွက် တက်တူး ထိုးလို့ နှာခေါင်းရှုံ့မယ် ဆိုတဲ့ လူနည်းတယ်။ အသားကျ ပြီးသား ပရော် ဖက်ရှင်နယ် လုပ်ငန်းခွင် တွေကို ၀င်မယ် ဆိုရင်တော့ သမားရိုးကျထဲမှာပဲ လည်ပတ်နေသူ တွေရဲ့ ၀န်းကျင် ထဲမှာ တက်တူး ထိုးထား သူဟာ ရှုံ့ချစရာ သတ္တ၀ါ ဖြစ်သွား တတ်တယ် ဟု မစ္စပမ်မလာဆီး ကလည်း သုံးသပ် ပြောကြားသည်။

စင်ကာပူ တစ်ခွင်က တက်တူး စတူရီယို (၁၀) ခုလောက်ကို အကြမ်းဖျင်း လိုက်စုံ စမ်းကြည့်ချက် အရ စတူရီယို တစ်ခုလျှင် တစ်ပတ်ကို သုံးယောက်မှ ခြောက်ယောက်ကြား တက်တူး လာဖျက်နေကြကြောင်း သိရသည်။ တက်တူး ပြန်ဖျက်ပေးသည့် အလုပ်များသော ဆရာဝန်မျိုးဆိုလျှင် တစ်ပတ်ကို လူနာ (၃၀) လောက်ထိ လက်ခံ တွေ့ဆုံနေရကြောင်း သိရသည်။ စင်ကာပူရှိ Drs Chua & Partners AV Pte Ltd မှ ဒေါက်တာ ကီဗင်ချူ ကလည်း တက်တူး ပြန်ဖျက်ချင်လို့ ဆေးခန်း ရောက်လာသူများ အကြောင်း ရှင်းပြသည်။

တက်တူး ပြန်ဖျက်ချင်သူတွေကို လေ့လာကြည့်တော့ အများစုက ဒီတက်တူး ခန္ဓာကိုယ်ပေါ်ရှိ နေခြင်းကြောင့် လူ့ အဖွဲ့အစည်း ထဲမှာ ကန့်သတ်ခံ နေရတဲ့ အခြေအနေမျိုး ကြုံရတာကို မခံနိုင်တော့လို့ လာဖျက်သူတွေ ဆိုတာ တွေ့ရတယ်။ ဖျက်တဲ့ ကိစ္စ ပြီးသွားပြီ ဆိုရင် သူတို့ တော်တော် စိတ်ပေါ့ သွားတာ တွေ့ရတယ်။ တချို့ လူနာတွေ တွေ့ဖူးတယ်။ အင်္ကျီ လက်ရှည် ဘယ်တော့မှ မချွတ်ဘူး။သူတို့ ကိုယ်ပေါ်မှာ ထိုးထားတဲ့ တက်တူးတွေ သူများ မြင်ရင် ရှောင်ဖယ်ဖယ် လုပ်ကြမယ့် စိတ်ဒဏ်ရာကို မခံနိုင်လို့ ၀တ်ထားကြတာ။ အထူးသဖြင့် ရေကူးကန် သွားရ မှာမျိုး သူတို့ သိပ်စိုးရိမ်တယ်။ ဒါကြောင့် နောက်ဆုံးမှာ တက်တူး ပြန်ဖျက်ဖို့ ဆေးခန်း ရောက်လာ ကြတာပဲ။ တက်တူး ပြန်ဖျက်ရတာ ဘယ်လောက် နာကျင် ခံစားရတယ် ဆိုတာ သူတို့ ကောင်းကောင်း သိပါတယ်။ ခန္ဓာကိုယ် ပေါ်မှာ တက်တူး ရှိနေခြင်းကြောင့် သက်ရောက်လာတဲ့ လူ့အဖွဲ့ အစည်းရဲ့ ဖိအားဒဏ်ကြောင့် စိတ်နာ ကျင်မှု ဒဏ်ခံစားမယ့် အစား ခန္ဓာကိုယ်ပဲ အနာခံ တော့မယ် စိတ်ပိုင်းဖြတ်ပြီး ဆေးခန်းရောက်လာ ကြတာပဲ။ တက်တူး ဆိုတာ ထိုးတာထက် ဖျက်တာက အများကြီး ပိုနာပါတယ် ဟု မစ္စတာ ချူက ပြောသည်။

တက်တူး ပြန်ဖျက်ရသည် ကလည်း လွယ်သော အလုပ်တော့ မဟုတ်။ ကိုယ်လည်း နာသလို ငွေလည်း နာသည်။ လေဆာ နည်းဖြင့် ဖျက်မည် ဆိုလျှင်ပင် တစ်ကြိမ်ကို စင်ကာပူ ဒေါ်လာ (၂၅၀) လောက် ကျသင့်သည်။ ဆေးမင်ကြောင် တစ်ခု လုံးဝ မှိန်သွားပြီး ထိုနေရာတွင် ပကတိ အသား အလား ဖြစ်သွားသည် အထိဆိုလျှင် လေဆာနည်းဖြင့် ခြောက်ကြိမ်မှ ရှစ်ကြိမ်လောက်ထိ လုပ်ရသည်။သို့ဖြစ်ရာ တက်တူးတစ်ခု မှိန်ပျောက် ကွယ် သွားဖို့ ဆိုလျှင် စင်ကာပူ ဒေါ်လာ နှစ်ထောင်လောက်ထိ သုံးနိုင်မှ ဖြစ်မည်။

မထိုးခင် သေချာ စဉ်းစား 
--------------------------
တက်တူးကို ခုံမင်၍ ထိုးခြင်းသည် လူတစ်ဦးချင်းစီ၏ လွတ်လပ်ခွင့် ဖြစ်သည်။ သို့သော် ထိုတက်တူးကြောင့် လူ့အဖွဲ့အစည်း ထံမှ ဖိအား သက်ရောက်သည့် ဒဏ်ကို မိမိခံနိုင်မည်လား ဦးစွာ စဉ်းစား ချိန်ဆပါဟု အကြံပြု လိုသည်။ ထိုးပြီးကာမှ မခံနိုင်လျှင် မိမိလည်း စိတ်နာကျင်ရမည် ဖြစ်သလို ပြန်ဖျက်မည် ဆိုပါ ကလည်း လူပါ ထပ်နာကျင် ဦးမည့် အပြင် ငွေလည်း အများအပြား ကုန်ကျနိုင်သည်ကို စောစီးစွာ ကတည်းက ထည့်တွက် ရမည်။

ကြိုတင် စဉ်းစားနိုင်စေရန် တက်တူး စစ်တမ်း တစ်ရပ်လည်း တင်ပြလိုပါသည်။ အလှအပရေးရာ ၀က်ဘ်ဆိုက်ဒ် Escentual က စစ်တမ်းပြုစု ထားခြင်း ဖြစ်သည်။ တက်တူး ထိုးထားသူ နှစ်ထောင်လောက်ကို သဘောထား မေးမြန်းထားသည်။ ထိုအခါ ခြောက်ယောက်တွင် တစ်ယောက်က တက်တူး ထိုးမိသည့် အတွက် စိတ်ညစ်ရ သည်ဟု ဆိုသည်။တက်တူးကြောင့် နောင်တရပြီး တက်တူး ဖျက်လိုက် သူများသည်ပင် နောက် ဆယ်နှစ် လောက် ထိ တက်တူး နောင်တ ဂယက်ဒဏ် ခံစားကြရသေးကြောင်း သိရသည်။ အခု ထိုးထားသည့် တက်တူးသည် နောင် အသက်ကြီးလာရင် လှမှ လှပါတော့မလား တွေးပူနေသူက (၃၄) ရာခိုင်နှုန်း ရှိသည်။

မစ္စတာ တန်က အသင့်တော်ဆုံး အကြံပေးသည်။ တက်တူး စတူရီယို ကောင်းကောင်းကို သွားပြီး သေချာ ဆွေးနွေး တိုင်ပင်ပါ။ တက်တူး ဆိုတာ သေရာပါမယ့် အမျိုးပါ။ သေရင် ကိုယ်နဲ့အတူ ပါတာ ဆိုလို့ တက်တူးပဲ ရှိတယ်လို့တောင် ပြောကြတယ် မှတ်လား။ ဒါ ကြောင့် မထိုးခင် သေချာ စဉ်းစား ဆုံးဖြတ်ပါလို့ အကြံပြုလိုပါ တယ်ဟု မစ္စတာ တန် က ပြောသည်။

Ref: “Tattoo regret” an emerging trend By Dawn Karen Tan (Channelnewsasia.com)
The Messenger

မိန်းကလေးတွေ မုန်းစေနိုင်တဲ့ အချက် ၁၀ ချက်

ယောက်ျားလေးများ သတိထားလို့ရအောင် တင်ပေးလိုက်တာပါ။

မိန်းကလေးတွေရှေ့မှာ ကိုယ့်ကို ကြိုက်အောင်ဆိုပြီး လိုသည်ထက် ပိုပြီးပြောဖူးတဲ့ အတွေ့အကြုံရှိမှာပါ။
ကိုကြွားတွေရဲ့ စကားတွေကို စိတ်ပါဝင်စားနားထောင်တာထက် ရယ်ချင်တာကို မနည်းအောင့်ထားရတဲ့ အချိန်လေးတွေလည်း ရှိမှာပါ။
ဂျပန်မှာ မိန်းကလေး အယောက် ၅၀၀ ကို စစ်တမ်းကောက်ခဲ့တဲ့ အဖြေကတော့ အောက်ပါအတိုင်းပါပဲ။

၀၁. အရင်တုန်းက ကျောင်းမှာဆိုရင် အရမ်းဆိုးခဲ့တာလေ။
ဆိုးသွမ်းခဲ့တဲ့ အတိတ်ကို ဂုဏ်ယူပြီးပြောနေရင်လည်း မိန်းကလေးတွေအနေကတော့ ကြိုက်ဖို့မပြောနဲ့ ကြောက်လာပါလိမ့်မယ်။

၀၂. ၃ယောက်လောက် တပြိုင်နက် ကိုယ့်ကို ကြိုက်တဲ့သူရှိခဲ့တယ်။
အတိတ်မှာ ဘယ်လောက်ပဲစွန်ခဲ့နေပင်မဲ့လည်း ပစ္စုန်ပန်မှာတော့ မိန်းကလေးတွေရှေ့မှာ ရည်းစားဟောင်းတွေ အကြောင်းကိုပြောရင်တော့ အပြောခံရတဲ့ မိန်းကလေးအနေနဲ့ကတော့ ဒီယောင်္ကျား ဟုတ်ကော ဟုတ်သေးရဲ့လားလို့ ထင်မှာပါ။

၀၃. အလုပ်များလွန်းလို့ ၂ ရက်လောက် မအိပ်ရသေးဘူး။
ကိုယ်က အရမ်းကြိုးစားနေတဲ့အကြောင်းကို အကြောင်းပြပြီး အလုပ်မှာလည်းတော်တယ်လို့ အရိပ်အရောင်ပြချင်ပင်မဲ့လည်း မိန်းကလေးဘက်ကကြည့်ရင်တော့ ကျန်းမားရေးကို ဂရုမစိုက်ပဲ အတူတူနေရင်ရော ကိုယ့်ကို အလေးထားပါ့မလားဆိုပြီး စဉ်းစားမှာ အမှန်ပါ။

၀၄. အမေတို့က အိမ်နောက်တစ်လုံးဝယ်လိုက်လို့ အလုပ်တွေရှုပ်နေတာ။
ဘယ်လောက်ပဲ ချမ်းသာချမ်းသာ ပိုက်ဆံရှိကြောင်းကို ဟိတ်ကြီးဟန်ကြီးနဲ့ ပြောနေရင်တော့ လူမုန်းမှာအမှန်ပါ။
အဲဒီလောက်တောင် ပိုက်ဆံရှိနေရင် မုန့်သွားစားရင် ပိုက်ဆံအကုန်ရှင်းခိုင်းလိုက်ပါ။

၀၅. ရည်းစားဟောင်းက မော်ဒယ်လေ။
ရည်းစားဟောင်းက ဘယ်လောက်ပဲလှလှ နောက်မိန်းကလေးတစ်ယောက်ရဲ့ အရှေ့မှာ အဲဒီစကားကိုပြောတာကတော့ ရိုင်းတယ်လို့ထင်ပါတယ်။

၀၆. အမှတ်နည်းနည်းလေးလိုသွားသို့ တခြားကျောင်းရောက်သွားတာ။
ကိုယ်ကတော်တဲ့အကြောင်းကို ကြွားချင်အားကြီးလို့ တကယ်တော့ အမှတ်နည်းနည်းများရင်တော့ ဆေးကျောင်းတက်နေရပြီပေါ့ လို့အပြောခံရရင် ဘယ်လိုခံစားရမလဲ။

၀၇. အဲဒီအဆိုတော်နဲ့ အရမ်းခင်တာ။
သူငယ်ချင်းတွေထဲမှာ နာမည်ကြီးနေတဲ့သူတွေ အများကြီးရှိတယ်ဆိုပြီး ကြွားလုံးထုတ်နေတတ်တဲ့ ကိုကိုတို့လည်း သတိထားနော်။

၀၈. တစ်ယောက်တည်း ၃ ပုလင်းလောက် သောက်နိုင်တယ်။
ကိုယ့်ဟာကို သောက်နိုင်တာကို မိန်းကလေးတွေကို ရှင်းပြစရာမလိုပါ။ အရက်ဘယ်လောက်ပဲ သောက်နိုင်နိုင် မိန်းကလေးတွေရှေ့မှာတော့ အမှတ်ရမယ်လို့မထင်ပါနဲ့။

၀၉. ရုံးက ဟိုလူကြီးကို ပြန်ဆဲလိုက်ရလို့ အရသာရှိလိုက်တာ။
ယောင်္ကျားတန်မဲ့ အတင်းပြောပြီး သူ့စကားကို သေသေချာချာ နားထောင်ပြန်တော့လည်း အထက်လူကြီးက မှားနေတယ်လို့မထင်ပါ။
ကိုယ့်က တော်တယ်တတ်တယ်လို့ ထင်ထားပင်မဲ့လည်း သူတပါးကနေကြည့်ရင်တော့ အဖြေက တမျိုးထွက်မှာပါ။

Chelmo Team

၁၂လရာသီဖွားများအတွက် အဆောင်ကျောက်

ဇန်န၀ါရီလဖွားများအတွက် ဂေါ်မုတ်
ပထမဆုံး ဇန်န၀ါရီလဖွားတွေ ဆောင်သင့်တဲ့ကျောက်က အနီရောင် ဂေါ်မုတ် ခေါ် ဂေါ်မိတ်ကျောက် အမျိုးအစား ဖြစ်ပါတယ်.. ဂေါ်မုတ်ကျောက်ဟာ ဇန်န၀ါရီလဖွားများအတွက် အဆောင်ကျောက်ဖြစ်သလို ၂နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကျောက်လဲ ဖြစ်ပါတယ်.. မာခြင်းအဆင့် ၆ မှ ၇.၅ အထိရှိပြီး အလင်းပြန်မှု အားကောင်းတဲ့ ကျောက်တစ်မျိုးဖြစ်ပါတယ်.. အပြာရောင်ရှိတဲ့ ဂေါ်မုတ်ကျောက်ကိုတော့ အလွန်ရှားပါးစွာ တွေ့ရတတ်ပါတယ်.. အနီရောင် ဂေါ်မုတ်ကျောက်ဟာ ပတ္တမြားနဲ့ ဆင်ဆင်တူတဲ့ အတွက် ကျွမ်းကျင်သူများပင် ပတ္တမြားနဲ့ မှားယွင်းတတ်ကြသော်လည်း တကယ်တမ်းမှာ ပတ္တမြားနဲ့မတူတဲ့ ကွဲပြားချက်များစွာ ရှိပါတယ်… ဂေါ်မုတ်ကျောက်ကို အနီရောင်၊ ခရမ်းရောင်၊ အညိုရောင်၊ အစိမ်းရောင်၊ အပြာရောင်၊ လိမ္မော်ရောင်၊ အ၀ါရောင်၊ အရောင်မဲ့၊ အနက်ရောင်စတဲ့ အရောင်များအထိ တွေ့ရတတ်ပြီး စကော့တလန်၊ ဆွဇ်ဇာလန်၊ တန်ဇန်နီးယား၊ အယ်လ်ဂျီးယား၊ သြစတြေးလျား၊ ဘရာဇီလ်း၊ တောင်အာဖရိက၊ မြန်မာ၊ အမေရိက( အရီဇိုးနားပြည်နယ်) တို့မှာ ရှာဖွေတွေ့ရှိရပါတယ်။
ဂေါ်မုတ်ကျောက်ရဲ့ အစွမ်းသတ္တိများမှာ
၁. စိတ်ကိုအေးချမ်းစေခြင်း
၂.ဖန်တီးနိုင်စွမ်းအားကို မြင့်မားစေခြင်း
၃. ဂုဏ်ကျက်သရေကို တိုးပွားစေခြင်း
၎.၀တ်ဆင်ထားသူအား အန္တရာယ်တစ်ခုခုကျရောက်ခါနီးတွင် သတိပေးတတ်ခြင်း ( ဥပမာ- ကျောက်အရောင် ရုတ်တရက် ပြောင်းလဲသွားခြင်း)
၅.ဘေးအန္တရာယ်တို့မှ ကာကွယ်ပေးနိုင်ခြင်း
၆. တရားမျှတမှုရှိခြင်း၊ ကိုယ်ချင်းစာစိတ်ရှိခြင်း၊ ရိုးသားခြင်းတို့ကို တွန်းအားပေးခြင်း
၇. အခြားသူများထံမှ ကိုယ်ချင်းစာနာစိတ်တို့ကို အလွယ်တကူရရှိစေနိုင်ခြင်း
၈.ဆင်းရဲဒုက္ခ အခက်အခဲများကို ကြံ့ကြံ့ခံနိုင်ရန် ခွန်အားပေးခြင်း
၉.မကောင်းသော အောက်လမ်းနည်းများဖြင့် ပြုစားခြင်းမှ ကာကွယ်ပေးခြင်း စသည့် အစွမ်းသတ္တိတို့ရှိကြောင်း သိရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဖေဖော်ဝါရီလဖွားများအတွက် နီလာခရမ်း (ခ) ခရမ်းစွဲ
ဖေဖော်ဝါရီလဖွားများအတွက် အဆောင်ကျောက်မှာ နီလာခရမ်းခေါ် ခရမ်းစွဲဖြစ်ပါတယ်.. ၆နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ်ကျောက်လဲ ဖြစ်ပါတယ်.. မာခြင်းအဆင့် ၇ ရှိပြီး အလွန်လှပသော ခရမ်းရောင်ကြောင့် သလင်းအုပ်စုဝင်ကျောက်တွေထဲမှာ ရေပန်းစား နံမည်ကျော်ပါတယ်.. ခရမ်းစွဲမှာ ခရမ်းဖျော့ရောင်၊ ခရမ်းပြာရောင်၊ ခရမ်းရင့်ရောင်၊ အနက်ရောင် အထိ အရောင်မျိုးစုံ ရှိတတ်ပါတယ်.. အကောင်းဆုံး ခရမ်းစွဲကျောက်မှာ အနာအဆာကင်းသော ခရမ်းရောင်ရင့်ရင့် ဖြစ်ပါတယ်.. ယနေ့ခေတ်မှာတော့ ဈေးကွက်ထဲမှာ တွေ့ရတဲ့ ခရမ်းစွဲကျောက်တွေဟာ အရောင်ရင့်အောင် ၅၅၀ မှ ၅၆၀ ဒီဂရီစင်တီဂရိတ်ထိ အပူပေးမီးဖုတ်ထားတဲ့ ကျောက်များ ဖြစ်နေတတ်ပါတယ်.. ခရမ်းစွဲကျောက်သည်ု နေရောင်ပြင်းပြင်းနှင့် အချိန်ကြာကြာ ထိတွေ့ခြင်းခံရပါက အရောင်ဖျော့သွားတတ်ပါတယ်..
ခရမ်းစွဲကျောက်ရဲ့ ဂုဏ်သတ္တိတွေမှာ
၁. စိတ်လှုပ်ရှားခြင်း၊ ဒေါသဖြစ်ခြင်းတို့ကို ထိန်းချုပ်နိုင်စွမ်းရှိခြင်း
၂. အမူးသမားများရန်မှ ကာကွယ်ပေးနိုင်ခြင်း၊ အထူးသဖြင့် ထိုကျောက်ကို ၀တ်ဆင်ထားပြီး ၀ိုင်သောက်သုံးပါက အလွန်အကျွံမူးခြင်း၊ အဆိပ်အတောက်ဖြစ်ခြင်းတို့မှ ကာကွယ်ပေးနိုင်သည်ဟု လက်ခံယုံကြည်ကြခြင်း
၃. မြင့်မြတ်ကောင်းမွန်သော ကိုယ်ကျင့်တရားတည်ဆောက်နိုင်ရန် တွန်းအားပေးခြင်း
၎.ချစ်ခြင်းမေတ္တာကို ယူဆောင်ပေးနိုင်စွမ်းရှိခြင်း
၅. ၀တ်ဆင်သူ၏ ဘ၀ထဲသို့ ချမ်းမြေ့ခြင်း၊ တည်ကြည်ခြင်းတို့ကို ပေးနိုင်စွမ်းရှိခြင်း
၆. အခက်အခဲ ပြဿနာများကို ရင်ဆိုင်ဖြေရှင်းနိုင်ရန် ခွန်အားများ တိုးပွားစေခြင်း
၇. အလိမ်အညာခံရခြင်းမှ ကာကွယ်ပေးနိုင်ခြင်း
၈. ခရမ်းစွဲအား ၀တ်ဆင်ထားပါက အသားအရေကို ချောမွတ်လှပလာအောင်လည်း စွမ်းဆောင်ပေးနိုင်စွမ်း ရှိသည်ဟု ယုံကြည်ကြခြင်း စသည်တို့ ဖြစ်ကြပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မတ်လဖွားများအတွက် မြပြာ (ခ) စိမ်းပြာမြ
မတ်လဖွားများအတွက် အဆောင်ကျောက်မှာ ပင်လယ်ပြင်ရဲ့ စိမ်းပြာရောင် ရှိသော Aquamarines ခေါ် မြပြာ ဖြစ်ပါတယ်.. မြပြာရဲ့ မာခြင်းအဆင့်မှာ ၇.၅ မှ ၈ အတွင်း ရှိတတ်ပြီး အစိမ်းရောင် မြ နှင့် အမျိုးအစားတူသဖြင့် ညီအစ်မကျောက် ဟူ၍လည်း ခေါ်ဆိုကြပါတယ်.. မြပြာဟာ အများအားဖြင့် အပြာဖျော့ဖျော့အရောင် ရှိသော်လည်း အရောင်ရင့်ပါက ပိုပြီး တန်ဖိုးကြီးမားပါတယ်.. ခေတ်မှီနည်းစနစ်များနဲ့ အပူပေးပါက အရာင်ရင့်သော မြပြာအဖြစ်သို့ ပြောင်းလဲအောင် ပြုလုပ်နိုင်ကြောင်း သိရပါတယ်.. မြပြာကို ဥရောပနိုင်ငံများက အမြတ်တနိုး တန်ဖိုးထားကာ ၀တ်ဆင် သုံးစွဲတတ်ကြပါတယ်.. မြပြာသည် ဥဿဖရားအပြာရောင်နှင့် ဆင်ဆင် တူသည့်အတွက် ၀ယ်ယူသည့်အခါတွင် အထူးသတိထားကာ ၀ယ်ယူသင့်သည်ဟု မှတ်သားရပါတယ်.. ကမ္ဘာတွင် သုံးစွဲနေသော တန်ဖိုးကြီး မြပြာကို ဘရာဇီးလ် နိုင်ငံတွင် အများအားဖြင့် တူးဖော်ရရှိပြီး ကင်ညာ၊ နိုင်ဂျီးရီးယား၊ တန်ဇန်နီးယား၊ ဇမ်ဘီယာ၊ အာဖရိကနိုင်ငံများနဲ့ အာဖဂန်နစ္စတန်၊ အိန္ဒိယ၊ ရုရှနိုင်ငံရှိ ယူရယ်လ် တောင်တန်းတစ်လျှောက်၊ သီရိလင်္ကာနှင့် ပါကစ္စတန်နိုင်ငံတို့တွင် တူးဖော်ရရှိကြောင်း သိရပါတယ်..
မြပြာတွင်ရှိတဲ့ ဂုဏ်သတ္တိများမှာ
၁. ချစ်ခြင်းမေတ္တာနှင့် ညီညွှတ်မျှတခြင်း တို့ကို ၀တ်ဆင်သူအား ယူဆောင်ပေးနိုင်စွမ်းရှိခြင်း
၂.ပင်လယ်နှင့် ဆက်စပ်သော လုပ်ငန်းဆောင်တာ လုပ်ဆောင်သူများအတွက် ပျော်ရွှင်ခြင်းကို ပေးနိုင်စွမ်းရှိခြင်း
၃. ပင်လယ်ပြင်တွင် သွားလာလှုပ်ရှားနေရသော သင်္ဘောသားများ အဆောင်ကျောက်အဖြစ် အသုံးပြုပါက မကောင်းသော ဘေးအန္တရာယ်များမှ ကာကွယ်ပေးနိုင်ခြင်း၊ မုန်တိုင်းများဒဏ်မှ ကျော်လွှားနိုင်ခြင်းနဲ့ စိတ်ချ လုံခြုံချောမွေ့သော ခရီးစဉ် ဖြစ်စေနိုင်ခြင်း
၎. ခိုက်ရန်ဖြစ်ပွားခြင်းကို ပြေငြိမ်းစေနိုင်ပြီး ဒေါသမီးကိုလည်း လျော့နည်းစေနိုင်ခြင်း
၅. ရေကို သန့်စင်စေနိုင်စွမ်းရှိပြီး ရောဂါဘယများကို ကုစားပေးနိုင်သော အစွမ်းသတ္တိရှိခြင်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဧပြီလဖွားများအတွက် စိန်
ဧပြီလမွေးသောသူများအတွက် အဆောင်ကျောက်မျက်ရတနာမှာ စိန်ဖြစ်ပါတယ်.. စိန်ကို ဂရိဘာသာအရ မဖြိုခွဲနိုင်သော လို့ အဓိပ္ပါယ်ရပါတယ်.. မာခြင်းအဆင့် ၁၀ရှိပြီး ကျောက်မျက်ရတနာ အားလုံးထဲမှာ မာခြင်းအဆင့် အမြင့်မားဆုံးကျောက် ဖြစ်ရုံတင်မက တောက်ပမှု အားအကောင်းဆုံး ကျောက်မျက် ရတနာလည်း ဖြစ်ပါတယ်.. စိန်ဟာ အနှစ်၆၀ပြည့် နှစ်ပတ်လည်နေ့ရဲ့ သင်္ကေတ ဖြစ်ပြီး ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး တန်းဝင်ရတနာတစ်ပါးလဲ ဖြစ်ပါတယ်.. ရှေးယခင်ခေတ်ကတည်းက နှစ်သက်စွာ ၀တ်ဆင်သုံးစွဲကြတဲ့ အထောက်အထားများကို တွေ့ရှိရပြီး ခရစ်တော် မပေါ်မီကတည်းက စိန်ကို ၀တ်ဆင် သုံးစွဲခဲ့ကြပါတယ်.. .. စိန်ကို ကမ္ဘာမြေကြီးရဲ့ အနက်မိုင် ၉၀ကျော်လောက်တွင်သာ ဖြစ်ပေါ်နိုင်ပြီး မီးတောင်များ ပေါက်ကွဲခြင်းကြောင့် ပေါ်ထွက်လာသော ချော်ရည်များကြောင့် လည်းကောင်း၊ ကမ္ဘာ့အောက်ခြေရှိ ရေပူများ ပန်းထွက်ခြင်းကြောင့်လည်းကောင်း လူတို့လက်လှမ်းမှီရာ ကမ္ဘာ့မျက်နှာပြင်ပေါ်သို့ ပျံ့နှံ့ ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်… စိန်ရဲ့ သက်တမ်းဟာ အများအားဖြင့် နှစ်သန်းပေါင်းတစ်ထောင်ခန့် ရှိနိုင်တာကြောင့် သက်တမ်းအရင့်ဆုံး ကျောက်မျက်ရတနာလို့ ပြောလို့ရပါတယ်.. ၀တ်ဆင်သုံးစွဲသည့် သက်တမ်း မည်မျှကြာမြင့်သည်ဖြစ်စေ အခြား ကျောက်မျက်တို့လို အနားစများ ပဲ့ထွက်ခြင်းဖြစ်နိုင်ဖို့ ခဲယဉ်းကြောင်း သိရှိရပြီး အလွန်မာကြောသောကြောင့် စက်မှုလုပ်ငန်းများတွင် များစွာ အသုံးဝင်ပါတယ်.. စိန်ကို အဖြူရောင်၊ အနီရောင်၊ ပန်းရောင်၊ မီးခိုးရောင်၊ အ၀ါရောင်၊ အညိုရောင်၊ အစိမ်းရောင်၊ လိမ္မော်ရောင်၊ ခရမ်းရောင် နှင့် အနက်ရောင်အထိ တွေ့ရှိရတတ်ပါတယ်.. အရောင်မဲ့သောစိန်ကိုတော့ အဖိုးတန်ဆုံးအဖြစ် သတ်မှတ်ကြပါတယ်…
စိန်သည် ၀တ်ဆင်သူအား
၁.ပျော်ရွှင်ချမ်းမြေ့စေခြင်း၊ ဂုဏ်ကျက်သရေနှင့်ပြည့်စုံစေခြင်း၊ ကိုယ်ရောစိတ်ပါ ကြည်လင် ကျန်းမာစေခြင်း၊ အစားအသောက် သီးနှံပေါများစေခြင်း၊
၂.တီထွင်နိုင်စွမ်းအားကို မြင့်မားစေခြင်း၊ မိမိပတ်ဝန်းကျင်အသိုင်းအ၀ိုင်းတွင် ကောင်းမွန်တိုးတက်သော စိတ်ခံစားမှုများကို ဖြစ်ပေါ်စေနိုင်ခြင်း ၊ အကြေက်အရွံ့များကို ဖယ်ရှားပေးနိုင်စွမ်းရှိခြင်း
၃.ဆုံးဖြတ်ချက်များကို တိကျမှန်ကန်စေရန် တွန်းအားပေးစေနိုင်ခြင်း ၊ ဥပဒေနှင့်ဆိုင်သော အခက်အခဲများကို ပြေလည်စေခြင်း
၎.မကောင်းဆိုးဝါးအန္တရာယ်မှ ကာကွယ်ပေးခြင်း၊ အောင်မြင်ခြင်း၊ မိမိအပေါ် သစ္စာရှိသော အပေါင်းအသင်းမိတ်ဆွေသစ်များ တိုးပွားစေခြင်း၊ လူချစ်လူခင်ပေါများစေခြင်း စသည့် အစွမ်းသတ္တိများကို ပေးနိုင်စွမ်း ရှိပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
မေလဖွားများအတွက် မြ
မေလဖွားများအတွက် အဆောင်ကျောက်မျက်ရတနာမှာ မာခြင်းအဆင့် ၇.၅ မှ ၈ ရှိသော မြ ဖြစ်ပါတယ်.. ၅၅ကြိမ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ကျောက်မျက်ရတနာလည်း ဖြစ်ပါတယ်.. မြသည် ချစ်စဖွယ်ကောင်းသော အစိမ်းရောင်နှင့် အလင်းဖောက်နိုင်သော ကြည်လင်မှုမျိုး ရှိသည့် ကျောက်ဖြစ်ပြီး ၄င်းသည် အပူဒဏ်ကို ခံနိုင်ရည်ရှိကာ အလွယ်တကူ အရောင်မပြောင်းနိုင်သော အစွမ်းသတ္တိ ရှိပါတယ်။ မြသည် အနာအဆာများ ပါဝင်မှုနှုန်းများသောကြောင့် အက်ကြောင်းများ၊ အမြုပ်များ ပါရှိပြီး ကျိုးပဲ့လွယ်သော ကျောက်လည်းဖြစ်ပါတယ်..။ လုံးဝအပြစ်အနာကင်းသော မြကို တွေ့ဖို့ ခဲယဉ်းသည်ဟုလည်း ဆိုကြပါတယ်... မြကို အများအားဖြင့် ပုံစံတစ်မျိုးတည်းသာ သွေးကြသောကြောင့် ၄င်းသွေးနည်းကို မြကွက်ဟူ၍ပင် ခေါ်ဆိုကြပါတယ်...။
မြကျောက်သည် ၀တ်ဆင်သူအား
၁. ကံကောင်းစေခြင်း၊ အောင်မြင်စေခြင်း၊ အေးချမ်းစေခြင်း
၂. ဆက်ဆံရေးတိုးတက်ကောင်းမွန်စေခြင်း၊ စကားအရာတွင် အောင်မြင်စေခြင်း
၃.စွမ်းအားကို တိုးမြင့်စေခြင်း
၎.အမြင်အာရုံကို ကောင်းမွန်စေခြင်း
၅.အထူးသဖြင့် အမျိုးသမီး ၀တ်ဆင်သူများအား မကောင်းသော အကြံအစည်များ မ၀င်ရောက်စေခြင်း၊ အန္တရာယ် တစ်ခုခု ကြုံတွေ့ခါနီးတွင် သတိပေးတတ်ခြင်း (ကျောက်အရောင်ပြောင်းသွားခြင်း၊ ဖျော့သွားခြင်း) စသည့် အစွမ်းသတ္တိများကို ပေးနိုင်စွမ်း ရှိပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဇွန်လရာသီဖွားများအတွက် ပုလဲ
ဇွန်လရာသီဖွားများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့် ၃.၅ သာရှိသော တွင်းထွက်ကျောက် မဟုတ်ဘဲ ပင်လယ်သမုဒ္ဒရာရှိ မုတ်ကောင်များမှ ရရှိသော ပုလဲ ရတနာဖြစ်ပါတယ်.. နူးညံ့သိမ်မွေ့ခြင်း သဘောတရားရှိပြီး ကျက်သရေ မင်္ဂလာနဲ့ ပြည့်စုံကာ ၀တ်ဆင်ထားသူကိုလည်း တင့်တယ်လှပစေတာမို့ အမျိုးသမီးများနဲ့ ပိုပြီးလိုက်ဖက်တာကို တွေ့ရပါတယ်.. ရတနာတို့ရဲ့ ဘုရင်မ လို့လည်း တင်စားခေါ်ဝေါ်ကြပါတယ်.. ပုလဲကို ပုံသဏ္ဍာန် အမျိုးမျိုး တွေ့ရှိရတတ်ပြီး လုံးဝန်းချောမွတ်ကာ အပြစ်အနာကင်းသော ပုလဲကို တန်ဖိုးကြီးပုလဲအဖြစ် သတ်မှတ်ကြပါတယ်.. ပုလဲကို အဖြူ၊ မီးခိုး၊ ပန်းရောင်၊ အပြာနုရောင်၊ အစိမ်းဖျော့ရောင်၊ ခရမ်းဖျော့ရောင်နှင့် ရှားရှားပါးပါး အနက်ရောင်အထိ တွေ့ရတတ်သော်လည်း အလွန်ရှားပါးပါတယ်… သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ ၂မျိုး၂စား ရှိပြီး လူတို့ရဲ့ ပယောဂမပါဘဲ သဘာဝအတိုင်း မုတ်ကောင်၏ ကိုယ်တွင်းတွင်တွေ့ရသော ပုလဲကို သဘာဝပုလဲဟု ခေါ်ပြီး လူတို့ကမွေးမြူ၍ မုတ်ကောင်၏ ကိုယ်တွင်းသို့ ၀တ်ဆံထည့်သွင်းပြီး ပုလဲရအောင် မွေးမြူခြင်းဖြင့် ရရှိလာသော ပုလဲကို မွေးပုလဲဟု ခေါ်ပါတယ်.. ပုလဲကို လေအလုံပိတ် ဗူးများ၊ ပလပ်စတစ်အိတ်များဖြင့် အလုံပိတ်၍ သိမ်းဆည်းထားခြင်း မလုပ်သင့်ဟု ဆိုပါတယ်.. သဘာဝ ပါတ်ဝန်းကျင်ရဲ့ စိုစွတ်ခြင်း လေ၀င်လေထွက်ကောင်းမွန်ုခြင်းတို့သည် ပုလဲအတွက် မရှိမဖြစ်လိုအပ်သည်ဟု သိရပါတယ်… သို့မှသာ ပုလဲအရောင်များ မှိန်ဖျော့မသွားဘဲ လင်းလက်တောက်ပနေမှာ ဖြစ်ပါတယ်..
ပုလဲသည် ၀တ်ဆင်သူအား အောက်ပါအကျိုးကျေးဇူးကို ပေးနိုင်စွမ်းရှိကြောင်း သိရပါတယ်…
၁. ကံကောင်းစေခြင်း၊ အေးချမ်းတည်ကြည်စေခြင်း၊
၂. အမျိုးသမီးများအတွက် သားသမီးရတနာ ပွားစီးစေခြင်း
၃. အမျိုးသမီးများ၏ ဂုဏ်ကျက်သရေ မညှိုးနွမ်းအောင် ကာကွယ်စောင့်ရှောက်ပေးခြင်း
၎. ကောင်းချီးသြဘာ ကျက်သရေ မင်္ဂလာနှင့်ပြည့်စုံစေခြင်း တို့ ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဇူလိုင်လဖွားများအတွက် ပတ္တမြား
ဇူလိုင်လဖွားများအတွက် အဆောင်ကျောက်မှာ ရဲရဲနီစွေးသော ပတ္တမြားသွေး ဖြစ်ပါတယ်.. မာခြင်းအဆင့် ၉ရှိပြီး စိန်ပြီးပါက ဒုတိယအမာဆုံး ဖြစ်သော်လည်း စိန်ထက် လေးလံသော ကျောက်မျက်ရတနာ ဖြစ်ပါတယ်.. ပတ္တမြားတွင် လိမ္မော်နီရောင်၊ ခရမ်းရောင်၊ ပန်းရောင် ၊ အနီရောင်စသည့် ရောင်ခြယ်လေးများ ပါဝင်နေသော်လည်း အနီရောင်စစ်စစ် ရဲရဲနီနေသော ပတ္တမြားကသာ အရည်အသွေးအကောင်းဆုံး နှင့် တန်ဖိုးအကြီးဆုံး အဖြစ်သတ်မှတ်ကြပါတယ်.. အကောင်းဆုံး အရည်အသွေးရှိ ပတ္တမြားတစ်လုံးကို တွေ့ရှိရန်မှာ စိန်ကောင်းတစ်လုံးကို တွေ့ရှိဖို့ထက် ပိုပြီး ခက်ခဲကြောင်း သိရှိရပါတယ်… အနီရောင် ပတ္တမြားသည် အမျိုးသားများအတွက် စိတ်အားထက်သန်ပြင်းပြမှုကို ဖော်ဆောင်တာကြောင့် အမျိုးသားများနဲ့ ပိုပြီးလိုက်ဖက်တယ်လို့ ဆိုပါတယ်.. ပတ္တမြားကို ၁၀၀၀ ဒီဂရီစင်တီဂရိတ်အထိ အပူပေးလိုက်တဲ့အခါ အနီရောင်မှ ပန်းရောင်သို့ပြောင်းလဲသွားပြီး အေးသွားလျှင်မူလ အနီရောင်သို့ ပြန်လည်ရောက်ရှိသွားကြောင်း သိရပါတယ်.. ပတ္တမြားဟာ ၏အနှစ်၄၀ပြည့် ကိုယ်စားပြု အထိမ်းအမှတ် ရတနာတစ်ပါးလည်း ဖြစ်ပြီး. ၄င်းကို ၀တ်ဆင်ထားသူ၏ စိတ်ကူးအိပ်မက်များ အမှန်တကယ်ဖြစ်မြောက်လာဖို့ တွန်းအားပေးနိုင်စွမ်းရှိတယ်လို့ အချို့က ယုံကြည်လက်ခံကြကြောင်း သိရပါတယ်.. အန္တရာယ်တစ်ခုခုနှင့် ကြုံတွေ့ခါနီးတွင် ပတ္တမြားအရောင်မှာ ပိုပြီး ရင့်လာကြောင်း အန္တရာယ်တို့မှ လွန်မြောက်သွားသောအခါ မူလအရောင်သို့ ပြန်ပြောင်းသွားတတ်ကြောင်း မှတ်သားရပါတယ်။
ပတ္တမြားသည် ၀တ်ဆင်သူအား
၁. ပျော်ရွှင်ချမ်းမြေ့ခြင်းကို ယူဆောင်ပေးနိုင်ခြင်း
၂. အမျိုးသားများ ကာယသုခရရှိစေ၍ ကျန်းမာသန်စွမ်းစေခြင်း
၃. ခွန်အားပြည့်ဝကာ ဆွဲဆောင်မှုကောင်းစေခြင်း
၎. မိတ်ဆွေတိုးပွားစေခြင်း
၅.ပစ္စည်းဥစ္စာ များကို စောင့်ရှောက်ပေးခြင်း
၆.မကောင်းသော ဘေး၊ မကောင်းသော လွှမ်းမိုးခံရခြင်းတို့မှ ကာကွယ်စောင့်ရှောက်ပေးခြင်း
၇. ဆိုးဝါးသော ရာသီဥတုဘေးဒဏ်ကျရောက်စေခြင်းမှ ကာကွယ်နိုင်ခြင်း စသည့် အစွမ်းသတ္တိများ ရှိသည်ဟု သိရပါသည်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သြဂုတ်လဖွားများအတွက် ပြောင်ခေါင်းစိမ်း
သြဂုတ်လဖွားများအတွက် အဆောင်ကျောက်မှာ မားခြင်းအဆင့် ၆.၅ မှ ၇ အတွင်းရှိသော ပြောင်ခေါင်းစိမ်း လို့ခေါ်တဲ့ တောက်ပသော သံလွင်သီးစိမ်းရောင်ရှိ တွင်းထွက်ကျောက်တစ်မျိုး ဖြစ်ပါတယ်.. ပြောင်ခေါင်းစိမ်းကို ဘီစီ ၁၅၀၀ အီဂျစ်ခေတ်ကတည်းက သုံးစွဲခဲ့ကြောင်း သိရပါတယ်… ပြောင်ခေါင်းစိမ်းအရောင်မှာ သံပုရာစိမ်း၊ စိမ်းဝါရောင်၊ စိမ်ရွှေဝါရောင်၊ အညိုနုရောင်နဲက သံလွင်စိမ်းရောင်ထိ အရောင်ကွဲ အမျိုးစုံစွာ တွေ့ရသော်လည်း အမေရိက အရီဇိုးနား ပြည်နယ်တွက် သံပုရာစိမ်းမှာ အကောင်းဆုံး အမျိုးအစားအဖြစ် သတ်မှတ်ခြင်းခံရပါတယ်. ပြောင်ခေါင်းစိမ်းကို တောက်ပပြောင်လက်စေရန်အတွက် ဗနီကာအရည်မှာ အသင့်တော်ဆုံး ဖြစ်ကြောင်းသိရပါတယ်.. တရုတ်နိုင်ငံထွက် ပြောင်ခေါင်းစိမ်းမှာ အရောင်ဖျော့ပြီး ၂ ကာရက်အောက် အရွယ်အစားများသာ ထွက်ရှိပါတယ်.. တန်ဖိုးကြီးမားပြီး လှပကောင်းမွန်သော ပြောင်းခေါင်းစိမ်းမှာ မြန်မာနိုင်ငံ မိုးကုတ်မြို့တွင် ထွက်ရှိပါတယ်.. ပြောင်ခေါင်းစိမ်း ရှာဖွေသူများဟာ ညအခါ လရောင်အောက်တွင် ရှာဖွေပါက တွေ့ရှိဖို့ ပိုလွယ်ကူကြောင်း ဗဟုသုတအနေနဲ့ မှတ်သားရပါတယ်.. ညအခါ ပြောင်းခေါင်းစိမ်းရှိရာနေရာကို တွေ့ရှိပါက အမှတ်အသားပြုလုပ်ထားကြပြီး နောက်တစ်နေ့ မိုးလင်းမှ လာရောက်တူးဖော်ကြကြောင်း သိရပါတယ်။
ပြောင်ခေါင်းစိမ်းတွင်
၁. မကောင်းဆိုးဝါး အန္တရာယ်များ ကျရောက်ခြင်းမှ ကာကွယ်ခြင်း
၂. စိတ်ဖိစီးမှုများကို ပြေလျော့စေနိုင်ပြီး၊ သက်သောင့်သက်သာဖြစ်စေနိုင်ခြင်း ၊ ပန်းနာရင်ကြပ်ရောဂါကို ကုစားသက်သာစေနိုင်ခြင်း
၃.ငြိမ်းချမ်းခြင်းကို ယူဆောင်ပေးနိုင်စွမ်းရှိပြီး မကောင်းသော အိမ်မက်များကို မမက်အောင် ကာကွယ်ပေးနိုင်ခြင်း
၎. ထိတ်လန့်ကြောက်ရွံ့ခြင်း၊ ဒေါသကြီးခြင်း၊ စိတ်သောကရောက်ခြင်း၊ ခြောက်ခြားခြင်း တို့မှ သက်သာ လျော့နည်းစေနိုင်ခြင်း
၅.ခနာကိုယ်အား ခွန်အားပြည့်ဝစေပြီး စိတ်ကို သန့်ရှင်းကြည်လင်စေနိုင်ခြင်း
၆.ပြောင်ခေါင်းစိမ်းဖြင့် ပြုလုပ်သော ခွက်ကို အသုံးပြု၍ ဆေးဝါးများကို သောက်သုံးပါက ဆေးဝါးအစွမ်း ပို၍ ထက်မြက်စေခြင်း စသည့် ဂုဏ်သတ္တိများ ရှိကြောင်း သိရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
စက်တင်ဘာဖွားများအတွက် နီလာ
စက်တင်ဘာလတွင် မွေးဖွားသူများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့်၉ရှိပြီး ပတ္တမြားနှင့် အုပ်စုတစ်ခုတည်း ဖြစ်သောကြောင့် ကျောက်ညီအစ်မလို့ တင်စားခေါ်ဝေါ်ကြတဲ့ အပြာရောင် နီလာ ရတနာဖြစ်ပါတယ်.. နီလာထဲတွင် အ၀ါရောင်၊ ခရမ်းရောင်၊ ပန်းရောင်၊ အစိမ်းရောင် ၊ လိမ္မော်ရောင်စသော ရောင်စဉ်များ ပါဝင်တတ်ပါတယ်.. အရည်အသွေးအကောင်းဆုံး နီလာမှာ ကောင်းကင်ပြာရောင် ဖြစ်ပါတယ်.. ကမ္ဘာပေါ်ရှိဈေးကွက်တွင် တွေ့ရသော ၉၀ရာခိုင်နှုန်းသော နီလာများမှာ မီးဖုတ်ပြုပြင်ထားသော နီလာများ ဖြစ်နေပါတယ်.. နီလာကို မြန်မာနိုင်ငံ၊ သီရိလင်္ကာ၊ ထိုင်း၊ ကမ္မောဒီယား၊ ဗီယက်နမ်နဲ့ အိန္ဒိယနိုင်ငံတို့ တူးဖော်ရရှိနိုင်ပါတယ်.. နီလာဖြင့်ပြုလုပ်ထားသော အိုး၊ခွက် တစ်ခုခုတွင် အဆိပ်ရှိသော မြွေကို ထည့်လိုက်ပါက မြွေမှာ မကြာခင်တွင် သေဆုံးသွားကြောင်း သိမှတ်ရပါတယ်..
နီလာကို ၀တ်ဆင်သူများအတွက် အကျိုးသက်ရောက်ပုံမှာ
၁. ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းတို့ကို ယူဆောင်ပေးနိုင်ခြင်း
၂. မကောင်းသောဘေးရန်မှ ကာကွယ်ပေးခြင်း
၃. ကျန်းမာရေးကောင်းစေခြင်း၊ ကျေနပ်ရောင့်ရဲစေခြင်း
၎.အဖျားရောဂါ၊ အရေပြားနှင့်ပတ်သက်သော ရောဂါ၊ မျက်စိနှင့်ပတ်သက်သော ရောဂါများကို သက်သာစေနိုင်ခြင်း
၅. နီလာ ၀တ်ဆင်ထားသူသည် မနှစ်မြို့ဖွယ် ကိစ္စတစ်ခုခု ပြုလုပ်ပါက ၀တ်ဆင်ထားသော နီလာမှာ အရောင် ဖျော့သွားတတ်ခြင်း
၆. ဆဌမအာရုံကို လှုံ့ဆော်ပေးနိုင်ခြင်း စသည်တို့ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
အောက်တိုဘာဖွားများအတွက် ကြောင်မျက်ရွဲ
အောက်တိုဘာလမွေးဖွားသူများ ဆောင်ရမဲ့ အဆောင်ကျောက်မှာ မာခြင်းအဆင့် ၅.၅မှ ၆.၅ အထိရှိသော အိုပယ်ကျောက်ခေါ် ကြောင်မျက်ရွဲ ဖြစ်ပါတယ်.. မင်္ဂလာနှစ်ပတ်လည် ၁၄နှစ်မြောက် အထိမ်းအမှတ်ကျောက်လဲ ဖြစ်ပါတယ်.. ကြောင်မျက်ရွဲတွင် ရေပါဝင်မှုနှုန်း မြင့်မားသောကြောင့် အလွန်ပျော့ပြောင်းပြီး ကျိုးပဲ့လွယ်ကြောင်း သိရပါတယ်.. ကြောင်မျက်ရွဲကို ၄င်းထံတွင်ပါဝင်သော ရောင်စဉ်များ ယှက်ဖြာနေမှု အနည်းအများကိုလိုက်ပြီး အဆင့်အတန်း ခွဲခြားကြပါတယ်.. အကောင်းဆုံး ကြောင်မျက်ရွဲတွင် အပြာရောင်၊ အ၀ါရောင်၊ အစိမ်းရောင်၊ အနီရောင်၊ လိမ္မော်ရောင်၊ အပြာနုရောင်၊ ခရမ်းရောင် စသဖြင့် အရောင်မျိုးစုံ ပေါင်းစပ်ထားသောကြောင့် သက်တန့်ရောင်ကဲ့သို့ အရောင်စုံလင်ကာ လှပစွဲမက်ဖွယ်ကောင်း လှပါတယ်.. သို့သော် ကြောင်မျက်ရွဲအားလုံးတွင် ၄င်းအရောင်များ အားလုံး တွေ့ရမည်မဟုတ်ဘဲ အများအားဖြင့် ပြိုးပြိုးပြက်ပြက်တောက်ပသော အပြာရောင်ထဲတွင်မှ အချို့တွင် အစိမ်းရောင်များ၊ အချို့မှာ အ၀ါရောင်နှင့် အစိမ်းရောင်စဉ်များ၊ အချို့တွင်တော့ လိမ္မော်ရောင်၊ အနီရောင် စသည့်ရောင်ပြေးများ ပေါင်းစပ်ပါဝင်နေလေ့ရှိသည်။ ကြောင်မျက်ရွဲကို နို့နှစ်ရောင်၊ အဖြူရောင်၊ မီးခိုးရောင်၊ အညိုရောင်မှ စ၍ အနက်ရောင်ထိ ရှိတတ်သော်လည်း အနက်မှာ ရှားပါးပြီး တန်ဖိုးအမြင့်ဆုံးဟု သတ်မှတ်ကြပါတယ်… သြစတြေးလျသည် ကမ္ဘာပေါ်တွင် အိုပယ်(ကြောင်မျက်ရွဲ) အများဆုံး ထွက်သောနိုင်ငံဖြစ်သည်။
ကြောင်မျက်ရွဲနှင့်ပတ်သက်၍
၁.၀တ်ဆင်သူအား ပျော်ရွှင်စေနိုင်ခြင်း၊ ၄င်းကိုဝတ်ဆင်ထားသူသည် စိတ်ပျော်ရွှင် ကြည်လင်နေပါက ကြောင်မျက်ရွဲမှာ အရောင်ပိုမိုတောက်ပ လင်းလက်နေပြီး ၄င်းဝတ်ဆင်ထားသူသည် စိတ် လေးလံထိုင်းမှိုင်းနေပြီး မပျော်မရွှင် စိတ်ညစ်နေသည်ဆိုပါက ၄င်းကျောက်အရောင်ပါ မှေးမှိန်ဖျော့တော့သွားစေနိုင်ခြင်း
၂.မျက်စိနှင့်ပတ်သက်သောရောဂါများ မဖြစ်ပွားအောင် ကာကွယ်ပေးနိုင်ခြင်းနှင့် မျက်စိရောဂါများကို ပျောက်ကင်းသက်သာစေနိုင်ခြင်း
၃. သိဒ္ဓိများနှင့် ပြည့်စုံစေခြင်း၊ စဉ်းစားဆင်ခြင်ဥာဏ်နှင့် မှတ်ဥာဏ်ကောင်းစေခြင်း၊ အမြော်အမြင် ကြီးမားလာစေခြင်း စသည့် အစွမ်းသတ္တိများ ရှိကြောင်း သိရပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
နိုဝင်ဘာလဖွားများအတွက် ဥဿဖရား
နိုဝင်ဘာလတွင် မွေးဖွားသူများအတွက် အဆောင်ကျောက်မှာ မာခြင်းအဆင့် ၈တွင်ရှိသော ဥဿဖရား ကျောက် ဖြစ်ပါတယ်… ဥဿဖရား၏အရောင်မှာ မီးတောက်မီးလျှံ၏ အရောင်နှင့်တူသောကြောင့် ၀ါရွှေတောက်ပကာ လင်းလက်လှပသောအရောင်အဆင်း ရှိပါတယ်.. ၄င်းကျောက်တွင် လိမ္မော်ဝါရောင်၊ ပယင်းရောင်၊ ရွှေဝါရောင်၊ ညိုဝါရောင် စသည့်ရောင်စဉ်များ ယှက်ဖြာပါဝင်နေလေ့ ရှိပါတယ်.. ဥဿဖရားကို အညိုရောင်၊ ပန်းရောင်၊ မက်မွန်သီးရောင်၊ ခရမ်းရောင် နှင့် အပြာရောင် တို့ဖြင့်လည်း တွေ့ရှိရသော်လည်း ရွှေဝါရောင်၊ ပန်းရောင်နှင့် မက်မွန်သီးရောင် တို့မှာလည်း ဈေးနှုန်းမြင့်မားတတ်ပါတယ်.. ယခင်ခေတ်အခါက အပြာရောင် ဥဿဖရားမှာ ရှားပါးသော ကျောက်တစ်မျိုး ဖြစ်ခဲ့သော်လည်း ယခုခေတ်အခါတွင် တန်ဖိုးအနည်းဆုံးနဲ့ ပေါပေါများများ တွေ့ရလေ့ရှိသောကျောက် ဖြစ်သွားခဲ့ရပြီး တရုတ်နိုင်ငံတွင် အများဆုံး တူးဖော်ရရှိပါတယ်.. တကယ်တမ်းမှာ အဖြူရောင် သို့မဟုတ် အရောင်မဲ့ အဖြစ် မြေကြီးအောက်မှ တူးဖော်ရရှိသော်လည်း ဓာတုဗေဒနည်းပညာဖြင့် ပြုပြင်ဖန်တီးကာ အလွန်လှပစွဲမက်ဖွယ် အပြာရောင် ဖြစ်လာပြီး ဈေးကွက်တွင် ရောင်းချကြပါတယ်.. နည်းပညာမြင့်မားပြီး သေသပ်လှပအောင် ပြုလုပ်ထားသော ကျောက်မျက်ရတနာ အတုတို့မှာ တခါတရံ ကျောက်မျက် ကျွမ်းကျင်ပညာရှင်များပင် အတုအစစ် ခွဲခြားဖို့ ခက်ခဲလှပါတယ်… မြန်မာနိုင်ငံတွင်လည်း မိုးကုတ်တွင် ဥဿဖရားကို တူးဖော်ရရှိနိုင်ပါတယ်… အရည်အသွေး ကောင်းမွန်လှသော ဥဿဖရားသည် အလွန်တောက်ပသော အရောင်အဆင်းရှိပြီး ထိတွေ့လိုက်သည့်အခါတွင် အေးမြနေသော ခံစားမှုမျိုးကို ပေးနိုင်စွမ်းရှိကြောင်း သိရပါတယ်။
ဥဿဖရားတွင်
၁. ပျော်ရွှင်ခြင်း၊ စိတ်ရှည်သီးခံခြင်း၊ ကျန်းမာခြင်း တို့ကို ဆောင်ယူပေးနိုင်စွမ်းရှိခြင်း
၂. မကောင်းသော ရောဂါ၊ အန္တရာယ်တို့မျ ကာကွယ်ပေးနိုင်စွမ်းရှိခြင်း
၃. စိတ်ကစဉ့်ကလျားဖြစ်ခြင်း၊ စိတ်မငြိမ်သက်ခြင်းတို့ကို ကုစားပေးနိုင်စွမ်းရှိခြင်း
၎.ပိုမိုလက်တွေ့ကျသော ဆုံးဖြတ်ချက်များ၊ စဉ်းစားဆင်ခြင်ဥာဏ်များကို ပေးနိုင်စွမ်းရှိခြင်း
၅.နားလည်နိုင်စွမ်း မြင့်မားခြင်းနှင့် ခွန်အားကို သိမ်းဆည်းပေးနိုင်စွမ်းရှိခြင်း စသည့် ဂုဏ်သတ္တိများ ရှိပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒီဇင်ဘာဖွားများအတွက် မိုးပြာရောင် တာကွိုက်စ်ကျောက်
ဒီဇင်ဘာလဖွားများအတွက် အဆောင်ကျောက်မှာ အပြာရောင် တာကွိုက်စ်ခေါ် မိုးပြာရောင်ကျောက် ဖြစ်ပါတယ်.. မာခြင်းအဆင့် ၅ သာရှိပြီး တာကွိုက်စ်ဆိုသော စကားလုံးမှာ ပြင်သစ်ဘာသာအရ တူရကီကျောက် လို့ အဓိပ္ပါယ်ရပြီး တူရကီဈေးကွက်မှာ ဗင်းနစ် ကုန်သည်တို့က စတင်ပြီး ဥရောပသို့ ယူဆောင် ရောင်းချခဲ့တာကြောင့် ဖြစ်ကြောင်း သိရပါတယ်.. အကောင်းဆုံး တာကွိုက်စ်ကို အီရန်နိုင်ငံတွင် တူးဖော်ရရှိနိုင်ပါတယ်.. တာကွိုက်စ်ကို ကျောက်ဆောင်များ၏ အက်ကွဲကြောင်းများ အတွင်းတွင် တွေ့ရှိရပြီး ပုံသဏ္ဍာန်အမျိုးမျိုးဖြင့် ဖြစ်ပေါ်နေတတ်ပါတယ်.. ထူးခြားသည်မှာ တာကွိုက်ကျောက်သည် အဖိုးတန်သော အလင်းပိတ် ကျောက်တစ်မျိုးဖြစ်ပြီး အရောင်မှာ အစိမ်းဖျော့မှ အစိမ်းရင့်ရင့်၊ အပြာဖျော့မှ အပြာရင့်ရင့်အထိ ပေါင်းစပ်ထားတတ်ပါတယ်.. အများအားဖြင့် တာကွိုက်စ်ကျောက်မှာ အစိမ်းရောင် ရှိတတ်သော်လည်း အပြာရောင် တာကွိုက်စ်မှာ တန်ဖိုးမြင့်မားပါတယ်.. တာကွိုက်စ်သည် ကျွတ်ဆတ်သောကြောင့် ကျိုးပဲ့ ပျက်စီးလွယ်သည့်သဘော ရှိပြီး အပူဒဏ်၊ ဆီ၊ နေရောင်၊ အစိုဓတ်၊ ချွေး၊ ရေမွှေး၊ ဓာတုပစ္စည်းများနှင့် အလွန်အမင်း ပူပြင်းခြောက်သွေ့ခြင်းတို့ကြောင့် အရောင်အဆင်း ပြောင်းလဲ ပျက်စီးသွားနိုင်ပါတယ်။
တာကွိုက်စ်ကျောက်သည်
၁. ငြိမ်းချမ်းခြင်း၊ ကံကောင်းခြင်း၊ လုံးခြုံစိတ်ချခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်းတို့ကို ယူဆောင်ပေးနိုင်စွမ်းရှိခြင်း
၂. ဥပစ္ဆေဒကကံ ကျရောက်ခြင်းမှ ကာကွယ်ခြင်း၊ မကောင်းသော ဘေးဒဏ် တို့မှ ကာကွယ်ပေးခြင်း
၃. အန္တရာယ်တစ်စုံတစ်ခု ကျရောက်ခါနီးပါက အရောင်ပြောင်းသွားခြင်း
၎. စိတ်ဝိဥာဏ်ကို သန့်ရှင်း ကြည်လင်စေခြင်း၊ ယုံကြည်မှုတိုးပွားစေခြင်း၊ ပညာဥာဏ်ကြီးမားခြင်း၊ နားလည်စာနာစိတ်၊ ကရုဏာစိတ် တိုးပွားခြင်း
၅. အဆောင်လက်ဖွဲ့၊ ပီယဆေးများအဖြစ် အသုံးပြုနိုင်ခြင်း
၆.စီးပွားရေး လုပ်ငန်းဆောင်တာများ ကောင်းမွန်တိုးတက်စေခြင်း စသည့် အစွမ်းသတ္တိများ ရှိကြောင်း ယုံကြည်လက်ခံကြပါတယ်။

Credit - Original Writer

ရဟန်းတော်များ နေ့လွဲညစာ မစားရခြင်းအကြောင်း

ရဟန်းတော်များအဖို့ အစားအစာကို ဘုဉ်းပေးသုံးဆောင်တဲ့နေရာမှာ အစားအစာအတိုင်းအတာကိုရော၊ ကိုယ့်ဝမ်းအတိုင်းအတာကိုရော သိရှိပြီးသကာလ ဘုဉ်းပေးသုံးဆောင်ရပါတယ်။ မိမိရဲ့ သပိတ်၊ ပန်းကန်ထဲကို ကုန်နိုင်သလောက်သာထည့်ပြီး ထည့်သလောက် ကုန်အောင် ဘုဉ်းပေးသုံးဆောင်ရပါတယ်။ အစားအစာကို ဆေးအဖြစ်မှတ်ယူပြီး အစာလည်းဆေး ဆေးလည်းအစာဖြစ်အောင် ဘုဉ်ပေးသုံးဆောင်ရပါတယ်။ တစ်ခါက ဘုရားရှင် ရဟန်းတော်များနှင့်အတူ တစ်နေရာကို ခရီးသွားစဉ် ဘုရားရှင်က “ရဟန်းတို့၊ နေ့လွဲညစာ မစားကြပါနဲ့၊ နေ့လွဲညစာမစားပဲ နေတာက ကျန်းမာရေးပိုကောင်းပါတယ်။ ဖျားမှု နာမှု ကင်းဝေးမယ်၊ စိတ်လန်းဆန်းမှုလည်းရရှိလာမယ်။ စွမ်းအင်တွေတိုးပွါးလာပြီး နေရထိုင်ရတာ သက်တောင့်သက်သာဖြစ်လာပါလိမ့်မယ်” လို့ပြောဘူးပါတယ်။ (ကီဋာဂိရိသုတ်၊ မဇ္ဈိမနိကာယ်) ဘုရားရှင်လက်ထက် အစောဦးကာလတွေတုန်းက ဘုရားရှင်ရဲ့ ဒီလိုနေ့လွဲညစာမစားဘို့ ဆုံးမစကားတွေကို လွယ်လွယ်ကူကူလက်ခံခဲ့ဟန်တော့ မတူပါဘူး။ မဇ္ဈိမနိကယ်၊ လဋုကိကောပမသုတ်ထဲမှာ ညစာမစားရတာနဲ့ပတ်သက်လို့ ရှင်ဥဒါယီဆိုတဲ့ရဟန်းတစ်ပါးက ဘုရားရှင်ကို ဒီလို လျှောက်ခဲ့ဘူးပါတယ်။ “မြတ်စွာဘုရား၊ တပည့်တော်တို့တတွေဟာ အရင်တုန်းကဆိုရင် နေ့ရော ညပါ အစာအာဟာရတွေကို ဘုဉ်းပေးသုံးဆောင်နေကြတာပါ။ အခု အရှင်ဘုရားက မစားနဲ့ဆိုတော့ တပည့်တော်တို့တတွေ စိတ်ဆင်းရဲမှု အင်မတန်ဖြစ်နေရပါတယ်ဘုရား။ ဒါပေမဲ့ တပည့်တော်တို့က အရှင်ဘုရားအပေါ်မှာ ချစ်၊ ကြောက်၊ ရိုသေခြင်းရှိကြလို့ အရှင်ဘုရားစကားကို နားထောင်ကာ ညစာ မစားကြပါဘူးဘုရား” တဲ့။ ဒီ့အပြင် ရဟန်းတော်များ ညစာစားခြင်းမှ ရှောင်ကြဉ်လိုက်လို့ ရရှိတဲ့အကျိုးတရားတွေကို ဒီလဋုကိကောပမသုတ်ထဲမှာ အကျယ်တ၀င့်ဖော်ပြထားပါတယ်။ အတော်လေး စိတ်ဝင်စားဖွယ်ကောင်းလှပါတယ်။ ဆန်ဈေး ဆီဆေးကြီးနေတဲ့ ယနေ့လိုခေတ်ကြီးမှာ ဘုရားရှင်ကသာ ရဟန်းတော်များကို ညစာမစားရ ဆိုတဲ့ ၀ိနည်းဥပဒေမထားခဲ့ဘူးဆိုရင် (ရဟန်းတော်တွေကို ညစာစားခွင့်ပြုထားခဲ့မယ်ဆိုရင်) အရုဏ်ဆွမ်းအတွက် တစ်ခါ ဆွမ်းခံထွက်၊ နေ့ဆွမ်းအတွက် တစ်ခါ ဆွမ်းခံထွက်၊ ညဆွမ်းအတွက် တစ်ခါဆွမ်းခံထွက်နေရတော့မှာပေါ့။ ဒီလိုသာ တစ်နေ့ကို ဆွမ်းခံ သုံးခါထွက်ရမယ်ဆိုရင် ရဟန်းတော်များဘက်ကလည်း မလွယ်ကူသလို ဆွမ်းလှူဒါန်းရမည့် ဒကာ ဒကာမများဘက်ကလည်း အင်မတန်ကြီးလေးတဲ့ တာဝန်ကြီးကို ထမ်းဆောင်ရတော့မှာပါ။ အားလုံးသိပြီးသားဖြစ်တဲ့အတိုင်း ဘုရားရှင်ဟာ ဘုရားအဖြစ်နဲ့ ၄၅ နှစ်ကြာ ၄၅ ၀ါကြာနေပြီး အသက် ၈၀ အရွယ်မှာ ပရိနိဗ္ဗာန်စံတော်မူပါတယ်။ ဘုရားဖြစ်ပြီး ၄၅ နှစ်ထဲမှာ ပထမနှစ် ၂၀ မှာ ၀ိနည်းသိက္ခာပုဒ်တွေကို မပညတ်ရသေးပါဘူး။ ဆိုတော့ ၀ိနည်းစည်းကမ်းတွေ မရှိသေးဘူးပေါ့။ ဒီတော့ကား ညစာစားလိုတဲ့ရဟန်းတော်များ ညစာ စားကြမှာပါဘဲ။ ညစာအတွက် ဆွမ်းခံထွက်ရမှာ သေချာပါတယ်။ ဒီလိုညစာစားခြင်းရဲ့ ဘေးထွက်ဆိုးကျိုးနဲ့ ညစာအတွက် ဆွမ်းခံထွက်ရတဲ့ဒုက္ခတွေကို ရှင်ဥဒါယီဆိုတဲ့ရဟန်းကြီး နောက်ပိုင်းမှာ သဘောပေါက်သွားပါတယ်။ ဆွမ်းခံထွက်ရတဲ့ဒုက္ခတွေကို သူကိုယ်တိုင်တွေ့ကြုံခဲ့ရတာကိုး။ ဒါကို ဒီလဋုကိကောပမသုတ်တော်မှာ ဒီလို မှတ်တမ်းတင်ခဲ့ပါသေးတယ်။ “အသျှင်ဘုရား ရှေးကဖြစ်ဖူးသည်မှာ ရဟန်းတို့သည် ညဥ့်မှောင်မိုက်၌ ဆွမ်းခံလှည့်လည်ကြကုန်သည် ရှိသော် အညစ်အကြေးစွန့်ရာသို့လည်း ဝင်မိကြကုန်၏၊ ညွန်တွင်းသို့လည်း ကျကြကုန်၏၊ ဆူးရှိသော တွင်းကိုလည်း နင်းမိကြကုန်၏၊ အိပ်နေသော နွားမကိုလည်း တက်နင်းမိကြကုန်၏၊ ခိုးခဲ့ပြီးသောသူခိုး မခိုးရသေးသော သူခိုးတို့နှင့်လည်း တွေ့ဆုံမိကြကုန်၏၊ မာတုဂါမသည်မူလည်း ထိုရဟန်းကိုမေထုန် အကျင့်ဖြင့် ဖိတ်၏ 'မေထုန်ကျင့်ရန် ပြောဆို၏'။ အသျှင်ဘုရား ရှေးကဖြစ်ဖူးသည်မှာ တပည့်တော်သည် ညဥ့်မှောင်မိုက်၌ ဆွမ်းအလို့ငှါ လှည့်လည်၏၊ အသျှင်ဘုရား ခွက်ဆေးကြောနေသော မိန်းမတစ်ယောက်သည် လျှပ်စစ်ပြက်သော အခိုက်၌ အကျွန်ုပ် ကို့မြင်၍ 'အမလေး ကိုယ်ကျိုးနဲပါပေါ့၊ ဘီလူးကြီးပါတကား'ဟု လန့်အော်ပါ၏။ အသျှင်ဘုရား ဤသို့လန့်အော်သော် တပည့်တော်သည် 'နှမ ငါသည် ဘီလူးမဟုတ်ပါ၊ ဆွမ်းရပ်နေသော ရဟန်းပါ' ဟု ထိုမိန်းမကို ပြောဆိုခဲ့ပါ၏၊ 'ရဟန်းအား မိဘမဲ့လေယောင်တကား၊ ရဟန်းအားမိဘမဲ့လေယောင် တကား၊ ရဟန်း ထက်လှစွာသော ဓားငယ်ဖြင့် သင်၏ ဝမ်းဗိုက်ကို ထိုးဖောက်ခြင်းကမြတ်သေး၏၊ ညဥ့်မှောင်မိုက်၌ ဝမ်းဟူသောအကြောင်းကြောင့် ဆွမ်းခံလှည့်လည်ခြင်းသည် မမြတ်သည်သာတည်း' ဟု ထိုမိန်းမက ဆိုပါ၏။” (မဇ္ဈိမနိကာယ်၊ လဋုကိကောပမသုတ်၊ ပိုဒ်ရေ ၁၄၈) ဒါက ဘုရားရှင်လက်ထက်က ညစာအတွက် ဆွမ်းခံကြွဘူးတဲ့ရဟန်းတစ်ပါးရဲ့အတွေ့အကြုံကို ဖော်ပြတာပါ။ ဘုရားရှင်ကလည်း 'အကြင်ရဟန်းသည် မွန်းလွဲသောအခါ၌ ခွဲဖွယ်ကိုသော် လည်းကောင်း၊ ဘောဇဉ်ကိုသော်လည်းကောင်း ခဲမူလည်း ခဲငြားအံ့၊ စားမူလည်း စားငြားအံ့၊ (ထိုရဟန်းအား) ပါစိတ်အာပတ်အပြစ်သင့်စေ'' ၀ိနည်းဥပဒေ တစ်ခုကို ထုတ်ခဲ့ပါတယ်။ ၀ိနယပိဋက၊ ပါစိတ်ပါဠိတော်မှာလာတဲ့ ဒီဝိကာလဘောဇနသိက္ခာပုဒ်အကြောင်းကို အကျယ်မပြောလိုတော့ပါဘူး။ ဒီနေရာမှာ ပြောလိုတာက ဘုရားရှင်က နေ့ ၁၂ နာရီမှ နောက်နေ့မနက် အရုဏ်တက်သည်အထိ အဆိုင်အခဲဖြစ်တဲ့ ထမင်း၊ ခေါက်ဆွဲ၊ ကြာဇံ၊ မုန့်ဟင်းခါး၊ ကိတ်မုန့်၊ ပေါင်မုန့်စတဲ့ အစိုင်အခဲဖြစ်တဲ့ အစားအစာ (Solid Foods) တွေကိုသာ စားခွင့်မပြုတာပါ။ အပ်စပ်အောင်လုပ်ထားတဲ့ သစ်သီးဖျော်ရည်တို့ကို ဘုဉ်းပေးသုံးဆောင်ကောင်းပါတယ်။ ဒါ့အပြင် 100 Plus, Red Bull (ကျွဲရိုင်း)လို အအေးမျိုးတွေကိုလည်း ကျန်းမာရေးအရ သောက်လို့ရပါတယ်။ သီရိလင်္ကာနိုင်ငံက လက်ဖက်ခြောက်ထွက်တဲ့နိုင်ငံဆိုတော့ ညနေပိုင်း သီရိလင်္ကာဘုန်းကြီးကျောင်းတွေကို အလည်သွားရင် လက်ဖက်ရည်တွေနဲ့ဧည့်ခံတာကို ကြုံဘူးပါတယ်။ ထိုင်းဘုန်းကြီးတွေကတော့ ကော်ဖီ၊ မိုင်လိုစတာတွေကို သောက်ကောင်းတယ်လို့ ယူဆပြီး ညနေပိုင်း ဘုဉ်းပေးသုံးဆောင်လေ့ရှိပါတယ်။ နွားနို့မထည့်ရင် ညနေပိုင်း ကော်ဖီ လက်ဖက်ရည်သောက်ကောင်းပြီး နွားနို့မထည့်ရင်တော့ မသောက်ကောင်းဘူးလို့ ထိုင်းဘုန်းကြီး သီရိလင်္ကာဘုန်းကြီးတချို့က ပြောပြန်ပါတယ်။ မြန်မာဘုန်းတော်ကြီးများကတော့ ကော်ဖီ လက်ဖက်ရည်တွေကို မသောက်ကောင်းဘူးလို့ ယူဆပါတယ်။ ဒါပေမဲ့ ထောပတ်သီးဖျော်ရည်၊ သင်္ဘောသီးဖျော်ရည်လိုဟာမျိုးတွေကို နို့ဆီနဲ့ ဖျော်သောက်တာကို နေရာအတော်များများမှာ တွေ့ဘူးပါတယ်။ ဒီလိုထောပတ်သီးဖျော်ရည်မျိုး၊ သင်္ဘောသီးဖျော်ရည်မျိုးကို သောက်လို့ရတယ်ဆိုရင် ကော်ဖီ လက်ဖက်ရည်လည်း သောက်လို့ရသင့်ပါတယ်။ ဒါ့အပြင် မြန်မာပြည် အချို့ဒေသတွေမှာတော့ ကြက်သွန်သုတ်၊ ဂျင်းသုတ်တွေကို ညနေပိုင်းအချိန်တွေမှာ ရဟန်းတော်များ ဘုဉ်းပေးသုံးဆောင်ကောင်းတယ်လို့ယူဆပြီး ဆက်ကပ်လှူဒါန်း ဘုဉ်းပေးသုံးဆောင်နေတာကို တွေ့ဘူးပါတယ်။ ခြုံကြည့်လိုက်ရင် ရဟန်းတော်များအနေနဲ့ ကိုယ်နေနေတဲ့ဂေါစရဂါမ်ပတ်ဝန်းကျင်က ဒကာ ဒကာမတွေအလိုအတိုင်း ကျင့်သုံးနေကြတယ်လို့ထင်မိပါတယ်။ ကော်ဖီ လက်ဖက်ရည်ကို ညနေပိုင်းအချိန်မှာ ရဟန်းတော်သောက်ရင် မြန်မာဒကာ ဒကာမများက ၀ိနည်းတော်နဲ့ အညီမနေဘူးဆိုပြီး အထင်သေးတတ်ပါတယ်။ ဒီတော့ ညနေပိုင်းအချိန်တွေမှာ မြန်မာရဟန်းတော်များ ကော်ဖီလက်ဖက်ရည်မသောက်ကြပါဘူး။ ထောပတ်သီးဖျော်ရည်၊ သင်္ဘောသီးဖျော်ရည်လိုဟာမျိုးတွေကို သောက်ရင်တော့ ၀ိနည်းတော်နဲ့ညီတယ်လို့ ထင်တတ်ကြပါတယ်။ ဆိုတော့ ညနေပိုင်းအချိန်တွေမျာ မြန်မာရဟန်းတော်များ ထောပတ်သီးဖျော်ရည်၊ သင်္ဘောသီးဖျော်ရည်လိုဟာမျိုးတွေကို သောက်ကြပြန်ပါတယ်။ မြန်မာနိုင်ငံက ထင်ရှားတဲ့ဆရာတော်ကြီးတစ်ပါးကတော့ ညနေပိုင်း ဘိလပ်ရည် (ဟိုးတုန်းကပေါ်ခဲ့တဲ့ စိမ်းစိမ်းအရည်) ကိုတောင် ရဟန်းတော်များ ညနေပိုင်းသောက်သင့် မသောက်သင့် စဉ်းစားသင့်တယ်လို့ မိန့်ဘူးတယ်ဆိုတာကို တဆင့်စကားကြားဘူးပါတယ်။ ဘာအစားအစာကို ဘယ်အချိန်မှာပဲစားစား ဘာကြောင့်စားတယ်ဆိုတာကို သတိမူရပါမယ်။ ရဟန်းတော်များအနေနဲ့ အစားအစာ စားတဲ့နေရာမှာ ဘုရားရှင်က ဒီလို ဆင်ခြင်ပြီး စားရမယ်လို့ မိန့်မှာခဲ့ပါတယ်။ “ဤသည့်စားဖွယ်၊ အမယ်မယ်ကို၊ မြူးရယ်မာန်ကြွ၊ လှပရေဆင်း၊ ပြည့်ဖြိုးခြင်းငှာ၊ မသုံးပါဘူး၊ လေးဖြာဓာတ်ဆောင်၊ ဤကိုယ်ကောင်သည်၊ ရှည်အောင်တည်လျက်၊ အသက်မျှတန်း၊ မမောပန်းငြား၊ ဘုရားသာသနာ၊ ကျင့်နှစ်ဖြာကို၊ ကျင့်ပါနိုင်စေ၊ စေဒနာဟောင်း-သစ်၊ မဖြစ်စေရ၊ ယာပိုက်မျှလစ် ခပ်သိမ်းပြစ်ကို မဖြစ်လေအောင်၊ချမ်းမြေ့အောင်ဟု သုံးဆောင်မှီဝဲပါသတည်း။”

ကိုးကား: လဋုကိကောပမသုတ်၊ မဇ္ဈိမနိကာယ် ကီဋာဂိရိသုတ်၊ မဇ္ဈိမနိကာယ် ၀ိနယပိဋက၊ ပါစိတ်ပါဠိတော်

The Express Times

တစ်ညတည်းခ ဗြိတိန်ပေါင် ၁၃၀၀၀ ရှိတဲ့ တရုတ်ပြည်က ဟိုတယ်






Disney ကာတွန်းထဲက ရဲတိုက်ကြီး တစ်ခုလို ဖြစ်အောင် ဖန်တီးထားတဲ့ ဟိုတယ် တစ်ခုဟာ တရုတ်ပြည် အနောက်မြောက်ပိုင်း Dalian မြို့မှာ တည်ဆောက် ထားတဲ့ ဟိုတယ် ဖြစ်ပါတယ်။ မြို့ရဲ့ အမြင့်ဆုံး တောင်ကုန်းပေါ်မှာ ခန်းခန်းနားနား တည်ဆောက်ထားခြင်း ဖြစ်ပါတယ်။
Wanxia တောင်ကုန်းပေါ်မှာ တည်ဆောက်ထားပြီး ဟိုတယ် တည်းသူများ အနေနဲ့ Xinghai Bay နဲ့ မြစ်ဝါကို လှမ်းမြင်နိုင်မှာ ဖြစ်ပါတယ်။ အခန်းပေါင်း ၂၉၂ ခန်း နဲ့ အဆင့်မြင့် အခန်း (Presidential Suite) ပေါင်း ၂၉ ခန်း ပါဝင်ပါတယ်။ သာမန် အခန်း တစ်ခန်းမှာ တည်းခို စရိတ်က တစ်ညကို ဗြိတိန်ပေါင် ၉၅ ပေါင် တန်ကြေး ရှိပါတယ်။ ဒီတော့ သိပ်ဈေးမကြီး ပါဘူး။ ဒါပေမယ့် Presidential Suite ကတော့ တစ်ည တည်းခိုခ အတွက် ဗြိတိန်ပေါင်း ၁၃၀၀၀ ကုန်ကျမှာ ဖြစ်ပါတယ်။ ဟိုတယ် အထဲမှာ ရေကူးက်န များလည်း ထည့်သွင်းထားပါ သေးတယ်။
ဟိုတယ် ရဲ့ ခန့်ညား ထည်ဝါမှုကြောင့် ဖွင့်လှစ်ပြီး ရက်ပိုင်းမှာတင် နာမည်ကြီးလာ ခြင်း ဖြစ်ပါတယ်။ နိုင်ငံခြားသား ဧည့်သည် များ အများအပြား သွားရောက် တည်းခိုနေကြောင်း သိရပါတယ်။ 





အောင်ခမ်း(ရိုးရာလေး)

Coffee and Your Health ကော်ဖီ နဲ့ ကျန်းမာရေး


“ကော်ဖီ” ဟာ အလွန်မတန် တွင်တွင်ကျယ်ကျယ် သောက်သုံးကြတဲ့ “သောက်စရာ” တခုပါ။ နိုင်ငံပေါင်း ၈၀ မှာ စိုက်ကြတယ်။ ၂၀၀၉ တုံးက မက်ထရစ်တန် ၈ သန်း ထုတ်လုပ်ခဲ့လို့ ရေနံပြီးရင် ကမ္ဘာ့ ကုန်သွယ်ရေးမှာ ဒုတိယ လိုက်တယ်။ Beverage သောက်သုံးစရာထဲမှာ ပေါ်ပြူလာ အဖြစ်ဆုံးပါ။

စက္ကန့်တိုင်းမှာ အမေရိကန်တွေ သောက်နေတဲ့ ကော်ဖီ ခွက်ပေါင်း သန်း ၄၀၀ ရှိတယ်။ (ကော်ဖီ-ချိန်း) ဆိုတဲ့ တကမ္ဘာလုံး ချိတ်ဆက်ထားတဲ့ ကော်ဖီ-သံကြိုးဆက် အကြီးဆုံးက ၂၀၀၇ မှာထောင်ခဲ့တဲ့ Starbucks ဖြစ်တယ်။ သူတို့ ယဉ်ကျေးမှုအရ “ခေတ်မီသူတိုင်း (စတားဘတ်ခ်) သောက်ကြသည်”။ ဒီ မဟာလုပ်ငန်းကြီးကို စထောင်ခဲ့တာက ကျောင်းဆရာ ၂ ယောက် နဲ့ စာရေးဆရာ ၁ ယောက် ဖြစ်တယ်။ စာဖတ်သူများ အထင်တော် မမှားကြပါနဲ့။ ကိုးကားစရာ ကိန်းဂဏန်းဆိုတာ သူများ တိုင်းပြည်မှာသာ ရတာမို့ပါ။ ကိုယ့်ဆီမှာ ဆန်ပြုတ်သောက်သူ စာရင်းတောင် ကောက်မဖြစ်ဘူး။ ကျောင်းဆရာတွေ နဲ့ စာရေးဆရာတွေကိုလဲ ချီးမြှောက်ချင်လို့ပါ။

နာမည်ကြီး စာရေးဆရာ (အိုလီဗာ-ဟုမ်းစ်) ရဲ့ Over the Teacups ထဲမှာ “အိပ်ယာထ သောက်ရတဲ့ ကော်ဖီတခွက်က ရတဲ့ လန်းဆန်း-တက်ကြွမှုနဲ့ ခွန်အားမျိုးကို ညနေခင်း လဖက်ရည်ကနေ ပြန်ထပ်လုပ်မပေးနိုင်ဘူး” တဲ့။ အဲဒါဟာ Exhilaration factor ခေါ်ပါတယ်။ ဖြစ်စေတာက Caffeine ခေါ်တဲ့ 1,3,7-trimethylxanthine ပါ။ Psychotropic alkaloid ဖြစ်ပါတယ်။ လဖက်ရည်ထဲမှာလဲ (ကေဖင်း) ပါတယ်။ (ကိုးကိုး) ထဲမှာလဲ ပါတယ်။ တခြား Soft and energy drinks တွေမှာလဲ ပါတယ်။

ထိပ်ဆုံး ရောက်နေတဲ့ ကော်ဖီရဲ့ မူလအစ သမိုင်းလှန်ရရင် အောက်ဆုံးက (အီသီယိုးပီးယား) ဖြစ်နေတာ တွေ့ရတယ်။ အထောက်အထား ခိုင်ခိုင်မာမာ ပြောနိုင်တာကလဲ ပင်လယ်ဓါးပြနဲ့ နာမယ်ရနေတဲ့ (ယီမင်) နိုင်ငံ ဖြစ်နေပြန်တယ်။ ရေးတာက ဆေးပညာစာဆို့။ လာပါမယ်။ ကော်ဖီ သောက်ပါလို့ Prescription ဆေးညွှန်း စပေးခဲ့တာ ၁၅၈၃ တုံးက ဂျာမန် ဆရာဝန် Leonhard Rauwolf ဖြစ်ပါတယ်။

သောက်တဲ့ သူတွေက ကော်ဖီ ကြည့်ပြီး အကောင်း အညံ့၊ ဆရာဝန်တွေက Caffeine (ကေဖင်း) ကြည့်ပြီး၊ ကျန်းမာရေး သင့်-မသင့် ပြောပါတယ်။ စနစ်တကျ ဖေါ်စပ် ပြုပြင်ထားတဲ့ ကော်ဖီက ကောင်းတယ် ဆိုပေမဲ့ တခါတလေ Devil’s brew အဆိပ်ရည်သဘော ဖြစ်ပါတယ်။

“ဘယ်လောက်ဆိုရင် များတယ် ပြောမလဲ။” American Dietetic Association က တနေ့မှာ (ကေဖင်း) 200-300 mg ထက် မပိုစေနဲ့တဲ့။ ချိန်ခွင် မလိုတာ ပြောရရင် အပြင်း-အပျော့ မတူလို့ တနေ့မှာ ကော်ဖီ ၂ ခွက်ကနေ ၅ ခွက်၊ တနည်း ဆိုရင် အနာ-အကိုက်ပျောက်ဆေး Painkillers ၁၀ ပြား။ လူတယောက်နဲ့ တယောက် မတူတာတွေမှာ “ကော်ဖီကို ဘယ်လောက် အထိမခံဖြစ်သလဲ” ပါသေးတာ။

Caffeine က Stimulant စိတ်လန်းဆန်းစေတာ လူတိုင်း လက်ခံပါမယ်။ အိပ်ယာထနဲ့ စာကျက်နေတုံး သောက်သုံး ကြတယ်။ (ကေဖင်း) သာမက Cortisone နဲ့ Adrenaline ဆိုတဲ့ Stimulating hormones ပါသေးတာ သိလာရတယ်။ အသက်ကြီးသူတွေ သောက်ရင် ပိုကောင်းတယ်။ အိုလို့ ဖြစ်ရတဲ့ Dementia, Parkinson's disease, Depression ဇရာ-ရောဂါတွေကို နှေးစေသတဲ့။ Blepharospasm ဆိုတဲ့ မျက်စိ ပုတ်ခတ် ပုတ်ခတ် လုပ်နေတာအတွက် ကောင်းတယ်။ Laxative effect ၀မ်းပြော့တယ်။ Mild diuretic ဆီးသွား နဲနဲများစေတယ်။ Skin cancer, breast cancer ကင်ဆာတွေ ဖြစ်တာ နဲစေတယ်။ Gout ဂေါက် လက္ခဏာ သက်သာစေတယ်။ Tap water ထဲမှာပါတဲ့ Lead or Copper ဆိုတဲ့ Heavy metals ဓါတ်အလေးစားတွေကို ၇၈-၉၀% ပျော်ဝင်နိုင်စေတယ်။ လူငယ်တွေလဲ ပါပါတယ်။ Post-gym muscle pain အားကစား လုပ်ပြီး ကြွက်သားနာတာ သက်သာစေတယ်။ ကြွက်အမလေးတွေကို (ကေဖင်း) ပေးတော့ ကြွက်ထီးဆီ လာတာ ပိုများလို့ Mood for sex ကောင်းစေ ပါသတဲ့။

ဘယ်အရာမဆို ဒေါင့်စုံကနေကြည့် အပေါင်းရော၊ အနုတ်ရော၊ ဟုတ်-မဟုတ်ပါ ပြောနိုင်ကြတာ လွတ်လပ်မှုရဲ့ သရုပ်ပါ။ အမြင်-အတွေး၊ အသိ-ပညာ မတူကြဘူးပါ။ ယူတော့လဲ ကြိုက်တာ ယူကြတာဘဲ။ “တမျိုးထဲပေးလို့ ပေးတာသာ ယူချင်တဲ့ အကျင့်ဆိုတာ ကလေးတွေပါ”။ “မကြိုက်ရင်မယူဘဲ၊ ကြိုက်တာ ရအောင်လုပ်တဲ့သူ လူတော် ဖြစ်တယ်။” ၂၀၁၀ မှာလဲ မှန်ပါတယ်။

ကော်ဖီ အသောက် များရင်တော့ အအိပ် ပျက်စေတယ်။ Coffee jitters ခေါ်တာပေါ့။ အရိုးကို ပါးစေတယ်။ ကော်ဖီကို မစစ်ဘဲ သောက်ရင် LDL (ကိုလက်စထော) များစေတယ်။ အစာအိမ်-အူလမ်းကြောင်း အတွင်းဖုံးလွှာကို ထိခိုက်စေတယ်။ သွားတွေ ညိုမယ်။ BP သွေးဖိအား တက်စေတယ်။ ကော်ဖီ နဲ့ Paracetamol ရော သောက်တာ မကောင်းပါ၊ အသဲကို ထိခိုက်နိုင်တယ်။ ၂၀၀၃ တုံးက ဒိန်းမတ်မှာ ကော်ဖီစွဲနေသူ ကိုယ်ဝန်ဆောင် ၁၈၄၇၈ ယောက်ကို စမ်းသပ်တုံးက ကလေး အသေမွေးနှုန်း များတာ တွေ့ရတယ်။ သံဓါတ်နည်း သွေးအားနည်းရောဂါ၊ နှလုံး-သွေးကြောရောဂါ ဖြစ်တာလဲ များတယ်။

တန်ဆေး-လွန်ဘေး၊ များရင် ဥပါဒ်ပေးတယ်။ များတာနဲ့အမျှ အိပ်မရ၊ မျက်နှာက နီလာ၊ ဂနာမငြိမ်-စိတ်လှုတ်ရှား၊ ဆီးသွား၊ အသားတွေတုံ၊ တွေးပုံ-ပြောပုံ မတည်တော့ပါ။ စိတ်ကတို အလိုမကျ၊ ဒေါသထန်၊ နှလုံးခုံ မမှန် ဖြစ်ပြန်အုံးမယ်။

Coffee can kill you! ကော်ဖီက သေစေနိုင်တယ်။ တခြားဆေးတွေလိုပါဘဲ။ များရင် အဆိပ်ဖြစ်တယ်။ လူတွေကို ကော်ဖီ ဘယ်လောက် ပေးရင် သေစေသလဲ စမ်းသပ်ထားတာ မရှိပါ။ (ဟစ်တလာ) ရဲ့ ဆရာဝန်တွေက စမ်းဘို့ မေ့ခဲ့ကြပုံရတယ်။ ကြွက်တွေကိုတော့ Caffeine 192 mg/kg ပေးရင် 50 % သေစေတယ်။ ဒီနှုန်းနဲ့တွက်ရင် လူတွေကို 150 to 200 mg/kg ဒါမှမဟုတ် ကော်ဖီ ၈၀-၁၀၀ ခွက်တိုက်ရင် မြန်မြန်သေနိုင်မယ်။ ဒါပေမဲ့ အစာအိမ်က ၁ လီတာဘဲ ဆန့်ပါတယ်။

ဆရာဝန်က ကိုယ်ချင်း မစာဘူး။ ကော်ဖီအသေအလဲ ကြိုက်တဲ့သူကို အလျှော့ခိုင်းနေတယ်။ Decaffeinated coffee လို့ ခေါ်တဲ့ Decaf ကို ပြောင်းသောက်ပေါ့။ Caffeine-free coffee နဲ့တော့ မတူဘူးနော်။ နာမည်ကြီး ကော်ဖီတွေမှာ (ကေဖင်း) ပါတာ ယှဉ်ကြည့်ရအောင်။

• Percolated coffee (7 oz) = 140 mg
• Drip (7 oz) = 115-175 mg
• Espresso (1.5 to 2 oz) = 100 mg
• Brewed (7 oz) = 80-135 mg
• Instant (7 oz) = 65-100 mg
• Decaf coffee, brewed (6 oz) = 5 mg
• Decaf coffee, instant (6 oz) = 3 mg

လွတ်လပ်ရေး ရပြီးနောက်ပိုင်း (ကဖေး) ဆိုတဲ့ နာမယ်နဲ့ ဆိုင်တွေ ဖွင့်ခဲ့ဘူးတယ်။ အိန္ဒိယကလာတဲ့ စကားလို့ အထင်မှား နိုင်တယ်။ Coffeehouses or Cafés တွေပေါ်ခဲ့တာ နှစ် ၅၀၀ ကျော်နေပြီ။ Cafés နဲ့ Cafeteria နဲ့ မတူပါ။ လူငယ်တွေ ပိုသိတာက ၁၉၉၁ ကြမှ ဆန်ဖရန်စစ္စကိုမှာ စဖွင့်ခဲ့တဲ့ Internet café or Cybercafé မဟုတ်လား။ အစည်းအဝေး၊ (ကွန်ဖရင့်) တိုင်းမှာ ပြောနေကြတဲ့ Coffee break ကို စသုံးခဲ့တာ ၁၉၅၂ ကပါ။ စာဖတ်သူများ “ကော်ဖီ-ဘရိတ်” ပါ။

Dr. တင့်ဆွေ
Related Posts Plugin for WordPress, Blogger...